အမှောင်ထဲမှ မင်းသားများ ၁၉၉၀

0
4199

Princes in The Darkness 1990s

အခန်း(၈)

“တီ..တီ..တီ..တီ”

အိပ်ရာဝင်ရန် ပြင်ခါနီးတွင် ဝင်လာသော ဆယ်လူလာဖုန်းသံကြောင့် ဗေဒါ ကောက်ကိုင်လိုက်၏။

တခန်းတည်းအတူနေကြသော ဗေဒါ၏ လူ လေးယောက်ကလည်း အသင့်အနေအထား။

အချိန်မတော် မစ္စတာလု ဆက်ပြီဆိုတော့ တခုခုတော့ ထူးခြားနေသည်ဟု ဗေဒါ ထင်လိုက်မိသည်။

သို့သော် သူထင်ထားသလို မစ္စတာလုမဟုတ်။

“ဗေဒါ..ငါပါ..လောရှည်”

“ကိုလောရှည်..ပြော..ဘာကိစ္စရှိလို့လဲ”

“မင်းအိမ်မှာ အခု လူဘယ်နှစ်ယောက်လဲ”

“ကျွန်တော်နဲ့ဆို လေးယောက်ပေါ့”

“အခု အရမ်းရေးကြီးနေလို့..ပိုင်အိုနီးယားကလပ်ကို မင်းလူတွေ ခေါ်ပြီးလာခဲ့…တုတ်တွေ၊ ဓားတွေပါ ရသလောက်ယူခဲ့ကွာ..စိုးမြတ်ဆီဖုန်းဆက်ပြီး သူ့လူတွေကိုပါ လာခိုင်းလိုက်”

“ဘာတွေဖြစ်နေတာလဲ..ကိုလောရှည်”

“လာမှာသာလာပါကွာ..မင်းကြာနေရင်..ဒီမှာ ပြဿနာက ပိုဆိုးနေမယ်..ဟိုပြဿနာကောင်လေး..မွှေနေတာ”

ပြဿနာကောင်လေးဆိုသည်နှင့် ဗေဒါ သဘောပေါက်လိုက်သည်။

တခါက မစ္စတာလု စိုးမြတ်အား အင်တာဗျူးစဉ် မစ္စတာလုဘေးနားမှ ဆယ်ကျော်သက်အရွယ်ချာတိတ်။

မစ္စတာလု၏ မယားများမှ သားသမီးခုနှစ်ယောက်မွေးထားသည့်အနက် တစ်ဉီးတည်းသော သား။ မစ္စတာလု၏ အသဲကျော်။

ဗေဒါက သူ့လူများကိုအသင့်ပြင်ခိုင်းပြီးနောက် ကားပေါ်သို့ တက်လိုက်ကြသည်။

ကားပေါ်ရောက်သည့်အခါမှ စိုးမြတ်ကို ဖုန်းဆက်လိုက်၏။

စိုးမြတ်ကလည်း ဂျင်ဝိုင်းတစ်ခုတွင် သူရောက်နေသဖြင့် သူ့လူများ လွှတ်လိုက်မည်ဟု အကြောင်းပြန်လာသည်။

ပိုင်အိုနီးယားကလပ်ကားပါကင်သို့ ဗေဒါရောက်သွားချိန်တွင် ကောင်လေး က ဝူးဝူးဝါးဝါးဆဲဆိုလျက် ကားများကို ခြေထောက်ဖြင့် လိုက်ကန်နေသည်။

မစ္စတာလု၏ သမီးငယ်က သူ့မောင်ကို လိုက်ဆွဲနေပြီး လောရှည်ကလည်း ဖျောင့်ဖျနေသည်ကိုတွေ့ရ၏။

“ကိုလောရှည် ဘာဖြစ်ကြတာလဲ”

“ဒီမှာ သူ့အမကို ဘာ ဂိုဏ်းက ဆိုလား..ကောင်လေးအုပ်စုက ကလပ်ထဲမှာ စနောက်လို့တဲ့ကွာ..အဲ့ဒါ သူနဲ့ ငြိကြတာ…အစက ဟိုက ဘယ်သူမှန်းမသိတော့ သူ့ကို ဖြဲကြတာပေါ့..ငါဝင်သွားပြီး ထိန်းတော့ ဟိုကောင်လေးတွေက တောင်းပန်သွားပါတယ်”

“အဲ့ဒါများ ပွဲကပြီးနေပြီကိုဗျာ..ဘာလို့ခေါ်ရတာလဲ”

“ဟိုဘက်ကပြီးပြီ..မပြီးတာက..မင်းကောင်ကွ…ဟိုကောင်တွေထဲက တကောင်ကို သေနတ်နဲ့ပစ်သတ်ခိုင်းနေတယ်”

“ဟ”

