သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၆၈)

0
3165
ကိုဂျော်နီနှင့် ကိုဗေဒါတို့ကို တောတွင်းစခန်းတခုမှာတွေ့ရစဉ်။

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၆၇)

အပိုင်း-၇- (ကြွေလွင့်သွားသော ကြယ်ပွင့်များ)

အခန်း-၆၈-

(၁) AK 47 တဖက်၊ ခွပ်ဒေါင်းအလံ တဖက်နဲ့ ကမ္ဘာကျော်သွားသူများ

ဒါပေမယ့် ကံကောင်းထောက်မစွာနဲ့ ကိုဂျော်နီ (ကိုကျော်နီ)ဟာ သေကံမရောက် အသေက်မပျောက်ဆိုသလို အဲဒီနေ့နံနက် အောက်တိုဘာ (၂) ရက်နေ့မှာ ထိုင်းအာဏာပိုင်တွေနဲ့ ညှိနှိုင်းမှုတွေ အားလုံးအဆင်ပြေသွားပါတယ်။ ထိုင်း ဒု နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင် ဓားစာခံတွေနဲ့ အစားထိုး လဲလှယ်ကာ သူတို့နဲ့အတူ တောထဲအထိ လိုက်သွားမယ်လို့ သဘောတူညီချက် ရလိုက်ပါတယ်။

သူပုန်လူထွက်ကာခါနီး သတင်းထောက်ပေါက်စ ကျနော်လည်း “ဒီလူတွေက အသက်နဲ့ရင်းပြီးလုပ်နေချိန်မှာ ငါက ရဲအဖမ်းခံရမှာစိုးလို့ သံရုံးရှေ့ မသွားရဲဘူးဆိုတာ မဟုတ်သေးပါဘူး” ဆိုပြီး ကိုယ်ဖာသာ ရဲဆေးတင်ကာ အဲဒီ ဒုတိယနေ့မှာတော့ သံရုံးရှေ့ကို အရဲစွန့်ရောက်နေပါတယ်။

အဲဒီအချိန်မှာ သံရုံးရှေ့ စုံထွန်း လမ်းမကြီးပေါ် မိုးပျံရထားပြေးနေဆဲဖြစ်ပြီး ကားလမ်းကိုတော့ သံရုံးစီးနင်းမှုဖြစ်တဲ့ မနေ့မွန်းလွဲပိုင်းကတည်းက ပိတ်ထားတာပါ။ ရထားလမ်း အောက်တည့်တည့် လမ်းလယ်ကျွန်းဟာ ကျဉ်ကွယ်နေရာလိုဖြစ်နေတဲ့အတွက် အဲဒီနားကပ်ပြီး နိုင်ငံတကာသတင်းထောက်တွေ၊ ထိုင်းသတင်းထောက်တွေနဲ့ရောပြီး ကျနော် သတင်းယူနေတာပါ။

သံရုံးဝင်းထဲ ရဟတ်ယာဉ်ဆင်းမရလို့ အလံတိုင်ကြီးကို ကိုဂျော်နီတို့ ခုတ်လှဲလိုက်တာ၊ ဆေးရုံဖက်အသွားမှာ ကားဘီး နွံနစ်လို့ မိုးပေါ်သေနတ်ထောင်ဖောက်တာတွေကို အနီးကပ်မြင်နေရပါတယ်။ အဲဒီဆေးရုံဝင်းအတွင်းမှာလည်း ရဟတ်ယာဉ်က ဆင်းလို့ အဆင်မပြေပြန်ဘူး။

နောက်ဆုံး ဆေးရုံဝင်းကနေ သံရုံးရှေ့ကို ပြန်ဖြတ်ပြီး လုံမဏီပန်းခြံဘေးက ရဲသင်တန်းကျောင်းဖက် သူတို့ရဲ့ ဓားစာခံ (ပေါင်မုန့်ကား- လော့တိုးလ်) ကား ၂ စီး အရှိန်နဲ့ မောင်းသွားလို့ သတင်းထောက်တွေလည်း သံရုံးရှေ့ကနေ ပန်းခြံဖက်ပြေးလိုက်ရပါတယ်။

ရဲသင်တန်းဝင်းထဲမှာတော့ ရဟတ်ယာဉ်ဆင်းလို့အဆင်ပြေတဲ့အတွက် အားလုံး OK ပြပြီး ဓားစာခံတွေကို လွှတ်ပေး၊ ခွပ်ဒေါင်းအလံတဖက်၊ AK သေနတ် တဖက်ကိုင်ပြီး လူထုကို လက်ဝှေ့ယမ်းပြနှုတ်ဆက်၊ နိုင်ငံခြားရေး ဒု ဝန်ကြီးနဲ့အတူ ရဟတ်ယာဉ်ပေါ်တက်သွားတဲ့ ကိုဂျော်နီတို့ရဲ့ မြင်ကွင်းဟာ တကယ် စိတ်လှုပ်ရှားစရာပါ။

