လက်နက်ကြီးကျည်ထိမှန်သဖြင့် ကျိုက်ထိုဒေသခံ လူငယ်တစ်ဦးသေဆုံး၊ ရှစ်ဦးဒဏ်ရာရ

0
2827

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ကျေးရွာနှစ်ရွာတွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် လူငယ်တစ်ဦး သေဆုံးပြီး ကလေးငယ်တစ်ဦးအပါအဝင် ရှစ်ဦးဒဏ်ရာရကြောင်း ဒေသခံများနှင့် KNU တို့ထံမှ သိရသည်။

ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်ရင်းများက လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ယင်းသို့ ထိခိုက်ခြင်းဖြစ်ကြောင်း KNU သထုံခရိုင်က ယနေ့ (ဇန်နဝါရီ ၁၀) ထုတ်ပြန်ထားသည်။

သိမ်ဇရပ်အခြေစိုက် ခမရ (၂၀၇) တပ်ရင်းနှင့် အမှတ် (၃၁၀) အမြှောက်တပ်ရင်းတို့က ဇန်နဝါရီလ ၇ ရက် ညက လက်နက်ကြီးဖြင့် ရှစ်ကြိမ်ခန့် ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

လက်နက်ကြီးကျည်သည် သုံးခွကျေးရွာ သရက်ခြံအနီးတွင် ကျရောက်ပေါက်ကွဲခဲ့ကာ အသက် ၂၆ နှစ်အရွယ် ကိုဇော်မိုးလွင် ကျည်စထိမှန်သေဆုံးသွားခဲ့ပြီး အသက် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် အမျိုးသမီး သုံးဦးနှင့် အမျိုးသားသုံးဦးတို့ ထိခိုက်ဒဏ်ရာရရှိကြောင်း ထုတ်ပြန်ထားသည်။

ယင်းအပြင် ကျိုက်ထိုအခြေစိုက် တပ်မ (၄၄) ၊ လက်အောက်ခံ ခလရ (၂) တပ်ရင်းတို့က ဇန်နဝါရီလ ၆ ရက် ညက လှည်းလမ်းကူးကျေးရွာဘက်သို့ ၆၀ မမဖြင့် နှစ်ကြိမ်ပစ်ခတ်ခဲ့ကြောင်း KNU သထုံခရိုင်က ထုတ်ပြန်ထားသည်။

လက်နက်ကြီးကျည်သည် လူနေအိမ်အနီး ကျရောက်ပေါက်ကွဲပြီး အသက် ၆၃ နှစ်အရွယ် ဦးကျော်မြင့်နှင့် အသက် ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦးတို့ ကျည်စထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။

 “ရွာတွေထဲကို ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်နေတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

လက်နက်ကြီးကျည် ထိမှန်ဒဏ်ရာရရှိသူများမှာ နီးစပ်ရာဆေးရုံများတွင် ဆေးကုသမှုခံယူနေရသည်ဟုလည်း ဒေသခံတို့ထံမှ သိရသည်။

လက်နက်ကြီးဖြင့် မကြာခဏ ပစ်ခတ်လေ့ရှိသဖြင့် ကျိုက်ထိုမြို့နယ်အတွင်းရှိ ဇီးပြောင်း၊ ဝင်းကံ၊ ပျဉ်းကတိုးကုန်း၊ ကျောက်ဖျာနှင့် ဝင်းကလောဒေသက ပြည်သူ ၃၀၀၀ ခန့်တို့လည်း ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း ဒေသခံတို့ထံမှ သိရသည်။