“မစ္စတာလုက သူ့သားကို ထိန်းဖို့ ငါ့ကိုအပ်ထားတာ..ဒီညမှ သူတို့မောင်နှမတွေ ကလပ်သွားချင်တယ်ပူဆာလို့..ငါက ခိုးလိုက်ပို့ပေးတာကွာ…ဘိုးတော်သိရင် ငါပါ အကြိတ်ခံရမှာ…မင်း ကူပါဉီး..ဗေဒါ”

၁၉၉၅ ခုနှစ်နောက်ပိုင်း ရန်ကုန်ညများတွင် လူငယ်ဂိုဏ်းများ အပြိုင်အဆိုင်ပေါ်ပေါက်ခဲ့ကြသည်။

ဂျပန်မှ ပြန်လာသည့် ရန်နိုင်ဆိုသည့် လူငယ်တစ်ဉီးက White Scorpion အမည်ဖြင့် ဂိုဏ်းဆန်ဆန် စီးပွားရေးကုမ္ပဏီတစ်ခုကိုစတင်ထူထောင်ရာမှ လူငယ်များအကြား စကော်ပီယံဂိုဏ်းအမည်ဖြင့် နာမည်ကြီးလာခဲ့၏။

ရန်နိုင်၏ ဖခင်သည် နဝတအစိုးရနှင့်နီးစပ်သူတစ်ဉီးဖြစ်ပြီး ရန်နိုင်ကိုယ်တိုင်လည်း ဒုစရိုက်လောကတွင် ကျင်လည်ခဲ့သည့်လက်ရဲဇက်ရဲလူငယ်တစ်ဉီးဖြစ်သဖြင့် များမကြာမီပင် အစိုးရအဖွဲ့ဝင်ဝန်ကြီးတို့၏ သားသမီးများ၊ တပ်မတော်အရာရှိကြီးများ၏ သားသမီးများပါ စကော်ပီယံဂိုဏ်းဝင်များအဖြစ် ပါဝင်လာကြသည်။

ရန်ကုန်၏ ညများတွင် စကော်ပီယံ၏ နာမည်သည် ဟိုးဟိုးတောက်လာခဲ့၏။

ထိုသို့ တောက်ပလာသည့်နည်းတူ..စကော်ပီယံဂိုဏ်းနှင့် ပတ်သက်သည်ဆိုသော သူများလည်း တန်ခိုးထွားခဲ့ကြသည်။

ထို့နောက် White Snake ၊ Black Spider စသော နာမည်များဖြင့် နောက်ထပ်ဂိုဏ်းများလည်း ထပ်မံပေါက်ပေါက်လာပြန်၏။

ထူးခြားသည်မှာ ယခင်က စိန်ဂေါ်လီဂိုဏ်းကဲ့သို့သော လူငယ်ဂိုဏ်းများမှာ လူလတ်တန်းစား၊ လမ်းသရဲဟုခေါ်သောလူငယ်လေးများဖြစ်သော်လည်း ၉၀ အလွန်ကာမှ လူငယ်ဂိုဏ်းများမှာ ထိုသို့မဟုတ်တော့။

ဈေးကွက်စီးပွားရေး၊ လာဘ်ပေးလာဘ်ယူစနစ် တို့ က တဟုန်ထိုးကြီးထွားလာချိန်ဖြစ်သဖြင့် ရန်ကုန်၏ အရာရှိအရာခံအသိုင်းအဝိုင်း၊ သူဌေးအသိုင်းအဝိုင်းမှ သားသမီးများ က ဂိုဏ်းများဖွဲ့လာကြခြင်းပင်။

နိုက်ကလပ်များ စတင်ခေတ်စားခါစဖြစ်သဖြင့် လူငယ်ဂိုဏ်းများ၏ ရန်ပွဲများကလည်း တဂျိန်းဂျိန်း။

ယခုတော့ ထိုဂိုဏ်းလူငယ်များနှင့် မစ္စတာလု၏ သား ငြိကြပြီ။

ကလေးသာသာဆယ်ကျော်သက်လေးဖြစ်သဖြင့် တဖက်လူငယ်များကလည်း အနိုင်ကျင့်လိုက်ပုံရ၏။

တုတ်လောက်၊ဓါးလောက်ဖြင့် ဂိုဏ်းဖွဲထားသော လူငယ်များသည် သေနတ်ကို ကစားစရာသာသာသဘောထားနေသော မိသားစုမှ ချာတိတ်နှင့် တွေ့ခဲ့ကြပြီ။

မစ္စတာလု၏သား.. မှာ အတော်လေးပင် ဒေါသထွက်နေသည်ကိုလည်း ဗေဒါ ခန့်မှန်းမိသည်။

သူနှင့် ရန်ဖြစ်လာသူများအား သေနတ်နှင့်ပစ်သတ်ပေးရန်အထိ လောရှည်ကို တောင်းဆိုကာ ပေါက်ကွဲနေခဲ့သည်။