အဲဒီဖြစ်စဉ်တခုလုံးကို Live ပုံစံနဲ့ အသံဖမ်းစက်ထဲ ပြောထည့်ထားပြီး လိုသလောက် တည်းဖြတ်ပို့လိုက်တဲ့ ကျနော်ရဲ့သတင်းဟာ အဲဒီညက အတော်လူသိများသွားခဲ့တယ်လို့ ဆိုပါတယ်။ အသံလှိုင်း မကြည်လင်တဲ့ DVB ကို လူတွေခဲရာခဲဆစ် နားထောင်မှု တိုးလာစေတယ်လို့လည်း သိရပါတယ်။ အဲဒီ သတင်းဟာ ကျနော့် သတင်းထောက်ဘဝမှာ ပထမဆုံးပို့ဖူးတဲ့ Live သတင်း ဖြစ်ပါတယ်။

ရဟတ်ယာဉ် တက်သွားပြီး နာရီဝက်လောက်အကြာမှာ ပြည်ထဲရေးဝန်ကြီးက သံရုံးဘေးရှိ အဆောက်အဦမှာ သတင်းစာရှင်းပွဲ လုပ်ပါတယ်။ အဲဒီရှင်းပွဲအတွက် သတင်းထောက်တွေ စုနေတဲ့အထဲ မနေ့ညက ကျနော်နဲ့ ချင်းမိုင်မှာတွေ့မယ်လို့ ချိန်းထားတဲ့ ကိုအောင်ဇော်ကိုလည်း တွေ့ရပါတယ်။

သူက အဲဒီအချိန်မှာ ဧရာဝတီအပြင် RFA အတွက် သတင်းပို့နေသူပါ။ နိုင်ငံခြားသတင်းထောက်တွေအကြား အမျိုးမျိုး ထင်မြင်ချက်ပေးနေပြီး ရဟတ်ယာဉ်ဟာ မဲဆောက်ဘက်က KNU ဥက္ကဋ္ဌရှိတဲ့ နယ်စပ်ဆီသွားတာ ဖြစ်မယ်လို့ ပြောနေကြပါတယ်။

“ဘယ်ဟုတ်မလဲ၊ မဲဆောက်က အဝေးကြီး။ သူတို့က God Army စခန်းရှိတဲ့ ရတ်ချပူရီက ကမာပုလောစခန်းဆီ သွားတာပါ” ဆိုပြီး ကျနော် ဝင်ပြောမိပါတယ်။ “မင်းက ဘယ်လိုသိတာလဲ” ဆိုပြီး ကင်မရာတွေက ကျနော့်ဖက် လှည့်လာပါတယ်။ သတင်းထောက်ကနေ သတင်းဖန်တီးသူ ဖြစ်သွားမှာစိုးတာနဲ့ ဟိုလိုလို ဒီလိုလိုပြောပြီး လျှောချလိုက်ရတာကို ကျနော် အမှတ်ရနေပါတယ်။

—————

(၂) ရတ်ချပူရီ ဆေးရုံကို ဝင်စီးပြန်ပြီ

ကမ္ဘာကျော်သွားတဲ့ သံရုံးစီးနင်းမှုဖြစ်ပြီး သိပ်မကြာပါဘူး။ ၂၀၀၀ ခုနှစ် ဇန်နဝါရီလထဲမှာ စွမ်းအားမြင့် စစ်သည်တော်များအဖွဲ့ (VBSW) နဲ့ God Army (ဘုရားသခင်တပ်မတော်) စခန်းရှိရာ ကမာပုလောဒေသဆီ နဝတ-တပ်တွေက အကြီးအကျယ် ထိုးစစ်ဆင်ပါတော့တယ်။

ကျနော်တို့ ABSDF တပ်တွေခံခဲ့ရတဲ့ ထိုးစစ်ထက် အဆမတန်များတဲ့ တပ်အင်အားနဲ့ ထိုးတာဖြစ်ပြီး လက်နက်ကြီး အလွန်အကျွံ သုံးခဲ့ကြောင်း၊ ပြီးတော့ သူတို့ဟာ ကျနော်တို့ တပ်တွေလို ဆုတ်လမ်းမထားပဲ ကမာပုလောစခန်းမှာ ခံစစ်သေသဘောနဲ့ နေရာယူထားတဲ့အတွက် အတော်အထိနာခဲ့တယ်လို့ နောက်ပိုင်းမှာ ပြန်သိခဲ့ရပါတယ်။

