သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၆၆)

0
2989
ပဉ္စမ-အကြိမ်ညီလာခံက ရွေးချယ်လိုက်တဲ့ ဗဟိုကော်မီတီဝင်များ ခွပ်ဒါင်းအလံကိုင်ပြီး သစ္စာဆိုနေစဉ်။

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၆၅)

အပိုင်း-၇- (ကြွေလွင့်သွားသော ကြယ်ပွင့်များ)

အခန်း-၆၆-

(၁) ပဥမအကြိမ် ညီလာခံနှင့် ဗဟိုကော်မီတီအသစ်ရွေးချယ်ခြင်း

အမှန်အတိုင်း ဝန်ခံရရင် သတင်းထောက်ရူး ရူးနေတဲ့ကျနော်ဟာ တခြားရဲဘော်တွေလို ဗဟိုကော်မတီတာဝန်နဲ့ စခန်းတာဝန်တွေကို သိပ်စိတ်မဝင်စားတော့ပါဘူး။ ဗဟိုကော်မတီ အစည်းဝေးအတွင်း လမ်း (၃) သွယ်ကိစ္စကို သူများတွေ အသည်းအသန် ငြင်းနေချိန်မှာ ကျနော်က အဲဒါတွေထက် ဘန်ကောက်ပို့စ်သတင်းစာဆီ ပို့ထားတဲ့ ရတနာဓာတ်ငွေ့ ပိုက်လိုင်းအကြောင်း ဆောင်းပါး ဒီတပတ် ပါ-မပါ၊  DVB အတွက် ပို့ထားတဲ့သတင်းတွေ ပုံမှန်ပါ-မပါဆိုတာတွေကို ပိုစိတ်ဝင်စားနေတဲ့အချိန် ဖြစ်ပါတယ်။

ကျနော်အပါဝင် ဒီလို ခေါင်းရှောင်ပြီး ထွက်သွားသူတွေကို ”အချောင်သမား” တွေအဖြစ် တချို့ ခေါင်းဆောင်တွေက အမြင်စောင်းမှုတွေ ရှိခဲ့ပါတယ်။ ”မင်းကတော့ အနေအစားချောင်တဲ့ သတင်းထောက်ပဲ ဆက်လုပ်ပေါ့ကွာ” ဆိုပြီး ဗဟိုထိပ်ပိုင်း ခေါင်းဆောင်တဦးက ကျနော့်ကို နောက်သလိုလိုနဲ့ နှိပ်ကွပ်ခဲ့တာကို မှတ်မိနေဆဲဖြစ်ပါတယ်။

ဒါပေမယ့် ဘာမှမတတ်နိုင်။ သတင်းထောက် လုပ်ခြင်းဟာလည်း တော်လှန်ရေးကို တခြားပုံစံတခုနဲ့ ဆက်လုပ်နေတယ်။ လွတ်လပ်စွာ ပြောဆိုခွင့်၊ သတင်းလွတ်လပ်ခွင့် တွေဟာလည်း ABSDF ရည်ရွယ်ချက် (၄) ခုထဲက ဒီမိုကရေစီ ရရှိရေးခေါင်းစဉ်ထဲမှာပါတယ်လို့ ကိုယ်သာသာ ရှေ့နေလိုက်ပြီး ဗဟိုကော်မတီ အစည်းဝေးပြီးတာနဲ့ ဇလားစခန်းကနေထွက်ပြီး ဘန်ကောက်ကို ကျနော်ပြန်တက်လာခဲ့ပါတယ်။

(ABSDF ရည်ရွယ်ချက် (၄)-ရပ်ကတော့ (က) တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူလုထုတရပ်လုံး စစ်အာဏာရှင်စနစ်အောက်မှ လွှတ်မြောက်ရေး။ (ခ) ဒီမိုကရေစီနှင့် လူအခွင့်အရေးရရှိရေး။ (ဂ) ပြည်တွင်းငြိမ်းချမ်းရေးရရှိရေး။ (ဃ) ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေး-တို့ဖြစ်ပါတယ်)

