သတ်သေမှုတွေ များလာတာ

0
3253

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် စီးပွားရေးကျပ်တည်းမှု၊ စိတ်မလုံခြုံမှုနှင့် အနာဂတ်ပျောက်ဆုံးမှုများကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေမှုများ ပိုများလာနေသည်။

တနင်္သာရီတိုင်းထဲတွင်လည်း ယင်းသို့သတ်သေသည့် ဖြစ်စဉ်များ ပိုများလာနေသည်။

သတ်သေမှုများတွင် ကြိုးဆွဲချသတ်သေမှု၊ မြက်သတ်ဆေးသောက်သေဆုံးမှု၊ တံတားပေါ်က ခုန်ချမှု စသဖြင့် ပုံစံမျိုးစုံဖြင့် သတ်သေမှုများ ဖြစ်ပွားနေခြင်းဖြစ်သည်။

ယင်းကြောင့် ယခုအပတ် တနင်္သာရီပုံရိပ်အစီအစဉ်တွင် သတ်သေမှုဖြစ်ပွားရသည့် အခြေအနေများကို မေးမြန်းဖော်ပြအပ်ပါသည်။

“ရေတွင်းထဲလည်း ခုန်ချခဲ့ဖူးတယ်”

သတ်သေဖို့ကြိုးစားခဲ့တဲ့ CDM ကျောင်းဆရာမတစ်ဦး

DW ။ ဘယ်လိုအခြေအနေကြောင့် သတ်သေဖို့ ကြိုးစားတဲ့အထိဖြစ်ရတာလဲ။

ဖြေ ။ အကြောင်းအမျိုးမျိုးပေါ့။ အိမ်ထောင်ရေး စားဝတ်နေရေး၊ အစစအရာရာပါပဲ ပြန်ပြောပြရင် စကားလုံးတောင်မရှိတော့ပါဘူး။ အဲဒီအချိန်တုန်းက အဲဒီအခက်အခဲကနေ လွတ်မြောက်ဖို့ပဲတွေးတယ်။ တစ်နာရီပြီး တစ်နာရီ။ တစ်နေ့ပြီး တစ်နေ့ပေါ့။ တော်တော်လေးလည်း ကြောက်စရာကောင်းပါတယ်။ ဘဝမှာတစ်ခါမှ မဖြစ်ခဲ့ဖူးတဲ့ ကြောက်စရာ အကောင်းဆုံးအခြေအနေပေါ့။‌ တော်ယုံလူဆိုရင် ရူးတောင်ရူးသွားနိုင်ပါတယ်။ နောက်ဆုံးဒီအခက်အခဲက ငါသာမရှိတော့ရင်ပြီးပြီ သေသွားရင် အားလုံးပြီးဆုံးသွားတော့မယ်ဆိုတဲ့ အတွေးအထိ အချိန်တိုင်း ဖြစ်နေခဲ့တယ်။

DW ။ အဲဒီလိုပြဿနာအခက်အခဲက ကိုယ့်ကို ဘယ်အခြေနေအထိ တွန်းပို့လိုက်တာလဲ။

ဖြေ ။ နောက်ဆုံး ကိုယ့်ကိုကိုယ် သတ်သေတဲ့အထိပေါ့။ ရေတွင်းထဲလည်း ခုန်ချခဲ့ဖူးတယ်။ အဲဒီတုန်းကတော့ အိမ်နီးတွေ သိသွားလို့ လွတ်မြောက်လာခွင့် ရခဲ့တာပေါ့နော်။ ဒုတိယတစ်ခါက ဆွဲကြိုးချဖို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ အကြောင်းကြောင်းကြောင့် မလုပ်ဖြစ်ခဲ့ဘူး။

DW ။ အဲဒီတုန်းက သေတော့မယ်ဆိုတဲ့ အတွေးမျိုးနဲ့ တုန်လှုပ်နေခဲ့တာမျိုးရှိလား။

ဖြေ ။  လုံးဝမရှိဘူး။ ကြောက်လန့်ပြီးလည်းမနေဘူး။ ဘယ်လိုလဲဆိုရင် စိတ်အရှုပ်ဆုံးအချိန်လေ။ ဒီအခြေအနေကနေ လွတ်မြောက်ချင်တာပဲ ရှိတော့တယ်။ အဲဒါဆိုရင် လွတ်မြောက်မယ် အေးချမ်းမယ်ပေါ့။ အဲလိုပဲထင်နေခဲ့မိတယ်။