ဒဏ်ရာရ လူနာက များပြား၊ ဆေးဝါးက မလုံလောက်၊ ကျွမ်းကျင်ဆေးမှူးကလည်း မရှိတာနဲ့ နောက်ဆုံးကြံရာမရဖြစ်ပြီး ထိုင်းနိုင်ငံထဲ ဆရာဝန်ရှာဖို့ ထွက်လာရာကနေ ရတ်ချပူရီဆေးရုံဆီ ရောက်လာတာဖြစ်တယ်လို့ သူတို့နဲ့ နီးစပ်သူတွေက ပြောပါတယ်။

အဲဒီအချိန်ကတော့ ဒါတွေကို မသိပါဘူး။ “နန်စူစန်ဖားမာ့တွေက ရတ်ချပူရီဆေးရုံကို ဝင်စီးထားပြန်ပြီ” ဆိုပြီး ထိုင်း TV မှာ သတင်းစကြားလိုက်တာပါ။ ဒီသတင်းကြားတော့ ရတ်ချပူရီကိုသွားဖို့ ကျနော်ကြိုးစားပါတယ်။

ဒါပေမယ့် အခြေမနေက အရင်လို မဟုတ်တော့။ သံရုံးစီးနင်းမှု သတင်းအပို့ကောင်းလို့၊ ဂျော်နီနဲ့ အင်တားဗျုးအရကောင်းလို့ စတဲ့အချက်တွေအပေါ် မူတည်ပြီး ထိုင်းထောက်လှမ်းရေးတွေက ကျနော်တို့ကို သိပ်မယုံတော့ပါ။ (အထူးသဖြင့် ကျနော့်ကို မယုံတော့ပါ) ဒါကြောင့် ကီလို (၈) ရဲစခန်းရှေ့မှာ ခပ်တည်တည်ဖွင့်ထားတဲ့ DVB ရုံးကိုအမြန်ပိတ်၊ ရုံးဝန်ထမ်းတွေအားလုံး မြေအောက်လျှိုးပြီး ကိုယ်လျှို့ဝှက်ခန်းတွေကနေ သတင်းပို့နေရတဲ့ အခြေအနေမျိုးပါ။

လျှို့ဝှက်တယ်ဆိုပေမယ့်လည်း နေတဲ့နေရာပဲ လျှို့ဝှက်ပြီး သတင်းယူရတဲ့ နေရာတွေကတော့ အစိုးရဝန်ကြီးဌာနတွေ၊ ဆယ်မီနာခန်းမတွေဆိုတော့ သိပ်မထူးပါဘူး။ မှတ်မှတ်ရရ အဲဒီသတင်းမကြားခင် တရက်ကတောင် ဘန်ကောက် ဟိုတယ်တခုမှာ ကျင်းပတဲ့ အာဆီယံ ခရီးသွားတိုးမြင့်ရေးဆွေးနွေးပွဲမှာ နဝတရဲ့ ခရီးသွားဝန်ကြီးနဲ့တောင် ကျနော် အင်တာဗျူး လိုက်ပါသေးတယ်။

ဒီလိုနဲ့ ရတ်ချပူရီသွားနိုင်ဖို့ ID ခိုင်တဲ့ အဖော်လိုက်ရှာရင်း မနေ့က သတင်းစာရှင်းပွဲမှာ အတူတူတက်ခဲ့သူ BBC မြန်မာဌာနမှူး (အဲဒီအချိန်က RFA မှာ ယာယီ တာဝန်ထမ်းနေသူ) ဒေါ်တင်ထားဆွေနဲ့ အဆက်သွယ် ရလိုက်ပါတယ်။

RFA ဗီယက်နမ်ဌာနက သတင်းထောက်တဦး၊ ထိုင်းကားဆရာ၊ ဒေါ်တင်ထားဆွေနဲ့ ကျနော်တို့ (၄) ဦး ရတ်ချပူရီကို ရောက်တော့ နေ့လည် တနာရီလောက် ရှိနေပါပြီ။ ဆေးရုံးဝင်း ဝင်ပေါက်အားလုံးကို ပိတ်ထားပြီး အားကစားကွင်း ရှိတဲ့ဖက်မှာ သတင်းထောက်တွေ အများကြီးကို တွေ့ရပါတယ်။

