လောင်းလုံးတွင် ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းစကောက်သည့်နေ့

0
3140

စစ်ကောင်စီက ကျင်းပမည်ဆိုသည့် ရွေးကောက်ပွဲအတွက် မြေပြင်လူဦးရေစာရင်း စကောက်သည့်နေ့တွင်ပင် လောင်းလုံးမြို့နယ် ကမြောကင်းရွာ၌ လုံခြုံရေးလိုက်နေသည့် ဒုရဲအုပ်တစ်ဦး ပစ်သတ်ခံလိုက်ရသည်။

ကမြောကင်းရွာ စာသင်ကျောင်းအနီးတွင် ဇန်နဝါရီလ ၉ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ပစ်ခတ်ခံရခြင်းဖြစ်ပြီး ဒုရဲအုပ်မှာ ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။

ပစ်သတ်ခံရသူမှာ မောင်းမကန်နယ်မြေရဲစခန်းမှ ဒုရဲအုပ်သိန်းထိုက် ဖြစ်ပြီး လူလေးဦးက ကားဖြင့်လာကာ အနီးကပ်ပစ်ခတ်သွားသည်ဟု စစ်ကောင်စီဝါဒဖြန့်မီဒီယာအချို့က ဖော်ပြကြသည်။

စစ်ကောင်စီက ဇန်နဝါရီလ ၉ ရက်နေ့မှစကာ မြေပြင်လူဦးရေစာရင်း ကွင်းဆင်းကောက်ယူရေး လုပ်ငန်းကို စတင်ဆောင်ရွက်နေခြင်းဖြစ်ပြီး ယခုလကုန်အထိ ကောက်ယူမည်ဟု ထုတ်ပြန်ထားသည်။

အထက်ပါဖြစ်စဉ်မှာ စာရင်းစကောက်သည့်နေ့တွင်ပင် ပစ်ခတ်ခံရခြင်းဖြစ်သည်။

“လမ်းကြားထဲမှာ စာရင်းကောက်ပြီးထွက်တာနဲ့ ပစ်ခံလိုက်ရတာ” ဟု ကမြောကင်းရွာတွင် နေထိုင်သည့် ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ပစ်ခတ်မှုကို Guerrilla Revolutionary Force –DGRF(ထားဝယ်-ပကဖ)နှင့် ပူးပေါင်းရှင်းလင်းခဲ့ကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်သားများနှင့်အတူ မဲစာရင်းလိုက်ကောက်နေသည့်အဖွဲ့အား ရှင်းလင်းရာတွင် စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရသွားသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

ထို့အပြင် မောင်းပြန်သေနတ်တစ်လက်နှင့် ကျည်ဆံများလည်း သိမ်းဆည်းနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီက ကျင်းပရန်ကြိုးစားနေသည့် ရွေးကောက်ပွဲအတွက် လုပ်ဆောင်နေခြင်းကို လက်ပိုက်ကြည့်နေမည်မဟုတ်သည့် အတွက် မဲစာရင်းဆက်ကောက်နေမည်ဆိုပါက နောက်ဆက်တွဲဖြစ်စဉ်များကို လုံးဝတာဝန်ယူမည်မဟုတ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တနင်္သာရီမြို့နယ် ပြည်သူအုပ်ချုပ်ရေးအဖွဲ့ကလည်း စစ်ကောင်စီ၏ ရွေးကောက်ပွဲလုပ်ငန်းစဥ်များတွင် ပူးပေါင်းပါဝင်နေသည့် ဝန်ထမ်းများကို ဆက်လက်ပူးပေါင်းပါဝင်လုပ်ဆောင်ခြင်း မပြုကြရန် သတိပေးထားပြီး ဆက်လက်လုပ်ဆောင်ပါက လိုအပ်သလိုအ‌ရေးယူဆောင်ရွက်သွားမည်ဟု ဇန်နဝါရီလ ၈ ရက်နေ့ကထုတ်ပြန်ထားသည်။

စစ်ကောင်စီက လုပ်ဆောင်နေသည့် မြေပြင်စာရင်းကောက်ခြင်းမှာ အာဏာသိမ်းမှုကို ဆန့်ကျင်နေသူများအား ဖိနှိပ်ဖမ်းဆီးလိုသည့်အတွက် လုပ်ဆောင်နေခြင်းဟုရှုမြင်ပြီး ဒေသခံအချို့ကလည်း စိုးရွံ့နေသည်။

ယင်းသို့ အပစ်ခံရပြီးနောက် ထားဝယ်မြို့နှင့် လောင်းလုံးမြို့နယ်ကို ဆက်သွယ်ထားသည့် ကမြောကင်းတံတားကို စစ်ကောင်စီတပ်က ယာယီပိတ်ချခဲ့သည်။

ထိုသို့ တံတားဖြတ်သန်းခွင့်ပိတ်လိုက်သဖြင့် ခရီးသွားရာချီပိတ်မိနေခဲ့ပြီး ကားများလည်း တန်းစီစောင့်ဆိုင်းနေကြရသည်။

ထိုနောက် ညနေသုံးနာရီခန့်တွင် ဖြတ်သန်းခွင့်ပေးလိုက်ပြီး တံတားထိပ်တွင်လည်းစစ်ဆေးမှု မရှိတော့ကြောင်း ဖြတ်သန်းလာသည့် ခရီးသည်တစ်ဦးက Dawei Watch သို့ ပြောသည်။

“ထားဝယ်ဘက်မှာ ကားတွေတန်းစီထားရတာဆိုရင် မြို့သစ်ငါးလမ်းအထိ ရှည်တယ်။ အခုဖြတ်ခွင့်ပေးလိုက်တော့ စစ်ဆေးတာတော့ မရှိဘူး”ဟု အဆိုပါ ခရီးသည်က ဆိုသည်။

အဆိုပါ ကမြောကင်းတံတားထိပ်တွင် အာဏာသိမ်းပြီးချိန်ကတည်းက စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်ဖွင့်ထားပြီး ယာဉ်ပေါ်မှခရီးသည်များလမ်းဆင်းလျှောက်ပြီးမှ ဖြတ်သန်းခွင့် ပြုနေသလို ဆိုင်ကယ်စီးခွင့်မပေးသည့်အတွက် တွန်းပြီးမှ ဖြတ်သန်းနေရသည့်နေရာဖြစ်သည်။