DW ။ အဲဒီလိုသတ်သေလုဆဲဆဲ အခြေအနေကနေ ဘယ်လိုရုန်းထွက်လာခဲ့ရသလဲ။

ဖြေ ။ ကိုယ်စိတ်ကို ကိုယ်အားပြန်တင်းတယ်။ လက်ရှိသမီးနှစ်ယောက် ရှိနေသေးတယ် ဆိုတဲ့ အသိဝင်လာတယ်ပေါ့။ အဓိကသူတို့နှစ်ယောက်ကြောင့်ပေါ့ ကိုယ်ကြိုးစားမှ ရမယ်ဆိုတဲ့ အသိဝင်လာတာလည်းပါတယ်။ ကိုယ်မရှိတော့ရင် ကိုသားသမီးတွေ မျက်နှာငယ်မယ်။ ဒီထက်ပိုငတ်မယ်ပေါ့။ ဒါကြောင့် ကိုယ်ကြိုးစားမှရမယ်ဆိုတဲ့ အသိဝင်လာတာလည်း ပါတာပေါ့။ ကိုယ်သားသမီးတွေအတွက် ကိုယ်ရှိနေမှ ဖြစ်မယ်ဆိုတဲ့ အသိဝင်လာတာလည်းပါပါတယ်။ ကိုယ့်ထက် အခြေအနေဆိုးနေတဲ့ သူတောင် ရှိသေးတာပဲဆိုတဲ့ အတွေးမျိုးတွေလည်း ဝင်လာတယ်။ စိတ်ရှုပ်နေရတဲ့အရာတွေ တစ်နေ့နေ့ အဆင်ပြေသွားမှာပါဆိုပြီး အားပြန်တင်းတာပေါ့နော်။

DW ။ ကိုယ်လိုစိတ်ညစ်နေတဲ့သူတွေကို ကိုဖြစ်ခဲ့ဖူးတာနဲ့ပတ်သက်ပြီး ဘယ်လိုသင်ခန်းစာမျိုးတွေ ပေးချင်လဲ။

ဖြေ ။ ကိုယ်တိုင်ကြိုးစားရမယ်။ ကိုယ့်ကိုယ်ကိုယ်အားကိုးရမယ်ဆိုတဲ့ အသိပေါ့။ ဘယ်သူမှလဲအားမကိုးနဲ့။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုထားရမယ်။ တစ်ခုခုကို စွဲစွဲမြဲမြဲလုပ်ဖို့ တိုက်တွန်းချင်တယ်။

DW  ။ အစ်မကျတော့ ဘယ်လိုမျိုး ကိုယ့်ကိုကိုယ် ပြန်လည်ထူထောင်ခဲ့သလဲ။

ဖြေ ။ အခုအစ်မလုပ်နေတယ်။ ဖိတ်စာရိုက်တဲ့လုပ်ငန်းကိုပဲ အစကအစ်မဘာမှ မတတ်ဘူး သိလည်းမသိဘူး။ သင်တယ်။ အွန်လိုင်းကလည်းသင်တယ်။ လုပ်ငန်းနဲ့ပတ်သက်ပြီး ဇောက်ချပြီး သင်တယ်။ YouTube ကလည်းလေ့လာတယ်။ စိတ်ညစ်စရာဖြစ်လာတိုင်း အဲဒါတွေကိုပဲ ဖိဖိစီးစီးသင်ယူတယ်။ အခုအလုပ်တက်သွားပြီ ဆိုတော့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ပိုရှိလာတယ်။ အခက်အခဲတွေကြားက အသက်ရှုပေါက်လေး တစ်ခုရလာတာမျိုးပေါ့။ သူငယ်ချင်း မိတ်ဆွေတွေကိုလည်း တိုင်ပင်ရင်ဖွင့်ဖို့ အင်မတန်လိုအပ်တယ်။ တစ်ယောက်တည်းတွေးပြီး အားငယ်နေတာမျိုး မဟုတ်ဘဲနဲ့ပေါ့။ သူတို့အားပေးစကားတွေကြောင့်လည်း ကိုယ်ကြိုးစားဖြစ်တာ ပါတာပေါ့နော်။

