တနင်္သာရီဘက်က မှောင်ခိုသွင်းလာသော ကျွဲ၊ နွားအကောင် ၈၀ကျော် ထိုင်းတောင်ပိုင်းတွင် ဖမ်းမိ

0
2973
Ref: Bangkok Post, Khaosod Online

ထိုင်း-မြန်မာနယ်စပ် ပရာကျွတ်ခီရီခမ်ခရိုင်တွင် မြန်မာနိုင်ငံက မှောင်ခိုတင်သွင်းလာသော ကျွဲ၊ နွား အကောင်ရေ ၈၆ ကောင်ကို ဖမ်းမိကြောင်း Bangkok Post သတင်းတစ်ရပ်တွင် ဖော်ပြသည်။

ပရာကျွတ်ခီရီခန်ခရိုင် ထပ်စခဲဒေသ ဟွေးယန်းရွာဘက်တွင် ဇန်နဝါရီလ ၇ ရက်က နယ်ခြားစောင့်တပ်များ ကင်းလှည့် စစ်ဆေးနေချိန်၌ တနင်္သာရီတိုင်းဘက်က မှောင်ခိုတင်သွင်းလာသော ကျွဲနွားများကို ဖမ်းမိသည်ဟု နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး၏ ပြောကြားချက်ကို ကိုးကားကာ သတင်းတွင် ရေးသားထားသည်။

ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခန်ခရိုင်သည် မြန်မာနိုင်ငံ တနင်္သာရီတိုင်းဒေသကြီးနှင့် ထိစပ်နေသည့် ခရိုင်တစ်ခုဖြစ်သည်။

နယ်စပ်မှတစ်ဆင့် ထိုင်း တောင်ပိုင်းခရိုင်များရှိ ရောင်းဝယ်နေသူများထံ တိရစ္ဆာန်များ မှောင်ခိုပို့ဆောင်နေကြသည်ဟု သတင်းရရှိခဲ့သဖြင့် စုံစမ်းရေးပြုလုပ်နေခဲ့ခြင်းဖြစ်ကြောင်း ဒုရဲမှူးကြီးက ပြောဆိုထားသည်။

နယ်စပ်ဖြတ်လမ်းတွင် တပ်ဆင်ထားသော လုံခြုံရေးကင်မရာမှတ်တမ်းများအရ အမျိုးသားသုံးဦးသည် ကျွဲ၊ နွားများ မောင်းသွင်းနေသည်ကို သတိပြုမိခဲ့ကြပြီး ထိုင်းရဲတပ်ဖွဲ့များ လာရောက်ချိန်တွင် ၎င်းတို့ သုံးဦးမှာ တောထဲသို့ ထွက်ပြေးသွားကြောင်း သတင်းတွင်ဖော်ပြသည်။

နွားတင်းကုပ်တွင် ကျွဲ၊ နွား ၈၆ ကောင် တွေ့ရှိခဲ့ရပြီး အားလုံးသည် အာဟာရပြတ်ကာ အခြေအနေဆိုးရွားနေခဲ့သဖြင့် သက်ဆိုင်ရာ တိရစ္ဆာန်ထိန်းသိမ်းရေးစင်တာတွင် ထိန်းသိမ်းစောင့်ရှောက်ရန် ပို့ဆောင်ခဲ့ကြောင်း ရေးသားထားသည်။

မှောင်ခိုတင်သွင်းသူ သုံးဦးကို ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဖမ်းဆီးရမိပါက တိရစ္ဆာန် မှောင်ခိုတင်ပို့ခြင်းဥပဒေအရ တရားစွဲဆို အပြစ်ပေးခံရမည်ဖြစ်ကြောင်း ရေးသားထားသည်။