ဗေဒါက လောရှည်ကို လက်ကာပြကာ ကောင်လေးဆီသို့ လျှောက်သွားလိုက်၏။

ကောင်လေးကို လိုက်ဆွဲနေသော သူ့အမ ကို ဗေဒါက ကားထဲ ဝင်ထိုင်ခိုင်းလိုက်သည်။

“အားရှောင်..ငါ့ညီ”

ဗေဒါက ကောင်လေး၏ အိမ်နာမည်ကို ခေါ်ကာကပ်သွား၏။

“ဉီးဗေဒါ….ဟိုလူကြီးက စောက်ကြောက်..သေနတ်ပါနေပြီး ဟိုကောင်တွေကို မပစ်သတ်ရဲဘူး…ဉီးဗေဒါ သွားပစ်ပေးဗျာ..အကုန်ပစ်သတ်ခဲ့”

“သူတို့က မင်းကို တောင်းပန်ပြီးပြီဆို”

“ကျွန်တော့်အမကိုလည်း စနောက်သေးတယ်…ကျွန်တော့်ကိုလည်း စောင့်တွန်းသေးတယ်..ပြီးတော့ တောင်းပန်တာနဲ့ ကျေနပ်ရမှာလား…ခင်ဗျားတို့ မပစ်ရဲရင် ကျွန်တော်သွားပစ်မယ်..ပေး သေနတ်”

ဗေဒါအနောက်မှ ပါလာသော လောရှည်မှာ မျက်စိမျက်နှာပျက်နေသည်။

“နေဉီး…မင်းနဲ့ ငြိတဲ့ကောင်တွေက ဘယ်ဂိုဏ်းကလဲ..သိလား”

“…………………………………………”

အားရှောင်က တရုတ်လိုသာ အော်ဆဲနေတော့၏။

ဗေဒါက ဖုန်းနံပါတ်တစ်ခုကို နှိပ်လိုက်သည်။

“ရန်နိုင်လား”

“…………..”

“ဒီည…မင်းတို့အဖွဲ့ကကောင်တွေ ပိုင်အိုနီးယားမှာရှိလား”

“…………………”

“ဟုတ်ပြီ..မင်းတို့အဖွဲ့မဟုတ်ဘူးဆိုရင်ရပြီ”

ဗေဒါက ရန်နိုင့်ဆီ ဆက်သွယ်လိုက်ခြင်းဖြစ်သည်။ နဝတဝန်ကြီးအဆင့်များ၏ သားများပင်ပါဝင်နေသော စကော်ပီယံဂိုဏ်း မဟုတ်လျှင် ကျန်သည့် လူငယ်ဂိုဏ်းဆိုသည်များမှာ ဘာမှမဟုတ်ကြ။

ရောင်တော်ပြန်နှင့်ရောလွှတ်နေသည်က အများသား။

ထို့ကြောင့် ရှော့ရှိနိုင်သည့် စကော်ပီယံ ဟုတ်မဟုတ် အရင်စိစစ်လိုက်ခြင်းဖြစ်သည်။

ခဏအကြာတွင် တောင်းအေ့စ်ကားတစ်စီး ထပ်ရောက်လာ၏။

ကားပေါ်မှ ဧရာကြီး နှင့် လူ ဆယ်ယောက်ခန့် ဆင်းလာသည်။

“အကို..ကိုစိုးမြတ်က လွှတ်လိုက်လို့”

“အေး..ဒါဆို ခဏစောင့်ကွာ”

ဗေဒါက လောရှည်နှင့် အားရှောင် ရှိရာသို့ ပြန်လျှောက်သွားလိုက်၏။

“အားရှောင်…ငါ့ညီ ကို လုပ်တဲ့ကောင်တွေကို သတ်ပစ်လို့တော့မရဘူး…ပြဿနာတွေက မင်းအပါး အထိ ရောက်သွားရင်ရှုပ်သွားမယ်..ဒီတော့..မင်း မျက်စိရှေ့မှာ ဟိုကောင်တွေကို သေလုမျောပါးဖြစ်အောင် ဉီးဗေဒါ…လုပ်ပြရင် မင်းကျေနပ်မလား”

အားရှောင်က ဂျစ်ကန်ကန်ပုံစံဖြင့် ခေါင်းညိတ်ပြလိုက်သည်။

“အားရှောင်…မင်းကို လုပ်ခဲ့တဲ့ကောင်တွေဘယ်ကောင်တွေဆိုတာ…ဉီးဗေဒါကို လိုက်ပြ”

ဗေဒါက အားရှောင်ကို ပုခုံးဖက်ကာ ကလပ်ထဲသို့ ခေါ်သွား၏။

လောရှည်ကလည်း လွယ်ထားသော ပစ္စတိုသေနတ်ကို ထုတ်ကာ သူ့ခါးတွင် မြင်သာအောင် ထိုးလိုက်သည်။