DW  ။ ကိုယ်ရင်ဆိုင်ဖြတ်ကျော်ခဲ့ဖူးတဲ့ အဲလိုအခြေအနေတွေက ပြန်တွေးလိုက်ရင် ခုချိန်မှာ ဘယ်လိုသင်ခန်းစာမျိုးတွေရလဲ။

ဖြေ ။ အဲဒီတုန်းကသာ စိတ်လိုက်မာန်ပါလုပ်မိရင် ပြီးသွားတာပေါ့လေ။ ကိုယ်ကိုယ်တိုင် နောက်ထွက်ပေါက်တစ်ခုအဖြစ်နဲ့ ဘာလုပ်ရမလဲဆိုတာသာ မစဉ်းစားမိခဲရင်ပေါ့။ ကိုယ့်ကိုယ်ကိုယ်သာအဓိကပါ။ အားကိုးချင်တဲ့စိတ်ရှိနေလို့ အားကိုးစရာမရှိရင် ပိုဆိုးတယ်။

DW ။ စိတ်ဓာတ်ကျနေတဲ့သူတွေကို ကိုယ့်ဖြစ်ရပ်နဲ့ ချိန်ထိုးပြီး ဘယ်လိုထူထောင်ဖို့ အကြံပေးချင်လဲ။

ဖြေ ။ အလုပ်တစ်ခုပေါ် စွဲစွဲမြဲမြဲ နှစ်မြုတ်ထားလိုက်ပါ။ အဲဒါဆိုတတ်နိုင်သမျှ စိတ်ညစ်စရာတွေ ပါးသွားတယ်။ အလုပ်ထဲမှာပဲ ကိုယ်စိတ်ရှုပ်စရာတွေ ပြီးခိုင်းလိုက်တယ်။ အဲဒါဆိုရင် ပိုက်ဆံလည်းရသလို ကိုယ်စိတ်လည်း ပေါ့ပါးသွားတယ်ပေါ့။ အလုပ်မလုပ်ပဲ ထိုင်ပြီး စိတ်ညစ်နေမဲ့အစား အလုပ်တစ်ခုခုကိုလုပ်ပြီး ကိုယ့်အားကိုယ်ကိုး ကြိုးစားကြည့်လျှင်တော့ အောင်မြင်တာပေါ့ကွယ်။

DW ။ ကျေးဇူးတင်ပါတယ်။

“အများအားဖြင့် ဆင်းရဲတဲ့ လူတွေအများဆုံးပါတယ်”

ဦးနိုင်မျိုးသွင် (ဇမ္ဗူသီရိ အရေးပေါ်လူနာ ကူညီသယ်ဆောင်ရေးအဖွဲ့  ဥက္ကဋ္ဌ)

DW ။ ပဋိပက္ခကာလအတွင်းမှာ သတ်သေတဲ့သူတွေ ဘယ်လောက်ရှိလဲ။

ဖြေ ။ လွန်ခဲ့တဲ့လပိုင်းအတွင်းက သုံးလေးဦးလောက်ရှိတယ်။ သုံးလေးဦးဆိုတာက ပိုးသတ်ဆေးသောက်တဲ့ ဖြစ်စဉ်ကတစ်ခုရယ်၊ မြက်သတ်ဆေးသောက်တဲ့ ဖြစ်စဉ်တစ်ခုရယ်၊ ကမြောကင်းတံတားထဲ ခုန်ချသတ်သေတဲ့ဖြစ်စဉ် တစ်ခုရယ်၊ ကြိုးဆွဲချသေဆုံးတဲ့ ဖြစ်စဉ်တစ်ခုနှစ်ခုရယ်ပါ။ လက်ကောက်ဝတ် သွေးကြောဖြတ်တာက နှစ်ကြိမ်လောက်ရှိခဲ့ဖူးတယ်။

DW ။ ဘယ်လိုအသက်အရွယ်က အများဆုံးဖြစ်လဲခင်ဗျား။

ဖြေ ။ အများဆုံးကတော့ အသက်နှစ်ဆယ်ကျော် သုံးဆယ်နားဝန်းကျင်တွေပါ သက်ကြီးပိုင်းအနေနဲဆိုရင် ကြိုးဆွဲချသတ်သေဖို့ ကြိုးစားတာက သုံးယောက်လောက် ရှိပါတယ်။

