ထားဝယ် ပကဖ ဗျူဟာမှူး၊ ဥဩစစ်ကြောင်းမှူး ဖထီးစိုးဝင်းကျဆုံး

0
3057

ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့ (DGRF) ၏ လက်ဦးဆရာလည်းဖြစ်၊ ဗျူဟာမှူးလည်းဖြစ်ပြီး ဥဩစစ်ကြောင်း၏ စစ်ကြောင်းမှူးလည်းဖြစ်သူ ဖထီးစိုးဝင်း ဘဲ့မတပ်တောင်တိုက်ပွဲတွင် ကျဆုံးသွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အချို့၏ အတည်ပြုချက်နှင့် DGRF ၏ ထုတ်ပြန်ချက်တို့အရ သိရသည်။

ဖထီးစိုးဝင်မှာ အသက် ၆၅နှစ်အရွယ်ဖြစ်သဖြင့် တိုင်းအတွင်း တော်လှန်ရေးသမားများတွင် အသက်အရွယ် အကြီးဆုံးထဲက တစ်ဦးဖြစ်သည်။

ထားဝယ်-ထီးခီးလမ်း သင်္ကန်းတုံးရွာနှင့် ဝကုန်းရွာကြားရှိ ဇန်နဝါရီလ ၇ရက်က ဘဲ့မတပ်တောင်တိုက်ပွဲတွင် ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း Dawei Guerrillla Revolutonary Force (DGRF) က ဇန်နဝါရီလ ၉ ရက် ညပိုင်းက ထုတ်ပြန်သည်။

ဇန်နဝါရီလ ၆ရက်က ထားဝယ်အရှေ့တောဒေသ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့များက လမ်းတလျှောက် ဆီးကြိုတိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အချို့ထံမှ သိရသည်။

ယင်းသို့တိုက်ခိုက်စဉ် ဇန်နဝါရီလ ၇ ရက်က ဘဲ့မတပ်တောင်ခြေတိုက်ပွဲတွင် ဖထီးစိုးဝင်းကျဆုံးခဲ့ခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့များထံမှ သိရသည်။

ဖထီးစိုးဝင်းသည် ၂၀၂၁ ခုနှစ် ဧပြီလ ၇ ရက်နေ့က ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက် သပိတ်စစ်ကြောင်းကို စစ်ကောင်စီတပ်က ဖြိုခွင်းမှုကို လက်နက်ကိုင်ခုခံတော်လှန်မှု စတင်ခဲ့သည့် နေ့တွင်လည်း ဦးဆောင်ပါဝင်ခဲ့သူဖြစ်သည်။

ဖထီးစိုးဝင်းမှာ စစ်အာဏာသိမ်းမှုများကို ခေတ်အဆက်ဆက် ဆန့်ကျင်ခဲ့သူဖြစ်ပြီး လက်နက်ကိုင်တော်လှန်ခဲ့သည့် တော်လှန်ရေးသမားတစ်ဦးလည်း ဖြစ်သည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့ရုံသည်သာမက လက်နက်ကိုင်ခုခံတော်လှန်လိုသူ ထားဝယ် လူငယ်များကို ဦးဆောင်လမ်းညွှန်ပြသပေးခဲ့သူလည်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့အချို့ထံမှ သိရသည်။