ကျနော်လည်း ဘန်ကောက်သံရုံး စီးနင်းစဉ်ကလိုမျိုး အင်တာဗျုးများ ရမလားဆိုပြီး လက်ကိုင်ဖုန်းတလုံးနဲ့ ဟိုဆက် ဒီဆက် လိုက်မေးခဲ့ပေမယ့် အထဲရောက်နေသူတွေနဲ့ ဘာ အဆက်အသွယ်မှ မရလိုက်ပါဘူး။

ညနေ ၇- နာရီ ၄၅- မိနစ် DVB ပထမအကြိမ် အသံလွှင့်ချိန်အတွက် သတင်းပို့တဲ့ အချိန်အထိ အခြေအနေက ဘာမှ သိပ်မထူးခြား။ ဒါပေမယ့် ညနက်လာတာနဲ့အမျှ ထိုင်းအာဏာပိုင်တွေဘက်က လှုပ်ရှားမှုဟာ စေ့စပ်ဆွေးနွေးရေးထက် ဖမ်းဆီးဖြိုခွဲရေးဘက် နည်းနည်းယိမ်းလာသလားလို့ သံသယဝင်စရာ ဖြစ်လာစေခဲ့ပါတယ်။

နောက်တခါ ကျနော်ဘေးမှာရှိနေတဲ့ ထိုင်းသတင်းထောက်တွေ အပါအဝင် ကျနော်စကားပြောခွင့်ရခဲ့တဲ့ ထိုင်းပြည်သူတွေရဲ့ အမြင်ဟာ ဘန်ကောက်သံရုံး စီးနင်းစဉ်ကနဲ့ မတူတော့ပါ။ ဘန်ကောက်သံရုံး စီးနင်းမှုဟာ မြန်မာအချင်းချင်း ပြဿနာလို့ သူတို့က မြင်ကြပြီး ကိုဂျော်နီတို့ အဖွဲ့ရဲ့လုပ်ရပ်ကို “ဒီး ဒီး” လို့ လက်မ ထောင်ပြခဲ့သူတွေပါ။ တချိန်တည်းမှာပဲ ကျနော်တို့လို ကျောင်းသားတပိုင်း သတင်းထောက်တွေကိုလည်း သူတို့က လေးစားနေတာပါ။

ဒါပေမယ့် အခု ရတ်ချပူရီ ဆေးရုံကိစ္စမှာတော့ သူတို့အမြင်က အဲဒီလိုမဟုတ်တော့။ ထိုင်းလူမျိုးတွေကို ဒုက္ခပေးတဲ့ ကျောင်းသားတွေအဖြစ် မြင်လာနေပါတယ်။ ဖြေရှင်းသူတွေကလည်း သံရုံးတုန်းကလို နိုင်ငံရေးပြဿနာကို ကိုင်တွယ်တယ်ဆိုတာထက် အမျိုးသားလုံခြုံရေး ပြဿနာအဖြစ် ရှုမြင်ပုံရပြီး ကိုင်တွယ်ပုံပြောင်းသွားတာလည်း ဖြစ်နိုင်ပါတယ်။

ထိုင်းသတင်းထောက်တွေ ကြားမှာလည်း ဒီလိုပါပဲ။ ဆေးရုံထဲ TV ရိုက်ခွင့်ရတဲ့ ထိုင်းချယ်နယ်က Footage တွေကို အမျိုးသားလုံခြုံရေးအတွက်ဆိုပြီး လုံခြုံရေး တပ်ဖွဲ့က အရင်စစ်ဆေးပြီး၊ ဆေးရုံဝင်းထဲက သေနတ်သမားတွေနဲ့ ဓားစာခံ အခြေအနေတွေကို အသေးစိတ်လေ့လာပြီးမှ မီဒီယာမှာပြဖို့ ပေးလိုက်တာကို မြင်လိုက်ရပါတယ်။ ဆင်ဆာမရှိဘူးဆိုတဲ့ ထိုင်းနိုင်ငံမှာ ဒီဖြစ်စဉ်ကို မြင်လိုက်ရတော့ ကျနော့်စိတ်ထဲ တမျိုးပါပဲ။

ဒီလိုနဲ့ ည (၁၁) နာရီလောက်မှာ ဆေးရုံဝင်းတံခါးရှေ့က သတင်းထောက်တွေကို နောက်နည်းနည်း ဆုတ်ပေးဖို့ပြောပြီး သံဆူးကြိုးတွေနဲ့ ကာလိုက်ပါတယ်။ တခါ ည (၁) နာရီလောက်မှာ နောက်ထပ်တခါ ထပ်ဆုတ်ခိုင်းပြီး သံဆူးကြိုးဝိုင်းကို တဖြည်းဖြည်းနဲ့ ချဲ့လာပါတယ်။ ဆိုလိုတာကတော့ ကင်မရာနဲ့ ဆေးရုံဝင်း တဖြည်းဖြည်းဝေးသွားအောင် ဖန်တီးပြီး ဝင်ရှင်းဖို့ပြင်နေတဲ့ အနေအထားမျိုးပါ။