DW ။ ဘယ်လိုလူမျိုးတွေက အများဆုံး သတ်သေတာတွေ့ရလဲ။

ဖြေ ။ အများအားဖြင့် ဆင်းရဲတဲ့ လူတွေအများဆုံးပါတယ်။ အခြေခံလူတန်းစားလို့ ပြောရမလား။ လူငယ်ပိုင်းတွေကျတော့ သူတို့ရဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေ အချစ်ရေးတို့လို အရာမျိုးပတ်သက်ပြီး လုပ်တယ်ပေါ့။

DW ။ ဘယ်အချိန်ကာလကအတွင်းမှာ အဲဒါတွေဖြစ်ပျက်ခဲ့လဲ။

ဖြေ ။ ၂၀၂၁-၂၀၂၂ ခုနှစ်တွေထဲမှာပေါ့ ဒီနှစ်ထဲမှာတောင် ကိုယ့်ကိုကိုယ် သတ်သေဖို့ ကြိုးစားတဲ့သူ အရေအတွက်အမျိုးသားရော၊အမျိုးသမီးရော ၊သက်ကြီးပိုင်းရော စုစုပေါင်း ကိုးယောက်လောက်ရှိတယ်။

DW ။ အဲဒီထဲက အသက်ကယ်နိုင်ခဲ့တဲ့သူ အရေအတွက်က ဘယ်နှစ်ယောက်လောက်ရှိလဲ။

ဖြေ ။ ဆွဲကြိုးချသေဆုံးဖို့ ကြိုးစားတဲ့သူတွေထဲကဆိုရင် လောင်းလုံးမြို့နယ် တောရှည်ရွာဖက်က တစ်ယောက်ကယ်နိုင်ခဲ့တယ်။ သွေးကြောဖြတ်သတ်သေတဲ့ တစ်ယောက်နဲ့ မြက်သတ်ဆေးသောက် သတ်သေတဲ့သူ နှစ်ယောက်စလုံးကိုလည်း ကယ်လိုက်နိုင်ပါတယ်။ နောက်ပြီး တံတားထဲခုန်ချတဲ့ တစ်ယောက်ကိုလည်း ကယ်လိုက်နိုင်ပါတယ်။

DW ။ အမျိုသားနဲ့အမျိုးသမီးဘယ်က ပိုများလဲ။

ဖြေ ။ သေတဲ့အထဲကဆိုရင် ကြိုးဆွဲချသတ်သေတာပေါ့နော် အမျိုးသမီးတစ်ယောက်နဲ့ အမျိုးသားနှစ်ယောက်ပါ။ ဆွဲကြိုးချပြီးမသေတာက အမျိုးသားတစ်ယောက်၊ မြက်သတ်ဆေးသောက်တာက အမျိုးသမီး နှစ်ယောက်ပါ။

DW ။ ဆရာတို့ ကယ်ဆယ်ရေးသွားတဲ့အခါမှ ကြုံရတာက ဘာကြောင့်သတ်သေကြတာကို အများဆုံးတွေ့ရလဲ။

ဖြေ ။ သူတို့စိတ်ထဲမှာ ဘာတွေခက်ခဲရှိလဲဆိုတာကတော့ ကျွန်တော်မပြောနိုင်ဘူး။ ဒါပေမဲ့ တော်တော်များများကတော့ စိတ်ပိုင်းဆိုင်ရာ ထွက်ပေါက်မရှိတဲ့အခါ၊ ခံစားမှုတွေများလာတဲ့အခါပေါ့။ ခံစားချက်တွေပြင်းထန်ပြီး ထွက်ပေါက်မဲ့လာတဲ့အခါ တစ်ခုခု လုပ်လိုက်တယ်ဆို ပြေပျောက်သွားမယ်လို့ ထင်တဲ့သူတွေက များတယ်ထင်ပါတယ်။ အဲဒါကြောင့်လည်း သူတို့ကိုယ်သူတို့ အဆုံးစီရင်လိုက်တာ ဖြစ်မှာပါ။

DW ။ အခုလို သတ်သေဖို့ ကြိုးစားကြတာ လူငယ်တွေက အများဆုံးဆိုတော့ လူငယ်တွေကိုရော ဘယ်လိုမက်ဆေ့ပေးချင်လဲ။