ကလပ်လုံခြုံရေးများက လောရှည်ကို မြင်သည်နှင့် အမေးအမြန်းမရှိ လမ်းဖယ်ပေးလိုက်ကြ၏။

အားရှောင်နှင့် ငြိခဲ့သည့်လူငယ်တစ်စုမှာ ကလပ်၏ ထောင့်ကျကျစားပွဲတွင် ပုလင်းထောင်ကာ သောက်နေကြသည်။

ကောင်မလေးအချို့လည်းပါနေ၏။

“အားရှောင်..ဉီးလောရှည် နဲ့အတူ ကားပါကင်ပြန်ပြီး ကားထဲက နေ သွားစောင့်နေတော့”

“မင်း ဘာလုပ်မလို့လဲ..ဗေဒါ..တစ်ယောက်တည်းလုပ်မလို့လား”

“မလုပ်ပါဘူး…ကားပါကင်အထိ ခေါ်ခဲ့မှာပါ”

လောရှည်က ခေါင်းညိတ်ပြပြီး အားရှောင်ကို ပုခုံးဖက်ကာ ခေါ်သွား၏။

ဗေဒါက လူငယ်လေးများ၏ ဝိုင်းတွင် ဝင်ထိုင်လိုက်သည်။

“ဘာကိစ္စလဲ”

“ငါ့ညီတို့..ခုနက အကို့တူလေးနဲ့ ပြဿနာဖြစ်ကြတယ်ဆို”

ဗေဒါက သူတို့ထဲမှ ခေါင်းဆောင်ဖြစ်ဟန်တူသည့် လူငယ်၏ မျက်လုံးကို စူးစူးစိုက်စိုက်ကြည့်ရင်း မေးလိုက်ခြင်းပင်။

လူငယ်မှာ စိတ်ရှုပ်ဟန်ဖြင့် အရက်ခွက်ကို စောင့်ချလိုက်သည်။

“ကျွန်တော်တို့ တောင်းပန်ပြီးပြီလေဗျာ…..ခင်ဗျားတို့က မပြီးနိုင်ဘူးလား”

ဗေဒါက သက်ပြင်းချလိုက်၏။

“မပြီးလို့ပေါ့ကွာ..ကလပ်သိမ်းချိန်လည်းနီးပြီ..သိပ်မူးအောင် မသောက်ကြနဲ့ဉီး..အရေးအကြောင်းဆို..မင်းတို့ ပြေးရပြုရခက်နေမယ်”

ဗေဒါက အဓိပ္ပါယ်ပါပါပြောရင်း ပြန်ထွက်လာလိုက်သည်။

ကလပ်သိမ်းရန်က ဆယ်မိနစ်ခန့်သာလိုတော့၏။

ကားပါကင်ကို ပြန်ရောက်သည့်အခါ သူ့လူများကိုရော ဧရာကြီးတို့ကိုပါ အဆင့်သင်ပြင်ထားရန် ပြောလိုက်သည်။

ကားထဲတွင် ထိုင်နေသည့် အားရှောင်က ဗေဒါကို မှုံတေတေဖြင့် ကြည့်နေ၏။

ဗေဒါက ခဏစောင့်ဆိုသည့်သဘောဖြင့် လက်ကာပြလိုက်သည်။

ကလပ်သိမ်းပြီ။

လူငယ်အုပ်စုများ အလျှိုလျှိုထွက်လာကြ၏။

အားရှောင်နှင့် ငြိခဲ့သော White Snake ဆိုသည် ကောင်လေး ခြောက်ယောက်ကလည်း သူတို့ကား ဆီသို့ အော်ဟစ်ဆူညံရင်း လာနေကြသည်။

ဗေဒါက သူ့ကားနောက်မှ ဘေ့စ်ဘော့ရိုက်တံကို ယူကာ ရုတ်တရတ်ပြေးထွက်သွားကာ ရှေ့ဆုံးက ကောင်လေးအား လွှဲရိုက်ချလိုက်၏။

နောက်မှ သူလူများရော ဧရာကြီး၏ လူများကပါ တုတ်ကိုယ်စီဖြင့် ဝိုင်းရိုက်ကြတော့သည်။

သူတို့ဂိုဏ်းသားများကို ရိုက်နေသဖြင့် နောက်ထပ် White Snake ဆိုသော လူငယ်များ က ဝင်လာကြပြန်၏။

မြွေဖြူဂိုဏ်းဆိုသော လူငယ်များမှာ လက်ယဉ်နေသော လူမိုက်ရင့်မအုပ်စု ကို မည်သို့မျှ မယှဉ်နိုင်။