——————

VBSW အဖွဲ့က ပြန်လွှတ်ပေးလိုက်တဲ့ နိုင်ငံခြားသား ဓားစာခံများကို တွေ့ရစဉ်။

(၃) သူတို့ ကျဆုံးသွားလေပြီ

ထင်ထားတဲ့အတိုင်းပါပဲ။ မနက် ၅ နာရီလောက်မှာ “ဝုန်း” ဆိုတဲ့ ပေါက်ကွဲသံကြီးကြားရပြီး အိပ်ငိုက်နေတဲ့ ကျနော် လန့်သွားပါတယ်။ အသံဖမ်းစက်ကို Pause လုပ်ပြီး အဆင်သင့်ပြင်ထားပေမယ့် အဲဒီအသံကိုဖမ်းဖို့ အချိန်မမီလိုက်ပါဘူး။

ပေါက်ကွဲသံပြီးတာနဲ့ လက်နက်ငယ်သံတွေ အဆက်မပြတ်ကြားရပြီး ကောင်းကင်ပေါ်မှာလည်း ရဟတ်ယဉ်အသံတွေ ဆူလို့။ ကျနော်လည်း တခြားသတင်းထောက်တွေလို လှဲအိပ်ပြီးနေရာယူ၊ အသံဖမ်းစက်ကို အပေါ်ထောင်၊ မျက်စိက ဆေးရုံဘက် ချောင်းကြည့်ပေါ့။ အဲဒီလို နေရာယူနေစဉ် ရဟတ်ယာဉ်ပေါ်က မီးဆလိုက်က ကျနော်ခေါင်းပေါ် တည့်တည့်ထိုးနေသလားလို့ ထင်ရအောင်ကို လင်းထိန်လွန်းလှပါတယ်။

ထွက်ပြေးသွားတဲ့ သေနတ်သမားတဦးကို ရဟတ်ယာဉ်က လိုက်ရှာနေတယ်ဆိုပြီး သတင်းထောက်တွေအကြား ပြောသံကြားတော့ ပိုလန့်သွားပါတယ်။ ပြီးတော့ Live လွှင့်နေတဲ့ TV တွေအားလုံးကို လုံခြုံရေးအဖွဲ့က တားဆီးပြီး လုံခြုံရေးအဖွဲ့ လှုပ်ရှားနေတဲ့ ပုံကိုရိုက်နေတဲ့ ထိုင်းကင်မရာသမား ၂ ဦးကိုလည်း အဲဒီတပ်ဖွဲ့က တားဆီး၊ ဟိန်းဟောက်၊ သေနတ်ပြ ခြိမ်းခြောက်နေတာကို ကျနော်တွေ့လိုက်ရပါတယ်။

ထိုင်းသတင်းထောက်တွေတောင် ဒီလို အဟောက်ခံနေရရင် ငါ့လို ဘာ ID မှမရှိတဲ့ မြန်မာဆိုရင်တော့ သေနတ်သမားနဲ့ ကြံရပါလားဆိုပြီး နှိပ်ထည့်လိုက်ရင် ဒုက္ခဆိုတဲ့အတွေးနဲ့ ကြောက်စိတ်ကဝင်၊ တဖက်ကလည်း အသံတွေကို ရအောင်ဖမ်း၊ မြင်ကွင်းတွေကို မှတ်မိအောင်ကြည့်နဲ့ အတော်စိတ်ပင်ပန်းခဲ့ရပါတယ်။

အံ့သြဖို့ ကောင်းတာကတော့ ဒေါ်တင်ထားဆွေပါပဲ။ သူပုန်လူထွက်ခါစ ကျနော်က အဲဒီလို ကြောက်ဖို့ စိတ်ကူးနေစဉ်မှာ သူက ဘာမှမကြောက်ပဲ မုန်ဘိုင်းတယ်လီဖုန်းနဲ့ FRA မနက်ပိုင်း အစီစဉ်အတွက် Live သတင်း ပို့နေပါတယ်။ DVB ကတော့ အဲဒီအချိန် အော်စလိုကလူတွေ အိပ်ကောင်းတုန်း။ မနက်ပိုင်း အစီစဉ်လည်း မရှိသေးတဲ့အတွက် အသံတွေ ဖမ်းထားရုံကလွဲပြီး ဘာမှ မလုပ်နိုင်ခဲ့ပါဘူး။