ဖြေ ။ တစ်ခါတလေကျ ကိုယ်စိတ်နဲ့စာပါတယ်။ သူတို့ရဲ့ခက်ခဲတွေကလည်း ဘယ်လောက်ထိ ခက်ခဲမှန်းတော့မသိဘူးပေါ့လေ။ တစ်ခါတလေကျတော့လည်း ကိုယ်ကိုယ်တိုင် စိတ်တအား ညစ်တဲ့အခါမျိုးရှိတယ်။ အဲလိုမျိုးရှိပေမဲ့လည်း ကိုယ်တိုင်ကျတော့ နည်းလမ်းရှာဖွေတာပေါ့။ အခက်အခဲတစ်ခုကို ဘယ်လိုဖြေရှင်းမလဲ။ ဘယ်လိုကျော်လွား ရမလဲဆိုတာတွေပေါ့။ ရုတ်တရက် ဆုံးဖြတ်လိုက်တာမျိုး မဟုတ်ဘဲနဲ့ အချိန်ဆွဲပြီး အကောင်းဆုံးအဖြေ တစ်ခုရလာတဲ့အထိ စဉ်းစားသင့်တယ်။ အကူညီတောင်းခံသင့်တဲ့ သူတွေဆီကလည်း အကူညီတောင်းခံသင့်တယ်ပေါ့။ သူတို့အတွေးထဲမှာကလည်း ရုတ်တရက်ဖြစ်ပေါ်လာပြီး ငါဒါမျိုးလုပ်လိုက်ရင် ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ ပြေလည်သွားနိုင်တယ် ဆိုတာမျိုးတွေအထိ ဖြစ်နေနိုင်‌တယ်ပေါ့။ ဒါပေမဲ့ ဘာသာရေးအရ တွေးမယ်ဆိုရင်လည်း အထုံပါလာရင်လည်း မရဘူးပေါ့လေ။

DW ။ တစ်ခြားဘာ အသိပညာပေးချင်လဲ။

ဖြေ ။ ဘာဖြစ်ဖြစ် ဒီလိုစိတ်ဖြစ်လာပြီဆိုရင် ဖြစ်လာတဲ့အကြောင်းကို အရင်းခံပြီး ပြန်လည်သုံးသပ် ပြန်လည်စဉ်းစားသင့်တယ်။ ကိုယ်ဒီလိုလုပ်တာ မှန်တဲ့အဖြေ တစ်ခုလား မှားသလားပေါ့။ ကိုယ်ရဲ့အခက်အခဲ ပြဿနာတစ်ခုက တစ်ခြားနည်းလမ်း တစ်ခုခုနဲ့ တကယ်ကိုဖြေရှင်းလို့ မနိုင်တော့ဘူးလား ဆိုတဲ့ဟာကို နက်နက်ရှိုင်းရှိုင်း တွေးစေချင်တယ်။ သေကြောင်းကြံစည် ရလောက်အောင်အထိတော့ ဘယ်သူကိုမှမဖြစ်စေချင်ဘူး။ ရင်းနှီးချစ်ခင်တဲ့သူတွေကို ကူညီတောင်းပြောပြလို့ရသလို ဆွေးနွေးတိုင်ပင်သင့်တယ်ပေါ့။ စိတ်ထွက်ပေါက် တစ်ခုခုရအောင်ပါ။ တစ်ဖက်ကိုပြောပြလိုက်လို့ စိတ်သက်သာရာလည်း ရသွားနိုင်သလိုမျိုး တစ်ဖက်ကလည်း ဆွေးနွေးပေးခြင်းကြောင့် ဝန်ပေါ့သွားတာမျိုး ဖြစ်သွားရတာပေါ့။ စိတ်ထွက်ပေါက်တစ်ခုရသွားတယ်ဆိုရင် ကိုယ်ဘာလုပ်သင့်တယ်ဆိုတာ တွေးမိလာပြီး အခက်အခဲတွေကိုလည်း တတ်နိုင်သလောက် ကျော်လွှားနိုင်လိမ့်မယ် ဆိုပြီးတော့ ယူဆမိပါတယ်။

DW ။ လူတိုင်းကိုရော အဲဒီလိုမျိုး ခံစားနေရတဲ့သူတွေအပေါ် ဘယ်လို ကူညီပေးဖို့ တိုက်တွန်းချင်လဲ။

