မဲဆောက်တွင် ရိုဟင်ဂျာများအပါအဝင် မြန်မာလုပ်သား ၇၁ ဦး ဖမ်းဆီးခံရ

0
3979
Ref: Nation TV, Bangkokbiznews

ထိုင်းနိုင်ငံ တာခ့်ခရိုင် မဲဆောက်ဒေသတွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော ရိုဟင်ဂျာ ၆၀ဦးနှင့် မြန်မာအလုပ်သမား ၁၁ဦးတို့ ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

မဲဆောက်ဒေသ ထာ့စိုင်လွတ်ရွာအနီး သင်္ချိုင်းကုန်းအနောက်ရှိ ကြံတောထဲတွင် ပုန်းနေသော ရိုဟင်ဂျာများနှင့်အတူ မြန်မာအလုပ်သမားတို့ကို မဲဆောက်ရဲတပ်ဖွဲ့နှင့် နယ်ခြားစောင့်တပ်ဖွဲ့များက ဇန်နဝါရီလ ၇ရက်နေ့တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ရေးသားထားသည်။

ဖမ်းဆီးခံရသူများတွင် ရိုဟင်ဂျာ အမျိုးသား ၄၀ ဦး၊ အမျိုးသမီး ၁၀ ဦး၊ ကလေး ၁၀ ဦး စုစုပေါင်း ၆၀ ဦးရှိပြီး အားလုံးသည် ရခိုင်ပြည်နယ်မှ လာသူများဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။

မြန်မာအလုပ်သမား အမျိုးသား ခြောက်ဦး၊ အမျိုးသမီး ငါးဦး စုစုပေါင်း ၁၁ဦးတို့ကိုလည်း ဖမ်းဆီးရမိခဲ့ပြီး အားလုံးတွင် ခရီးသွား အထောက်အထားနှင့် နိုင်ငံကူးလက်မှတ် တစ်စုံတစ်ရာ မရှိကြကြောင်း ဖော်ပြသည်။

ဖမ်းမိသူများကို ဥပဒေအရ အရေးယူဆောင်ရွက်ရန် မဲဆောက် ရဲစခန်းသို့ ပို့ဆောင်ထားကြောင်းလည်း သတင်းများတွင် ရေးသားထားသည်။

မြန်မာအလုပ်သမားများသည် ကရင်ပြည်နယ် မြဝတီနယ်စပ်မှတစ်ဆင့် သောင်ရင်းမြစ်ကို လှေဖြင့်ကူး၍ ဝင်ရောက် လာခဲ့ကြခြင်းဖြစ်ပြီး တောလမ်းမှတစ်ဆင့် ခြေကျင်လျှောက်လာကာ ကြံတောထဲ အအေးဒဏ်ကို အန်တုကာ ပုန်းနေကြစဉ်တွင် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ဆိုသည်။