တနာရီလောက် ရှုပ်ယှက်ခပ်ပြီးနောက်မှာတော့ အားလုံး -အိုကေ- သွားပြီ၊ ဓားစာခံတွေကို ကယ်တင်လိုက်နိုင်ပြီလို့ လုံခြုံရေးအဖွဲ့က ပြောပါတယ်။

ဒါပေမယ့် သေနတ်သမားတွေကို ဘယ်လို အရေးယူသလဲဆိုတာကိုတော့ အတိအကျ ပြောမသွားပါ။ သေနတ်နဲ့ခုခံလို့ ပစ်သတ်လိုက်ရသလိုလို၊ လွတ်သွားတဲ့တဦးကို လိုက်ဖမ်းနေဆဲဖြစ်သလိုလိုနဲ့ သိပ်မရှင်းလှ။ ဆေးရုံဝင်းထဲကိုလည်း သတင်းထောက်တွေကို ဝင်ကြည့်ခွင့် မပေးသေးပါ။

ဒါပေမယ့် အခြေနေအရပ်ရပ်ဟာ အားလုံးပြီးဆုံးသွားပြီလို့ ခန့်မှန်းလို့ ရနိုင်ပါတယ်။ ဒီလိုနဲ့ တညလုံး အိပ်ရေးပျက်ထားတဲ့ ကျနော်တို့အဖွဲ့ဟာလည်း ဆေးရုံးဝင်းထဲ ဝင်ကြည့်ခွင့်ရမယ့် နေ့လည်ပိုင်းအထိ မစောင့်တော့ပဲ ဘန်ကောက်ကို ပြန်တက်လာခဲ့ပါတယ်။

ညနေပိုင်း သတင်းမပို့ခင်လေးမှာ ဝင်လာတဲ့သတင်းတွေအရ VBSW နဲ့ God Army က ရဲဘော် (၁၀) ဦးစလုံးကို လုံခြုံရေးအဖွဲ့က အသေပစ်သတ်လိုက်ပြီး အဖြူရောင်ပိတ်စတွေနဲ့ စည်းထားတဲ့ အလောင်း (၁၀) လောင်းကို ပြသထားတာ TV မှာ တွေ့လိုက်ရပါတယ်။

————

(၄) God Army လက်နက်ချခြင်း

နောက်ပိုင်းသိရတဲ့ အချက်တွေအရ သံရုံးစီးနင်းမှုကို ဦးဆောင်ခဲ့တဲ့ ကိုဂျော်နီဟာ ကမာပုလော တိုက်ပွဲအတွင်း ဒဏ်ရာအနည်းငယ် ရထားတဲ့အတွက် ဒီဆေးရုံစီးနင်းမှုမှာ ပါမလာဘူးလို့ သိရပါတယ်။ VBSW အဖွဲ့က ကိုဗေဒါက ဦးဆောင်ပြီး God Army တပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီ နောက်ပိုင်းမှာတော့ God Army ဌာနချုပ်ဖြစ်တဲ့ ကမာပုလောစခန်းဟာ နဝတရဲ့ ထိုးစစ်တင်မကပဲ ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေရဲ့ ဖိအားပေးမှုကိုပါ ခံရပြီး တလလောက်အကြာမှာ ကမာပုလောစခန်း ကျသွားပါတယ်။

နောက်ထပ် (၈) လ ဝန်းကျင်လောက် ကြာတဲ့အခါမှာတော့ God Army တပ်မှူး ၂ ဦးဖြစ်တဲ့ ဂျော်နီနဲ့ လူသာထူး အပါအဝင် တပ်ဖွဲ့ဝင် တဒါဇင်ခန့် ထိုင်းစစ်တပ်ဆီမှာ လက်နက်ချတယ်ဆိုပြီး သတင်းဝင်လာပါတယ်။

၂၀၀၁ ခုနှစ် ဇန်နဝါရီလအတွင်း ဆုန်ဖွန်း (Suan Phung) မြို့ (မြန်မာအခေါ် ဘန်းပုံမြို့) နယ်ခြားစောင့်တပ်ရင်း စခန်းထဲမှာ ကျင်းပခဲ့တဲ့ အဲဒီသတင်းစာရှင်းပွဲကျမှ နာမည်ကြီးလှတဲ့ God Army တပ်မှူး ၂ ဦးကို ကျနော်ကိုယ်တိုင် မြင်ခွင့်ရခဲ့ပါတယ်။