ဆဌမ-အကြိမ်ညီလာခံက ရွေးချယ်လိုက်သော ဗဟိုကော်မီတီဝင်များကို တွေ့ရစဉ်။

ဖေဖော်ဝါရီလ (၂၆) ရက်နေ့မှာတော့ စီစဉ်ထားတဲ့အတိုင်း ပဉ္စမအကြိမ်ညီလာခံကို ကျင်းပခဲ့တယ်လို့ သိရပါတယ်။ အောက်ခြေစခန်းတွေ၊ ဗဟိုကော်မတီတာဝန်တွေနဲ့ ကင်းကွာသွားတဲ့ ဘန်ကောက်အခြေစိုက် DVB သတင်းထောက် ကျနော်ဟာ ABSDF အကြောင်း အသေးစိတ် အခြေနေတွေကို ထဲထဲဝင်ဝင် မသိတော့ပါဘူး။

ရဲဘော်တွေနဲ့ တွေ့မိ၊ မေးမိသမျှ အချက်လက်တွေ၊ မှတ်တမ်းတွေအရဆိုရင် ပဉ္စမအကြိမ် ညီလာခံမှာ ကိုနိုင်အောင်၊ ကိုမိုးသီးဇွန် အပါဝင် ခေါင်းဆောင်ဟောင်းတွေ အများစုပဲ ဗဟိုကော်မတီအဖြစ် ပြန်အရွေးခံခဲ့ရတယ်လို့ သိရပါတယ်။

ဥက္ကဌအဖြစ် ဒေါက်တာနိင်အောင်၊ ဒုဥက္ကဌအဖြစ် ကိုမိုးသီးဇွန်၊ အထွေထွေ အတွင်းရေးမှုးအဖြစ် ကိုအောင်သူငြိမ်း၊ အတွင်းရေးမှူး (၁) အဖြစ် ကိုစိုင်းမြင့်သူ၊ အတွင်းရေးမှူး (၂) အဖြစ် ကိုလှဌေးတို့ ရွေးချယ်ခံရပါတယ်။

ဗဟိုဦးဆောင် ကော်မတီဝင်တွေ အဖြစ်ကတော့ ကိုအောင်နိုင် (အနောက်ပိုင်း /မြောက်ပိုင်း)၊ ကိုခင်မောင်ဝင်း (နိုင်ငံခြားရေး)၊ ကိုမျိုးးဝင်း (စည်းရုံး/ပြန်ကြား)၊ ကိုဌေးအောင်၊ ကိုကျော်ကျော်နဲ့ ကိုဝင်းနိုင်ဦးတို့ ဖြစ်ပါတယ်။

ဗဟိုကော်မတီဝင်တွေ အဖြစ်ကတော့ ကိုသံခဲ (အနောက်ပိုင်း)၊ ကိုမြတ်သူ (စည်းရုံးရေးဌာန)၊ ကိုဆလိုင်းယောအောင် (ဘဏ္ဍာရေးဌာနတာဝန်ခံ)၊ ကိုအောင်ခိုင် (ဘဏ္ဍာရေးဌာန ဒု-တာဝန်ခံ)၊ ကိုဇော်ဝင်းလွင် (ထောက်ပံ့ရေးဌာန)၊ ကိုကျော်ကိုကိုဝင်း (နယ်မြေအလုပ်အဖွဲ့- တောင်ပိုင်း)၊ ကိုမင်းမင်း (နယ်မြေအလုပ်အဖွဲ့- တောင်ပိုင်း)၊ ကိုသိမ်းဆန်း (နယ်မြေ အလုပ်အဖွဲ့- တပ်ရင်း ၂၊ ၃)၊ ကိုခင်မောင်ဆွေ (စည်းရုံးရေး)

ကိုအောင်နိုင်ဦး (နိုင်ငံခြားရေး-အတွင်းရေးမှုး)။ ကိုဆန်နီ (နိုင်ငံခြားရေး တွဲဘက်အတွင်းရေးမှူး)၊ ကိုခင်ကျော် (စစ်ရုံးချုပ်တာဝန်ခံ)၊ ကိုဝင်းမင်း (နယ်မြေအလုပ်အဖွဲ့- တပ်ရင်း ၈၊ ၉)၊ ကိုလွမ်းဏီ (ပြန်ကြားရေးဌာန)၊ ကိုကျော်သူရိန် (ပညာရေးဌာန)၊ ကိုဇော်လွင်စိုး၊ ကိုထွန်းထွန်းအောင် (အရံ ဗဟိုကော်မတီဝင်)၊ ကိုမောင်မောင်ကြီး (ဗဟိုဌာနချုပ်ရေးရာ) နဲ့ ကိုဇော်ကိုနိုင် အပါအဝင် စုစုပေါင်း ဗဟိုကော်မတီဝင် (၃၀) ဦး ဖြစ်တယ်လို့ မှတ်တမ်းတွေမှာ တွေ့ရပါတယ်။