ဖြေ ။ ကိုယ်မိသားစုထဲမှာ ဖြစ်ဖြစ်ပေါ့နော် ပြဿနာတစ်ခုကို ချောင်ပိတ် မဖြေရှင်းဘဲနဲ့ တစ်ဖက်ကိုဖြေရှင်းခွင့်ပေးပြီး ဆွေးနွေးပေးသင့်တယ်ပေါ့လေ။ အခုကြိုးဆွဲချ သေဆုံးတဲ့ သူတွေထဲမှာဆိုရင် ကလေးတန်းလန်းနဲ့ ကလေးမိခင်တွေလည်း ရှိတယ် ။ စိတ်ခံစားမှုက သားသမီးအရွယ် ငယ်ငယ်လေးတွေကိုတောင် မကြည့်နိုင်လောက်တဲ့အထိ ဖြစ်လာတယ်။ သူမှာ စိတ်ခံစားချက်က ချောင်ပိတ်ပြီး မစဉ်းစားနိုင်အောင် ဖြစ်သွားတာမျိုးပေါ့။ မိသားစုဝင်အချင်းချင်း ဆွေးနွေးတိုင်ပင်ဖို့၊ ပြဿနာကို အတူတူရင်ဆိုင်ဖြေရှင်းဖို့ပေါ့။ စိတ်ဓာတ်ကျနေတဲ့ လူတစ်ယောက် ကိုယ့်ပတ်ဝန်းကျင်မှာ ရှိနေပြီဆိုရင်လည်း ဝိုင်းဝန်းဖေးမ ကူညီအားပေးသင့်တယ်လို့ မြင်မိတယ်။

DW ။ ကျေးဇူးတင်ပါတယ်။

“စိတ်ဖိစီးမှု အကြီးအကျယ်ဖြစ်ပြီးတော့ စိတ်ကျတယ်ပေါ့”

စိတ်ကျန်းမာရေး ဆရာဝန်တစ်ဦး

DW ။ အခုဆိုရင် တနင်္သာရီတိုင်းထဲမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေတာတွေ တဖြည်းဖြည်း များလာနေတာပေါ့နော်။ ဒီလိုမျိုး လူတွေသတ်သေလာကြတဲ့ အဓိကအကြောင်းအရင်းက ဘာဖြစ်နိုင်မလဲ။

ဖြေ ။ လူတွေသတ်သေတယ်ဆိုတာက သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာမှာပေါ့နော်။ အကျပ်အတည်းတွေ အရမ်းကြီးမားတယ်။ ဒီအကျပ်အတည်းတွေကနေ သူဘယ်လိုထွက်ရမှန်း မသိဘူးပေါ့နော်။ ဒါကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတဲ့ဟာကို ရှာမတွေ့ဘူးပေါ့လေ။ ပိတ်နေတယ်။ နောက်ပြီးတော့ စိတ်နာကျင်မှုပေါ့။ စိတ်အရမ်း နာကျင်လွန်းအားကြီးလို့ ဒီနာကျင်တဲ့ဒဏ်ကို သူမခံစားတာ့ဘူးပေါ့နော်။ ဒါမှမဟုတ် စိတ်ဖိစီးမှု အကြီးအကျယ်ဖြစ်ပြီးတော့ စိတ်ကျတယ်ပေါ့။ နောက်ပြီးတော့မှ အလျော့ပေးချင်လာတယ်။ ဒီမှာဆက်ပြီး ရှင်သန်နေချင်စိတ်မရှိတော့ဘူး။ နောက်မျှော်လင့်ချက် မရှိတော့ဘူး။ သူအကူအညီလည်း မတွေ့ဘူးပေါ့လေ။ အဲလိုမျိုး အခြေအနေမှာ သူကကိုယ့်ကိုယ်ကို အသက်အန္တရာယ်ပြုတာပေါ့လေ။