ဒီတကြိမ်မှာလည်း ID ခိုင်တဲ့ လူတွေကိုအဖေါ်ရှာရင်းနဲ့ BBC က ကိုကိုအောင်နဲ့ အတူ သွားဖြစ်ခဲ့ပါတယ်။ ကံမကောင်းချင်တော့ BBC ရုံးကားမရလို့ လမ်းမှာတွေ့တဲ့ Taxi Meter တစီးကိုငှားပြီး ဘန်ကောက်ကနေ ဆုန်ဖွန်းမြို့ နယ်ခြားစောင့် တပ်စခန်းဝင် ချိန်မှာ ဖမ်းဆီး စစ်ဆေးခံလိုက်ရပါတယ်။

ဘာကြောင့်လည်းဆိုရင် သတင်းထောက်အားလုံးက သက်ဆိုင်ရာ သတင်းဌာနက ကားတွေ၊ ကိုယ်ပိုင်ကားတွေနဲ့လာကြတာဖြစ်ပြီး ကျနော်တို့ မြန်မာ ၂-ဦးပဲ တက္ကစီနဲ့လာတာဖြစ်နေလို့ သံသယဝင်ပြီး စစ်တာတဲ့။

သတင်းထောက် ID နဲ့ နိုင်ငံကူူးလက်မှတ်တွေကိုစစ်တဲ့အခါ BBC က ကိုကိုအောင်က အကုန်ထုတ်ပြနိင်ပေမယ့် ကျနော်က ဘာမှမပြနိုင်။ နော်ဝေကနေ ပထမ အခေါက် ပြန်လာကာစဆိုတော့ နိုင်ငံကူးလက်မှတ်အတုမှာ ဗီဇာ-လက်ကျန်ရှိသေးပေမယ့် အဲဒါကြီးကို မထုတ်ပြရဲ။ ထုတ်ပြလိုက်မှ နိုင်ငံကူူးလက်မှတ်အတုမှုနဲ့ မိသွားရင် အမှုက ပိုကြီသွားနိုင်ပါတယ်။

ဟိုမှာကလည်း သတင်းစာရှင်းပွဲက စတော့မယ်။ ဝန်ကြီးချုပ် ချွမ်လိပိုင်နဲ့ ကာကွယ်ရေးဦးစီးချုပ် ဆုရာယုတို့တောင် ရဟတ်ယဉ်တွေနဲ့ ရောက်လာနေပြီဖြစ်ပါတယ်။ ဒီတော့ “BBC က ပုဂ္ဂိုလ် သွားနိုင်ပြီ။ မင်းတော့ နေခဲ့ပါ” ဆိုပြီး စစ်ဆေးရေးအရာရှိက ပြောပါတယ်။

ဒီလို နယ်ခြားစောင့်ရဲနဲ့ အကြိတ်အနယ်ငြင်းခုန်နေတုန်း The Nation သတင်းစာက ဒွန် ပါသန်နဲ့ အဖွဲ့ ကားတစီးနဲ့ ရောက်လာတာကို ကျနော် လှမ်းမြင်လိုက်ပါတယ်။ သူ့ကို လှမ်းခေါ်အကူအညီတောင်းတော့ “အတိုက်ခံတွေအတွက် သတင်းလုပ်နေသူကို ဖမ်းစရာလား။ ငါက တာဆင်အတွက် (အဲဒီအချိန်က တာဆင်ဟာ အတိုက်ခံပါတီခေါင်းဆောင်)  သတင်းလုပ်ရင် မင်း ငါ့ကို ဖမ်းမှာလား” ဆိုပြီး ဒွန်ပါသန်က ထိုင်းစစ်ဗိုလ်ကို ပြောလိုက်ပါတယ်။

နောက်ဆုံးတော့ ဒွန်ပါသန်ကောင်းမှနဲ့ ကျနော့်ကို လွတ်ပေးလိုက်ပါတယ်။ ဒါပေမယ့် God Army ကလေးငယ် ၂ ဦးဆီ အနီးကပ်မသွားရဘူးဆိုပြီး ဗလတောင့်တောင့် ထပ်ကြပ်ကြီးတဦးက သတင်းစာရှင်းပွဲတလျောက်လုံး ကျနော့်ဘေးမှာ ကပ်နေပါတယ်။

ဝန်ကြီးချုပ် ချွမ်နဲ့ ကာ-ချုပ် ဆုရာယုဆီ အနီးကပ်သွားတာကို သူက အလေးမထားပေမယ့် God Army ကလေးငယ် ၂ ဦးဆီ အနီးကပ်တာကိုတော့ သူက လုံ၀ ခွင့်မပြုပါ။