————–

နဝမ-အကြိမ်ညီလာခံက ရွေးချယ်လိုက်သော ဗဟိုကော်မီတီဝင်များကို တွေ့ရစဉ်။

(၂) ခေါင်းဆောင်မှု အပြောင်းအလဲနှင့် NDD ပေါ်လာခြင်း

ဒီကော်မတီ သက်တမ်းကာလအတွင်း ရှေ့မှာပြောခဲ့တဲ့ လမ်း (၃) သွယ်ကိစ္စကို ဆက်လက်ဆွေးနွေးခဲ့ပြီး တပ်ရင်းအဆင့်၊ အောက်ခြေအဆင့်အထိ အသေးစိပ်ချပြခဲ့ကြောင်း၊ အဲဒီနောက် ရဲဘော်တဦးချင်းစီရဲ့ ဆန္ဒတွေကို လွတ်လပ်စွာ ခံယူဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီလို ဆန္ဒခံယူပွဲမတိုင်မီမှာ အကြောင်းအမျိုးမျိုးကြောင့် ဥက္ကဌ ဒေါက်တာနိုင်အောင်၊ ဒုဥက္ကဌ ကိုမိုးသီးဇွန်၊ အထွေထွေအတွင်းရေးမှူး ကိုအောင်သူငြိမ်း အပါအဝင် ထိပ်ပိုင်းခေါင်းဆောင်အတော်များများ တာဝန်ကနေ နုတ်ထွက်ကြပြီး အတွင်းရေးမှူး (၁) ကိုစိုင်းမြင့်သူက ယာယီဥက္ကဌအဖြစ် အသွင်ကူးပြောင်းရေး ကြားကာလတခုကို တာဝန်ယူခဲ့တယ်လို့ ဗဟိုကော်မတီဝင်ဟောင်းတွေက ကျနော့်ကို ပြောပြခဲ့ပါတယ်။

ဒီလိုနဲ့ (၂၀၀၀) ခုနှစ် နှောင်းပိုင်းမှာ ထွက်ပေါ်လာတဲ့ ရဲဘော်တွေရဲ့ ဆုံးဖြတ်ချက်အရ တပ်ဖွဲ့ဝင်အများစုဟာ ABSDF အဖြစ် ဆက်ရပ်ဖို့ ဆုံးဖြတ်ခဲ့ကြောင်း၊ ဒါပေမယ့် တချိုကတော့ NDD (Network for Democracy and Development ) ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်အဖွဲ့အဖြစ် အသွင်းပြောင်းခဲ့ကြောင်း။ အနည်းအကျဉ်းကတော့ ABSDF ကနေ ပြီးနူတ်ထွက်ပြီး လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီထဲ ဝင်သွားတယ်လို့ သိရပါတယ်။

အဲဒီလို အသွင်ပြောင်းသွားသူတွေထဲမှာ ဒေါက်တာနိုင်အောင်က NDD ရဲ့ အတွင်းရေးမှူးချုပ် ဖြစ်လာပြီး သူနဲ့အတူ ကိုစိုင်းမြင့်သူ၊ ကိုကျော်ကျော်၊ ကိုဌေးအောင်၊ ကိုခင်မောင်ဝင်း၊ ကိုအောင်နိုင် အပါဝင် ABSDF ခေါင်းဆောင်ဟောင်း အတော်များများ ပါသွားပါတယ်။

ကိုမိုးသီးဇွန်း အပါအဝင်တခြား ထိပ်ပိုင်းခေါင်းဆောင် တချို့ကတော့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ တနည်းအားဖြင့် ABSDF မှာ တာဝန် မထမ်းခင်ကတည်းက အရင် သူတို့ရဲ့ မိခင်ပါတီထဲ ပြန်ဝင်သွားကြတယ်လို့ ကြားရပါတယ်။