DW ။ လူတွေဒီလိုမျိုးသတ်သေဖို့ ဘယ်လိုအချက်တွေက တွန်းပို့နေတာလို့ ပြောနိုင်မလဲ။

ဖြေ ။ ဒီလိုအကျပ်အတည်းမျိုးမှာ ကျဉ်းကြားကျပ်ကြားကာလ။ပြီးတော့ဒီကာလကြီးက ကြာနေတယ်ပေါ့နော်။ ပြောချင်တာက အကျပ်အတည်းက ကြီးမားတယ်။ပြီးတော့ ထော်မာပေါ့နော်။ စိတ်ဒဏ်ရာရှိစေတဲ့ စိတ်ဖိစီးမှုပေါ့နော်။ အဲဒါကြီးဖြစ်တယ်။ ဖြစ်တဲ့အပြင်ကို သူက ခဏလေးမဟုတ်ဘူးပေါ့နော်။ အကြာကြီး ဆက်ရှိနေတယ် ပေါ့နော်။ အကြာကြီးရှိနေတဲ့ အခြေအနေအောက်မှာ နေရတဲ့ အကြာကြီးရှိနေတဲ့ အခြေအနေကိုကြုံရတဲ့ အကျပ်အတည်းကို အကြာကြီးကြုံနေရတဲ့ လူသည် သူ့ရဲ့စိတ်ပိုင်းဆိုင်ရာမှာ စိတ်နာကျင်မှုတွေ ဒါမှမဟုတ် ဒီအကျပ်အတည်းကနေ သူ့ကိုယ်သူ မကယ်ထုတ်နိုင်တာတွေ နောက်ပြီးတော့ စိတ်ကျတာတွေ ဖြစ်လာရင် လူတွေက ကိုယ့်ကိုယ်ကို အသက်ကိုပြန်ရန်ရှာပါတယ်။ လောကမှာ မနေချင်တော့တဲ့ စိတ်ကူးတွေပေါပြီးတော့ လက်တွေ့လုပ်သွားတာပေါ့နော်။

DW ။ ဒီလိုမျိုး သတ်မသေခင်မှာ မွန်းကျပ်မှုတွေကို ဘယ်လိုဖြေရှင်းသင့်လဲပေါ့ ခင်ဗျား။

ဖြေ ။ ငါကြုံနေရတာက အရမ်းကို ခက်ခဲကြမ်းတမ်းတဲ့ သာမန်မဟုတ်သော စိတ်ဖိစီးမှုဖြစ်စေတဲ့ အခြေအနေတွေကြားမှာ ငါနေရထိုင်ရပါလား။ အဲဒီအခါမှာ ငါသည် စိတ်အကျပ်အတည်းကြားမှာ ပိတ်မိနိုင်တယ်။ ငါ့သူငယ်ချင်းတွေလည်း ပိတ်မိနိုင်တယ်။ ငါ့ရွာကလူတွေအကုန်လုံးလည်း ပိတ်မိနိုင်တယ်။ အဲဒါဆိုငါတို့တွေ ဘယ်လိုတွေ ကိုယ့်ဟာကို စောင့်ရှောက်ကြမလဲ။ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုနားလည်ကြမလဲ။ တစ်ခုပြီးတစ်ခု စုစုလာတဲ့စိတ်ဒဏ်ရာတွေနဲ့ ကြာရှည်လာတဲ့အခါမှာ လူတွေသည် စိတ်ကိုဘယ်လိုစောင့်ရှောက်ဖို့လိုမလဲ ဆိုတဲ့ဟာကို သူတို့က ရူးနေကြောင်နေတယ်လို့ စဉ်းစားမလား ငါတို့ကိုအဲလိုထင်မလားလို့ အဲလိုသမရိုးကျပေါ့နော် ။လွဲတဲ့ဟာတွေကို မစဉ်းစားမိဘဲနဲ့ ပွင့်ပွင်းလင်းလင်းနဲ့ပေါ့နော် တစ်ယောက်နဲ့တစ်ယောက် သတိထားကြည့်မယ် ။ ကိုယ့်ကိုကိုယ်လည်း သိအောင်ကြည့်မယ်။ ကိုယ့်သူငယ်ချင်းတို့ ကိုယ့်အိမ်ကလူတို့ ကိုယ့်ရွာကလူတွေတို့ အဲလိုကြည့်မိမယ်။ ကြည့်ပြီးတော့မှ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုကူညီကြမလဲ။ အဲဒီဟာကို ကျွန်မတို့ လုပ်နိုင်မယ်ပေါ့နော်။ ကိုယ့်အချင်းချင်း ဖွင့်ပြောပြီးတော့ အကူအညီတောင်းမယ်။အဲဒီအခါမှာလည်း ဒါကိုကြားတဲ့လူပေါ့နော် နားထောင်တဲ့လူက သူ့အပေါ်မှာတစ်ကယ်ကို ကိုယ်ချင်းစာစိတ်နဲ့ နားလည်ရမှာက ကြုံနေရတဲ့အခြေအနေတွေက သာမန်အခြေအနေတွေ မဟုတ်ဘူးလေ။

DW ။ ကျေးဇူးတင်ပါတယ်။