နောက်ပိုင်းမှ ပြန်သိရတာက God Army ကလေးငယ် ၂ -ဦး လက်နက်ချတာကို မကျေနပ်တဲ့ မြန်မာတွေရှိတယ်။ အဲဒီအဖွဲ့ဟာ လက်နက်ချတဲ့ အခမ်းနားဆီလာပြီး ဒီကလေးတွေကို ပြသာနာ ရှာနိုင်တယ်ဆိုပြီး သတင်းရထားလို့ ကျနော်ကို လူမှား တားမိတာဆိုပြီး ထိုင်းထောက်လှမ်းရေး သတင်းရပ်ကွက်ကပြောပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ၁၉၉၇ ကတည်းက တလျောက်လုံး ကျနော်သတင်းပို့ဖူးတဲ့ ထူးဆန်းလှတဲ့၊ ဒဏ္ဍရီဆန်လှန်တဲ့ God Army ကလေးငယ် ၂ -ဦးကို (၄) နှစ်ခန့်အကြာ ၂၀၀၁ ခုနှစ်၊ ဇန်နာဝါရီမှာ ကျနော့်မျက်စိနဲ့ ကိုယ်တိုင် မြင်ခွင့်ရလိုက်ပါတယ်။

———–

God Army ကလေးငယ် ၂ -ဦးနှင့်အဖွဲ့ ထိုင်းစစ်တပ်ထံ လက်နက်ချစဉ် တွေ့ရပုံ။

(၅) VBSW ခေါင်ေးဆာင် ကိုဂျော်နီ ပျောက်ဆုံးခြင်း

ဒါပေမယ့် ဘန်ကောက်-သံရုံးကို ဝင်စီးတဲ့၊ တယ်လီဖုန်းနဲ့ ၂ ကြိမ်တောင် ကျနော် အင်တာဗျုးလုပ်ဖူးတဲ့ VBSW အဖွဲ့က ကိုဂျော်နီ (ကိုကျော်နီ)ကိုတော့ ကျနော် မြင်ဖူးခွင့် မရလိုက်ပါဘူး။ သူဟာ ကမာပုလောစခန်းကျပြီးနောက် ထိုင်းအာဏာပိုင်တွေရဲ့ ဖိအားပေးမှု များလွန်းတဲ့အတွက် KNU တပ်မဟာ (၄) ဒေသကနေ တပ်မဟာ (၆) နဲ့ မဲဆောက် ဒေသဘက်ရှိ တပ်ပေါင်းစု ဗဟိုဘက်ကို သွားနိုင်ဖို့ ကြိုးစားခဲ့တယ်လို့ သိရပါတယ်။

အဲဒီလိုသွားနိုင်ဖို့ KNU ဗဟိုက ကိုယ်စားလှယ်တဦးနဲ့ NLD-LA ဗဟိုက ကိုယ်စားလှယ်တဦးတို့ ထိုင်းနယ်စပ် ဟွေးနန်းခေါင်ရွာကနေ တပ်မဟာ (၄) ထိန်းချုပ်နယ်ထဲဝင်ပြီး ကိုဂျော်နီနဲ့ ဆွေးနွေးခဲ့တယ်လို့ နယ်စပ်သတင်းရပ်ကွက်တွေကပြောပါတယ်။

သူတို့ ကိုယ်စားလှယ်အဖွဲ့က ဘယ်နေ့လာခေါ်မယ်လို့ အချန်းအချက်လုပ်ပြီး ပြန်သွားချိန်မှာ အခြားအမည်မသိအဖွဲ့တခုက ကိုဂျော်နီကို ပုံမှားရိုက် လာခေါ်သွားတဲ့သဘောမျိုး ဖြစ်သွားပြီး ၂၀၀၀ ပြည့်နှစ် ဇူလိုင်လအတွင်းမှာ ကိုဂျော်နီ ထူးဆန်းစွာ ပျောက်ဆုံးသွားတယ်လို့ နယ်စပ်သတင်းရပ်ကွက်တွေက ဆိုပါတယ်။

သူ ပျောက်သွားတဲ့အချိန်က လုံးဝသတင်းမရပဲ ၂၀၀၂ ခုနှစ် ဒီဇင်ဘာလကျမှ ကိုဂျော်နီ ပျောက်ဆုံးကြောင်းသတင်းကို VBSW အဖွဲ့က ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်း ကိုဂျော်နီအကြောင်း သတင်းမကြားရတော့တာ ဒီနေ့အထိပါပဲ။

………………………………………

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၆၉) >>>>>

ထက်အောင်ကျော်