ကားပါကင်တစ်ခုလုံး ဝရုန်းသုန်းကားဖြင့် ရှုပ်ယှက်ခတ်ကုန်သည်။

ဗေဒါက သွေးအလူးလူးဖြစ်နေသော လူငယ်ကို အားရှောင်ထိုင်နေသည့် ကားရှေ့သို့ ဒရွတ်တိုက်ဆွဲခေါ်ချလာသည်။

ထို့နောက် သူ့အိပ်ကပ်ထဲမှ ခလုတ်ဓားကို ဖြောင်းခနဲနေအောင် ဖွင့်လိုက်၏။

“အားရှောင်…ငါ့ညီကို တွန်းတာ ဒီကောင်မှတ်လား..လာ..ဒီကောင့် လက်ချောင်းတွေကို လာဖြတ်စမ်း”

အားရှောင် ဗေဒါကို မျက်လုံးပြူးပြီးကြည့်နေသည်။

“လာပါဟ….မင်းမဖြတ်ရင်..ငါဖြတ်ရမလား”

အစောပိုင်းက ဒေါသပေါက်ကွဲနေသည့် အားရှောင်မှာ သူ့ထက်ကြမ်းပြနေသည့် ဗေဒါကို မှင်တက်နေ၏။

ဗေဒါက အားရှောင်ကို တမင်လုပ်ပြနေခြင်းပင်။

ခဏအကြာတွင် လုံထိန်းရဲကားများ ရောက်ရှိလာကြသည်။

သူတို့အားလုံးကို သေနတ်နှင့်ချိန်ကာ ကားများပေါ်သို့ ဆွဲတင်ကြ၏။

ဗေဒါက ခပ်တည်တည်ပင် ရဲကားများပေါ်သို့ တက်ထိုင်လိုက်သည်။ ဗေဒါလူများရော ဧရာကြီးတို့အဖွဲ့ပါ အဖမ်းခံရပြီဖြစ်သည်။

ဒဏ်ရာရနေကြသော ဂိုဏ်းအဖွဲ့လူငယ်များကိုလည်း ရဲများက ကားပေါ်ဆွဲတင်နေ၏။

ကလပ်မန်နေဂျာများရော၊ လုံခြုံရေးများရော၊ ရဲများပါ ရှုပ်ယှက်ခတ်နေစဉ် ခရိုင်ရဲမှူးအဆင့် ပုဂ္ဂိုလ်က ပြာတီးပြာယာဖြင့် ဗေဒါ တက်ထိုင်နေသော ကားနားသို့ ရောက်လာသည်။

“ညီလေးက…ကိုဗေဒါ ဆိုတာလား”

ဗေဒါက ခေါင်းညိတ်ပြလိုက်၏။

“လာ..လာ…ညီလေးက အဲ့ဒီမှာ ထိုင်ရမှာမဟုတ်ဘူး..ဆင်းပါဉီး”

ဗေဒါက လုံထိန်း ကားပေါ်မှ ခုန်ဆင်းလိုက်သည်။

ခရိုင်ရဲမှူးက ကုပ်ကုပ်ကုပ်ကုပ်ဖြင့် ဗေဒါကို ရှေ့မှ ဉီးဆောင်ခေါ်သွား၏။

လောရှည်နှင့်အားရှောင်တို့ ကားမှာ ထွက်သွားကြပြီဖြစ်သည်။

ကလပ်အရှေ့ တွင် ရပ်နေသော စူပါရုဖ်တစ်စီးရှေ့အရောက်တွင် ခရိုင်ရဲမှူးက အလေးပြုလိုက်၏။

ကားပေါ်တွင် အရပ်ဝတ်နှင့်လူတစ်ယောက်။

“ကဲ..ကိုဗေဒါ…ကျွန်တော် ထောက်လှမ်းရေး ၃ က ဗိုလ်ကြီးရန်နိုင်ဝင်းပါ..ကားပေါ်တက်ဗျာ”

ဗေဒါက တံခါးဖွင့်ကာ ကားပေါ်တက်ထိုင်လိုက်၏။

ပိုင်းလော့ကုဒ်အစိမ်းရောင်ကို ဝတ်ထားသော ဗိုလ်ကြီးဆိုသူက ကားကို ကလပ်ရှေ့မှ မောင်းထွက်သွားသည်။

“ဂျာနူး ဖုန်းဆက်ပြောလို့ ကျွန်တော်လည်း ချက်ချင်းထလာခဲ့တာပဲ..ကိုဗေဒါ့ လူတွေကို စခန်းရောက်ရင် ပြန်ထုတ်ပေးဖို့လည်း ကျွန်တော် ခရိုင်ရဲမှူးကို ပြောခဲ့ပြီးပါပြီ”

ဂျာနူး ဖုန်းဆက်ပြောသည်ဆိုသဖြင့် ဗေဒါမှာ စိုးရိမ်သွား၏။

ဂျာနူးသိလျှင် ထိုကိစ္စကို မစ္စတာလု သိသွားမှာက သေချာသည်။

ဒီကိစ္စတွေကို သူ့အမိန့်မရပဲ ဖြေရှင်းသည့်အတွက် လောရှည်ရော၊ သူ့ပါ အပြစ်ဖြစ်ရတော့မည်။

