ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ် (၁) ဇန်နဝါရီ ၁၂ ရက်တွင် ထိုင်းဘက်က ဖွင့်မည်

0
3046
ဓာတ်ပုံ - မဲဆောက်မြို့မှ မြင်တွေ့ရသည့် မြဝတီ-မဲဆောက် တံတား

ကိုဗစ်ကပ်ရောဂါကြောင့် သုံးနှစ်နီးပါးပိတ်ထားခဲ့သော ထိုင်း-မြန်မာနယ်စပ် မြဝတီ-မဲဆောက် အမှတ် (၁) ချစ်ကြည်ရေးတံတားကို ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း မဲဆောက်ဒေသ အုပ်ချုပ်ရေး တာဝန်ရှိသူများက ထုတ်ပြန်သည်။

နယ်စပ်ဂိတ်ဖွင့်ပွဲကို တက်ရောက်ရန်အတွက် မဲဆောက်အုပ်ချုပ်ရေးမှူးက သက်ဆိုင်ရာရုံးအဖွဲ့အစည်းများထံသို့ ဖိတ်ကြားစာများ ပေးပို့ထားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ကိုဗစ်ကြောင့် မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတား နယ်စပ်ဂိတ်ကို ၂၀၂၀ ခုနှစ် မတ်လ ၂၃ ရက်နေ့ ကတည်းက ပိတ်ထားခဲ့ပြီးနောက် ၃ နှစ်နီးပါးအကြာတွင် ပြန်လည်ဖွင့်လှစ်မည့်ရက်ကို ထပ်မံထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံဘက်က နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်ခဲ့သော ၂၀၂၂ ခုနှစ် မေလအစောပိုင်းတွင်လည်း မြဝတီ-မဲဆောက် နယ်စပ်ဂိတ်ကိုလည်း ပြန်လည်ဖွင့်လှစ်ရန် ထိုင်းဘက်က ကြေညာခဲ့သော်လည်း မြန်မာဘက်က ပြန်လည် ဖွင့်လှစ်ပေးခဲ့ခြင်း မရှိခဲ့ပေ။

လုံခြုံရေးအခြေအနေအရ ညှိနှိုင်းမှုအဆင်မပြေဟု မြန်မာစစ်ကောင်စီဘက်က တုံ့ပြန်ခဲ့သည်။

ယခုအကြိမ်တွင်လည်း ဖွင့်လှစ်မည့်ရက်ကို ထိုင်းဘက်က တရားဝင်ထုတ်ပြန်ထားပြီးဖြစ်သော်လည်း မြန်မာဘက်က အတည်ပြုထုတ်ပြန်ထားခြင်း မရှိသေးပေ။

“ကျွန်တော်တို့ ဖွင့်ဖို့အတွက် ဆောင်ရွက်နေပါတယ်။ အခုဖွင့်မယ့်ရက်က ထိုင်းဘက်က ထုတ်ပြန်တယ်ဆိုတာတော့ ဟုတ်ပါတယ်။ မြန်မာဘက်က ဖွင့်မယ်ဆိုရင်တော့ တရားဝင်ထုတ်ပြန်ပါလိမ့်မယ်” ဟု မဲဆောက်မြို့ရှိ မြန်မာအလုပ်သမား သံအရာရှိက ပြောသည်။  

ယခုအကြိမ် ပြန်လည်ဖွင့်လှစ်ရန်အတွက် ဇန်နဝါရီလ ၆ ရက်နေ့တွင် တာခ့်ခရိုင် အုပ်ချုပ်ရေးမှူးများနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ ဗီဒီယိုအစည်းအဝေးမှတစ်ဆင့် ဆွေးနွေးခဲ့ကြကြောင်း ထိုင်းသတင်းဌာနတွင် ဖော်ပြထားသည်။

ယင်းနောက် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ဖွင့်လှစ်ရန် အချိန်သတ်မှတ်လိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

ကရင်ပြည်နယ် မြဝတီမြို့၏ တာဝန်ရှိသူများနှင့် တာခ့်ခရိုင်အုပ်ချုပ်ရေးမှူးများက အမှတ် (၁) ချစ်ကြည်ရေးတံတားကို ပြန်လည်ဖွင့်လှစ်ရန် ဒီဇင်ဘာလအတွင်း အကြိမ်ကြိမ်ဆွေးနွေးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

တံတားဖွင့်လှစ်နိုင်ရန်အတွက် ထိုင်းနိုင်ငံဘက်က ဒီဇင်ဘာလ ၁၄ ရက်နေ့နှင့် ၂၂ ရက်နေ့များတွင် သန့်ရှင်းရေး ပြုလုပ်ခဲ့ကြပြီး မြန်မာဘက်က ယခုနှစ်အစောပိုင်းရက်များအတွင်း လျှပ်စစ်မီး တပ်ဆင်ခြင်း၊ သန့်ရှင်းရေး ပြုလုပ် လာခြင်းများကို တွေ့ရှိခဲ့ရသည်။

အမှတ် (၁) ချစ်ကြည်ရေးတံတားကို ဖွင့်လှစ်နိုင်ခြင်းမရှိသေးသော်လည်း အမှတ် (၂) တံတားကို မြန်မာရွှေ့ပြောင်း အလုပ်သမားမျာသွားလာရန်နှင့် ကုန်တင်ယာဉ်အချို့ အကန့်အသတ်ဖြင့် ဝင်ထွက်သွားလာရန်တို့အတွက် ခွင့် ပြုထားသည်။

တရုတ်-မြန်မာ နယ်စပ်ဂိတ်များတွင်လည်း တရုတ်ဘက်က ဖွင့်လှစ်ထားပြီး မြန်မာဘက်က ဖွင့်လှစ်ထားခြင်း မရှိပေ။

Ref: MGR Online, thansettakij, Nation Thailand