ကျနော်တို့ တပ်ရင်း (၁) က ပုဂ္ဂိုလ်တွေဖြစ်တဲ့ ဆရာအောင်မြင့်၊ ကိုကျော်ထင်၊ ကိုမြင့်အောင် စသဖြင့် အတော်များများလည်း NDD ဆီ ပါသွားတယ်လို့ သိရပါတယ်။ ဒါပေမယ့် ကိုမျိုးဝင်းအပါဝင် ရဲဘော်အများစုကတော့ ABSDF အဖြစ် ဆက်ရပ်တဲ့ အုပ်စုထဲ ပါသွားပါတယ်။

၁၀ ကြိမ်မြောက်ညီလာခံက ရွေးချယ်လိုက်သော ဗဟိုကော်မီတီဝင်များကို တွေ့ရစဉ်။

ABSDF ရဲဘော်တွေ ရာနဲ့ချီပြီး NDD ထဲ ပါသွားပေမယ့်၊ နိုင်ငံရေးအလံ (၂) ခု ဖြစ်သွားတယ်ဆိုပေမယ့် ရဲဘော်အားလုံးဟာ ဇလားစခန်းအပါဝင် မူလ တပ်ရင်းနေရာတွေမှာပဲ အတူတူ ဆက်နေနေပြီး သူ့တာဝန် သူလုပ်၊ ကိုယ်တာဝန်ကိုယ်လုပ်နဲ့ ဘာမှ အချင်းချင်းကြား ပြဿနာမရှိတဲ့အပြင် အချင်းချင်းတောင် အပြန်အလှန် ကူညီပေးကြတယ်လို့ ကျနော်မေးမြန်းခွင့်ရခဲ့တဲ့ နှစ်ဖက် အဖွဲ့ဝင်တွေက ပြောပါတယ်။

အဲဒီနောက်ပိုင်း (၂၀၀၁) ခုနှစ် မတ်လ (၂၃) ရက်နေ့မှာ ကျင်းပတဲ့ ဆဌမ-အကြိမ် ညီလာခံမှတ်တမ်း ဓာတ်ပုံထဲမှာတော့ ဒေါက်တာနိုင်အောင်၊ ကိုမိုးသီးဇွန်နဲ့ အရင် ခေါင်းဆောင်ဟောင်းတွေကို မမြင်ရတော့ပါဘူး။

ဥက္ကဌအသစ် ဖြစ်လာတဲ့ ကိုသံခဲ၊ ဒုဥက္ကဌ ကိုကျော်ကိုကို၊ အထွေထွေ အတွင်းရေးမှူး ကိုမျိုးဝင်း၊ အတွင်းရေးမှူး (၁) ကိုဝေလင်းဇင်၊ အတွင်းရေးမှုး (၂) ကိုသိန်းဆန်းတို့ ဦးဆောင်တဲ့ (၁၇) ဦးပါ ဗဟိုကော်မတီသစ်ကို တွေ့ရပါတယ်။

ဗဟိုအလုပ်မှုဆောင် ကော်မတီဝင်တွေအဖြစ် ကိုလွဏ်းဏီနဲ့ ကိုဆန်နီ၊ ဗဟိုကော်မတီဝင်တွေအဖြစ် ကိုဆလိုင်းယောအောင်၊ ကိုကျော်သူရ၊ ကိုနေမျိုး၊ ကိုချင်း၊ ကိုမင်းမင်း၊ ကိုမြင့်ဦး၊ မနန်းရင်၊ ကိုအေးမင်းနိုင်၊ အရံဗဟိုကော်မတီဝင်အဖြစ် ကိုမိုးကျော်ဦးနဲ့ ကိုစိုးထွတ်တို့ ဖြစ်ပါတယ်။

အဲဒီချိန်ကစပြီး နောက်ပိုင်း ကျင်းပတဲ့ညီလာခံတွေမှာ ကိုသံခဲကိုပဲ ဥက္ကဌအဖြစ် ဆက်လက် ရွေးချယ်ကြတဲ့အတွက် အခုအချိန်အထိ ကိုသံခဲက ဥက္ကဌအဖြစ် တာဝန်ယူပြီး ABSDF ကို ဦးဆောင်နေတာဖြစ်တယ်လို့ သိရပါတယ်။

………………………………………

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၆၇) >>>>>

ထက်အောင်ကျော်