ဗေဒါက စိတ်ရှုပ်ရှုပ်ဖြင့် သူ့ခေါင်းကို ကုပ်လိုက်စဉ်..စေးကပ်ကပ်သွေးများကြောင့် ကားဘက်မှန်ထဲတွင် သူ့ကိုယ်သူ ပြန်ကြည့်လိုက်၏။

ရိုက်ပွဲတွင် သူ့လူကိုယ့်လူရှုပ်ယှက်နေစဉ် မည်သူဆော်သွားသည်မသိ။

ဗေဒါ့ နဖူးတွင် အာလူးသီးတစ်လုံးနှင့်အတူ တစ်လက်မ ခန့် ကွဲနေသည်။

“ကျွန်တော့်အိမ်က ယောက်လမ်းမှာ..အဲ့ဒီကို ပို့ပေးပါ… ဆေးပြန်ထည့်မှရမယ်”

ဗိုလ်ကြီးရန်နိုင်ဝင်းက ကားမောင်းနေရင်းမှ ဗေဒါ နဖူးကို လှမ်းကြည့်လိုက်သည်။

“ခင်ဗျားကို ဂျာနူးက သူ့ဆီခေါ်လာခိုင်းတာဗျ”

ထိုသို့ဆိုလျှင်တော့…မစ္စတာလု သိသွားသည်မှာ သေချာလေပြီ။

ဗေဒါက ဘာစကားမှ မပြောပဲ ဒဏ်ရာကို လက်နှင့်ဖိကာသာ အပြင်ကိုငေးပြီးလိုက်ပါလာတော့သည်။

ဗေဒါရောက်ဖူးနေကျ ရွှေတောင်ကြားမှ တိုက်ပုရှေ့တွင် ကားကိုရပ်လိုက်၏။

“ကိုဗေဒါ..ကျွန်တော့်ဖုန်းနံပါတ်ယူထားပါ..နောက် ကိစ္စကြီးငယ်ရှိရင်..ကျွန်တော့်ဖုန်းဆက်ပေါ့”

ဗိုလ်ကြီးရန်နိုင်ဝင်း သူ့လိပ်စာကဒ်ကို ကမ်းပေးသည်။

“ကျေးဇူးပါပဲဗျာ”

ဗေဒါက လိပ်စာကဒ်ကို ယူပြီး ခြံတံခါးကို တွန်းဖွင့်လိုက်၏။

ခြံဝန်းထဲတွင် လောရှည်နှင့် အားရှောင်တို့ မောင်နှမတသိုက် စီးလာသော ကားကို တွေ့ရသည်။

သူတို့လည်းရောက်နေပြီပေါ့။

ဗေဒါက မစ္စတာလုနှင့် ရင်ဆိုင်ရန် စိတ်ကိုလျော့ပြီး အထဲသို့ ဝင်လိုက်၏။

သို့သော် သူထင်သလိုမဟုတ်။

အထဲတွင် မစ္စတာလု မရှိ။

လောရှည်တစ်ယောက်သာ အရှေ့ဆိုဖာပေါ်တွင် ထိုင်ရင်း ကော်ဖီသောက်နေသည်။

“ဗေဒါ..ရောက်လာပြီလား..ကလေးတွေတော့…သူတို့အခန်းတွေထဲ ဝင်အိပ်နေပြီ”

ဗေဒါက လောရှည်ဘေးမှ ခုံတွင် ဝင်ထိုင်လိုက်၏။

“မစ္စတာလု သိသွားပြီလား”

လောရှည်က ပြုံးပြပြီး ခေါင်းခါလိုက်သည်။

“မင်းတို့ကို ရဲက ဖမ်းသွားတော့..ငါလည်း ဖြစ်ချင်ရာဖြစ်ဆိုပြီး ဂျာနူးကို ဖုန်းလှမ်းဆက်လိုက်တာ…တော်သေးတာက.မစ္စတာလုက ဒီနေ့ည သူ့နံပါတ်သုံးအိမ်မှာ သွားအိပ်တယ်… ဂျာနူးကပဲ ထောက်လှမ်းရေးကို ဖုန်းဆက်ပေးတာ…ဟူး…မစ္စတာလု သိတာကမှ တော်ပါသေးတယ်ကွာ…အခုက”

“အခုက ဘာဖြစ်လို့တုန်း..ကိုလောရှည်”

“ဘာဖြစ်ရမတုန်း..မင်းကို ပြဿနာထဲဆွဲထည့်လို့ဆိုပြီး..ငါ့ကို တောက်လျှောက်ပွားနေတာ..ဟိုမှာ”

