လောင်းလုံးတွင် လူဦးရေစာရင်းကောက်လုံခြုံရေး လိုက်ပါသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ပစ်သတ်ခံရ

0
3020

လောင်းလုံးမြို့နယ် ကမြောကင်းရွာတွင် ယနေ့(ဇန်နဝါရီ ၉) နေ့လယ်ပိုင်းက လူဦးရေစာရင်းကောက် ယူနေသည့်အဖွဲ့မှ လုံခြုံရေးလိုက်ပါလာသူ စစ်ကောင်စီတပ်ဖွဲဝင်တစ်ဦး ပစ်သတ်ခံရသည်ဟု ဒေသခံ များထံမှသိရသည်။

ပစ်သတ်ခံရသူမှာ စာရင်းကောက်လုံခြုံရေးအတွက် အရပ်ဝတ်ဖြင့်လိုက်ပါလာသူ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး ဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။

“သေနတ်သံကြားပြီး လဲနေတာပဲသိတယ် ကျွန်တော်တို့သွားမကြည့်ရဲသေးဘူး”ဟု ၎င်းကပြောသည်။

ပစ်သတ်ခံရသူ မှ ဒုရဲအုပ် အဆင့်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးဖြစ်သည်ဟု ပြော‌ဆိုနေကြသော်လည်း အဆိုပါပြောဆိုချက်ကို သီးခြားအတည်မပြုနိုင်သေးပေ။

ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ယင်းနေရာကို လာရောက်စစ်ဆေးနေပြီး ကမြောကင်းတံတားကို ယနေ့နေ့လယ် ၁၁ နာရီခွဲခန့်မှစပြီး ဖြတ်သန်းသွားလာခွင့်ပိတ်ထားသည်။

ယခုနှစ်အတွင်း အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရန်အတွက် ယနေ့မှစ၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ကောင်စီနှင့်ပူးပေါင်းအဖွဲ့များက တစ်အိမ်တက်ဆင်း လူဦးရေ စာရင်းလိုက်လံကောက်ယူနေခြင်းဖြစ်သည်။

ကမြောကင်းတံတားပိတ်ထားခြင်းကြောင့် လောင်းလုံးနှင့်ထားဝယ် ဘက်ခြမ်းတွင် ခရီသွားပြည်သူ ရာချီပိတ်မိနေကြောင်း ယနေ့နေလယ် ၁ နာရီခွဲခန့်က သိရသည်။