လောရှည်ညွှန်ပြလိုက်သဖြင့် ဗေဒါက ကြည့်လိုက်သည်။

ညဝတ်ဂါဝန်အဖြူရောင်ဖြင့် အခန်းတံခါးတွင် သူ့ကို စိုက်ကြည့်နေသည့် ဂျာနူး။

“ရှင်တို့တွေ…ကလေးတွေနဲ့ပေါင်းပြီး..ပြဿနာအတော်ရှာကြတယ်..အဘိုးကြီးသိရင်…အကုန်ရှုပ်ကုန်မယ်”

ဂျာနူး အသံက ခပ်စွာစွာ။

ဗေဒါ က ပင်ပန်းနေသဖြင့် ဘာမှ ပြန်ပြောမနေတော့ပဲ..ဆိုဖာပေါ် ခြေပစ်လက်ပစ်ထိုင်ချလိုက်၏။

သွေးပူနေသေးသဖြင့် နဖူးမှ ဒဏ်ရာသည် သွေးများ ဖြာကျလာသည်။

“ဟယ်..အံမယ်လေး..ဒီလောက်ဒဏ်ရာရလာတယ်”

ဂျာနူးမှာ အလန့်တကြားဖြင့် ဗေဒါ ရှိရာသို့ အပြေးလာကာ ဒူးထောက်ထိုင်လိုက်၏။

“နည်းနည်းပါ”

“ဘာနည်းနည်းလဲ..သွေးတွေ..ဒီလောက်ကျနေတာ”

ဂျာနူး က ဗေဒါ၏ မျက်နှာကို သူ့လက်နှစ်ဖက်ဖြင့် သေချာကိုင်ကြည့်လိုက်သည်။

“ဆေးထည့်ပြီး ပလာစတာကပ်မှရမှာပေါ့…နေဉီး.အခန်းထဲမှာ ရှိတယ်”

ဂျာနူး ပျာယာခတ်နေသည်ကို လောရှည်က အကဲခတ်နေ၏။

ထို့နောက် စီးကရက်ဗူးကို ယူကာ ဗေဒါအား တချက်ပြုံးပြပြီး ခြံထဲသို့ ထွက်သွားသည်။

ဂျာနူးက အရက်ပျံပုလင်း၊ ဂွမ်း၊ ပလာစတာတို့နှင့်အတူ ပြန်ရောက်လာသည်။

“ပေး..ကျွန်တော့်ဘာသာ ထည့်မယ်..ရတယ်”

“ရှင့်မျက်နှာ ရှင်ပြန်မြင်ရလို့လား…ငြိမ်ငြိမ်နေ..ကျွန်မလုပ်ပေးမယ်”

ဂျာနူးက ဂွမ်းတွင် အရက်ပျံများ စွတ်ကာ ဗေဒါ၏ ဒဏ်ရာကို သန့်စင်ပေးနေသည်။

ဗေဒါမှာ စပ်ချိန်မရ။

ဂျာနူး၏ ကိုယ်သင်းနံ့နှင့်အတူ ဝင်သက်ထွက်သက်များက သူ့မျက်နှာပေါ်ရိုက်ခတ်လျက်။

ညဝတ်အင်္ကျီလည်ပင်းဟိုက်ဟိုက်အောက်မှ ထွက်ပေါ်နေသော ဂျာနူး၏ တောင်ကြားလမ်းဖွေးဖွေးကလေးဆီမှ ဗေဒါ၏ မျက်လုံးများကို မနည်းဆွဲခွာနေရသည်။

ဂျာနူးကတော့ တဗျစ်တောက်တောက်ပြောကာ..ဆေးထည့်ပေးနေဆဲ။

ဗေဒါ သည်းမခံနိုင်တော့။

ဂျာနူး ၏ ခါးကို သိမ်းဖက်လိုက်သည်။

“အယ်”

ဗေဒါ၏ နှာခေါင်းနှင့် ဂျာနူး၏ ပါးပြင်တို့ ထိလုထိခင်။

ဂျာနူးက လူချင်းဆွဲခွာလိုက်၏။

“ဘာလုပ်တာလဲ”

“အား…စပ်လို့ပါ…စပ်လို့..ကိုင်မိကိုင်ရာ ကိုင်လိုက်တာ”

ဂျာနူး၏ မျက်စောင်းဝင့်ဝင့်ကလေး။

“စပ်ရင်လည်း သေလိုက်လေ”

ဂျာနူးက အရက်ပျံပုလင်းနှင့် ဂွမ်းကို ချကာ ထထွက်သွားတော့၏။

အခန်းတံခါးကို ဝုန်းခနဲ စောင့်ပိတ်သွားသည်။

ဗေဒါက ကြည်နူးမှုများဖြင့် ဧည့်ခန်းထဲတွင် ပြုံးပြုံးကြီးထိုင်လျက်။

နဘေးနားမှ လောရှည်ကျန်ခဲ့သော ကော်ဖီခွက်ကို ကောက်မော့လိုက်၏။

ကော်ဖီက မခါး။ ဒါမှမဟုတ် သူ့အတွက် ခံစားမှုမှန်သမျှက ချိုမြိန်နေတာလည်းဖြစ်မည်။

“ကိုယ့်လူ”

မည်သည့်အချိန်က ရောက်နေမှန်းမသိသည့် လောရှည်က စီးကရက်ဘူး ကမ်းပေးလာမှ ဗေဒါ သတိဝင်လာသည်။

“စီးကရက်သောက်ရင်း..အပြင်မှာ စကားပြောကြမလား”

လောရှည် ၏ မျက်လုံးထဲတွင် တခုခုပြောလိုသည့် အငွေ့အသက်ကို ဗေဒါ ခံစားသိလိုက်၏။

ဗေဒါက စီးကရက်မီးညိှ့လိုက်ပြီး အပြင်သို့ ထွက်လာလိုက်သည်။

နံနက် အာရုဏ်ပင် တက်တော့မည်။

ရွှေတောင်ကြားရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းမှ အုန်းမောင်းခေါက်သံပင် ကြားနေရ၏။

လောရှည်က ဗေဒါဘေးတွင် လာရပ်ရင်း စီးကရက်မီးခိုးငွေ့များကို မှုတ်ထုတ်လိုက်သည်။

“ဂျာနူး အကြောင်းကို မင်းဘယ်လောက် သိလဲ..ဗေဒါ”

ဗေဒါက ခေါင်းခါလိုက်၏။

“ဒီကောင်မလေးက လောမိသားစုရဲ့ စနစ်တကျပုံသွင်းတာ ခံထားရတဲ့ စက်ရုပ်တစ်ရုပ်ပဲ.. ဟိုး ကလေးဘဝကတည်းက သူ့ဖြစ်တည်မှုအားလုံးဟာ လောမိသားစုအတွက်လို့ပဲ သူသိထားတာ..အင်း..ငါလည်း အတူတူပါပဲကွာ”

လောရှည်စကားကို ဗေဒါ သဘောပေါက်လိုက်သည်။

“သူ့ရဲ့ နှလုံးသားကိုတော့ လောမိသားစု မပိုင်လောက်ပါဘူးဗျာ”

ဗေဒါက ခပ်တိုးတိုးပြောလိုက်၏။

“မင်း သူ့ကို ကြိုက်နေပြီလား..ဗေဒါ”

ဗေဒါက ပြန်မဖြေ။ စီးကရက်မီးခိုးငွေ့များကိုသာ မှုတ်ထုတ်လိုက်သည်။

လောရှည်က ဗေဒါ၏ ပုခုံးကို ပုတ်လိုက်၏။

“မကြိုက်သေးဘူးဆိုရင်လည်း မကြိုက်မိအောင်နေကွာ”

“ဘာလို့လဲဗျ”

“ဂျာနူး ဟာ သူ့ကိုယ်သူ မပိုင်ဘူးလို့ ငါပြောပြီးပါကော”

“သူလည်း အပျို ကျွန်တော်လည်း လူပျို..ကြိုက်တော့ရော ဘာဆန်းလို့တုန်းဗျာ”

“ဗေဒါ….မင်းနားလည်အောင် ငါပြောရရင်..ဂျာနူးဟာ ..သူ့ခန္ဓာကိုယ်တောင် သူမပိုင်ရှာဘူး..သူ့ရဲ့ စိတ်ရော ခန္ဓာကိုယ်ရော သူဖြစ်တည်မှုအားလုံးကို မစ္စတာလု ပဲ ပိုင်တယ်..ရိုင်းရိုင်းပြောရရင် မစ္စတာလု စိတ်ဆန္ဒရှိတဲ့အခါ ဂျာနူးဟာ သူ့ရဲ့အချိန်ပိုင်းမယားဖြစ်ပေးရမှာပဲ..အဲ့ဒါ…..မင်းသဘောပေါက်ထား”

လောရှည်အသံက အဝေးကြီးမှ လာသည့်အသံလိုမျိုး။

ဗေဒါ ရင်၌ ဟာခနဲ ။

ဟင်းလင်းပြင်တစ်ခု ထဲသို့ သူ့တကိုယ်လုံးလွင့်မျောသွားသကဲ့သို့..တစုံတရာကို နင့်နင့်နဲနဲ ခံစားလိုက်ရသည်။

ခုနသောက်ခဲ့သည့် ကော်ဖီသည် ယခုမှ လျှာပေါ်တွင် ပြန်ခါးလာသလိုလို။

ခက်ဇော်

*** အခန်း ၉ ကို သဘက်ခါ ညနေ ၆ နာရီမှာ တင်ဆက်သွားပါမယ် ***