တစ်ပတ်အတွင်း မြန်မာ့ရေးရာ

0
3188

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဇန်နဝါရီလ ၁ ရက်နေ့မှ ၇ ရက်နေ့အထိ

နိုင်ငံရေးအကျဉ်းသား သုံးရာဝန်းကျင်သာပါဝင်သည့် လွတ်လပ်ရေးနေ့ လွတ်ငြိမ်း

Photo by RFA Burmese

လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အကျဉ်းသား ခုနစ်ထောင်ကျော်ကို လွတ်ငြိမ်းသက်သာခွင့်ဖြင့် ပြန်လွှတ်ပေးရာ တွင် ထင်ရှားသူအချို့၊ သတင်းမီဒီယာသမားအချို့အပါအဝင် နိုင်ငံရေးအကျဉ်းသား ၃၀၀ ဝန်းကျင်သာ ပါဝင်သည်။

၇၅ နှစ်ပြည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် စစ်ကောင်စီက အကျဉ်းသား ၇၀၁၂ ဦးကို ပုဒ်မ ၄၀၁ အရ ပြစ်ဒဏ်လျှော့ပေါ့သက်သာခွင့်ဖြင့်ကာ ပြန်လွှတ်ပေးခဲ့သည်။

လူသတ်မှု၊ မုဒိမ်းမှု၊ ပေါက်ကွဲစေတတ်သောဝတ္ထုပစ္စည်းများအက်ဥပဒေ ၁၉ (စ) အရ ပြစ်မှုများ၊ လက်နက်မှု၊ မူးယစ် ဆေးဝါးအမှု၊ အဂတိလိုက်စားမှု၊ အကြမ်းဖက်မှုများ၊ ဘေးစီမံ ဥပဒေအရပြစ်မှုများ မဟုတ်သည့် အခြားပုဒ်မများဖြင့် ထောင်ဒဏ်ကျခံနေရသူများ၏ ပြစ်ဒဏ်ကို ခြောက်ပုံတစ်ပုံ လျှော့ပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

နောက်တစ်ကြိမ်ပြစ်မှုကျူးလွန်လျှင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံရမည်ဟုဆိုသည့် စည်းကမ်းသတ်မှတ်ချက်ဖြင့် ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ဇန်နဝါရီလ ၆ ရက်နေ့က ထုတ်ပြန်ထားသည့် စားရင်းအရ အကျဉ်းထောင် ၁၉ ခုထက်မနည်းက နိုင်ငံရေးအကျဉ်းသား ၃၀၀ ဝန်းကျင် ပြန်လည် လွတ်မြောက်လာ သည်ကို စာရင်းပြုစုနိုင်ခဲ့ကြောင်း သိရသည်။

နေ့စဉ်ရရှိသည့် အချက်အလက်များကိုပြုစုကာ AAPP က ထုတ်ပြန်နေခြင်းဖြစ်သဖြင့် နိုင်ငံရေးအကျဉ်းသားဦးရေ ထပ်တိုးလာဖွယ်လည်း ရှိသေးသည်။

လွတ်မြောက်လာသူများတွင် NLD အစိုးရလက်ထက်တွင် သာသနာရေးဝန်ကြီးတာဝန်ယူခဲ့သူ သူရဦးအောင်ကို၊ ထင်ရှားသည့် ဟရဟိတသမား စာရေးဆရာမ ဒေါ်သန်းမြင့်အောင်၊ စာရေးဆရာ ထင်လင်းဦး၊ တက္ကသိုလ် ဆရာများ သမဂ္ဂ တည်ထောင်သူလည်းဖြစ် ရန်ကုန်တက္ကသိုလ် အရှေ့တိုင်းပညာဌာနမှ ပါမောက္ခတစ်ဦးလည်းဖြစ်သူ ဒေါက်တာ အာကာမိုးသူ၊ ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC) ဥက္ကဋ္ဌ ဒေါက်တာ အမ်ကောန်လလည်းတို့ ပါဝင်လာသည်။

သတင်းမီဒီယာသမား ကိုးဦးလည်းလွတ်မြောက်ခဲ့သည်။

အလွတ်တန်းသတင်းထောက် အလှလေးသူဇာ (ခေါ်) မသူဇာ၊ 7 Day သတင်းထောက် ကိုစိုင်းကိုကိုထွန်း၊ ရွှေဖီမြေ သတင်းထောက် လွေးအမ်ဖောင်၊ ဇေယျာတိုင်းမ် သတင်းထောက် ကိုပြည့်ဖြိုးအောင်၊ မြစ်မခ သတင်းထောက် ကိုမျိုးမင်းထွန်း၊ တိုင်းဧရာ သတင်းထောက် မရွှေရည်ဝင်း၊ အလွတ်တန်းသတင်းထောက်များဖြစ်သည့် ကိုရဲထွန်းဦး (ခေါ်) မောင်ကောင်း၊ ကိုအောင်ဇော်ဇော်၊ မြစ်မခသတင်းဌာန သတင်းထောက်၊ ကိုရဝေအောင်တို့ ပါဝင်သည်။

သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်ပေးရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၊ ဥရောပသမဂ္ဂ၊ အာဆီယံအပါအဝင် နိုင်ငံတကာက တောင်းဆိုနေသည်။

သို့သော် ယခုတစ်ကြိမ် လွတ်ပေးရာတွင် သမ္မတဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ မပါဝင်လာသေးသလို နိုင်ငံရေးအကျဉ်းသားများအပါအဝင် နိုင်ငံရေးအမှုဖြင့် ဖမ်းဆီးခံထားရသူ ထောင်နှင့်ချီ အကျဉ်းကျခံနေရဆဲဖြစ်သည်။

………………………………..

ကလေး ငါးသန်းခွဲကျော် အရေးပေါ်အကူအညီလိုနေသည်

Photo – UNICEF Myanmar

မြန်မာနိုင်ငံတွင် ကလေးငယ် ၅ဒသမ၆ သန်းကျော်သည် အမြင့်ဆုံးသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အဆောတလျင်လိုအပ်ကြောင်း ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ UNICEF Myanmar က ဇန်နဝါရီလ ၂ ရက် ထုတ်ပြန်ထားသည်။

အာဏာသိမ်းပြီးနောက် ကျယ်ကျယ်ပြန့်ပြန့် နက်နက်ရှိုင်းရှိုင်းဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများ၊ အကြမ်းဖက်မှုများနှင့် စီးပွားရေးအကျပ်အတည်းများကြောင့် လူ ၁၇ဒသမ ၆သန်းကျော် လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ်အကူအညီများ လိုအပ်နေသည်ဟု ဆိုသည်။

ယင်းအနက် ကလေးငယ် ငါးသန်းခွဲကျော် ပါဝင်ခြင်းဖြစ်သည်။

အကူအညီလိုနေသူ ၁၇သန်းကျော်အနက် ၂ဒသမ ၈သန်းသာ အကူအညီရနေပြီး ကလေးငယ် ငါးသန်းခွဲကျော်အနက် ၁ဒသမ ၉ သန်းနီးပါးသာ အကူအညီရနေကြကြောင်းလည်း UNICEF မြန်မာက ထုတ်ပြန်ထားသည်။

၎င်းတို့အားလုံးကို အကူအညီပေးနိုင်ရန် အမေရိကန်ဒေါ်လာ ၁၆၉ သန်းကျော် လိုအပ်သည်ဟု ဖော်ပြသည်။

Save the Children ၏ စာရင်းအရ မြန်မာနိုင်ငံတွင် လက်နက်ကိုင်တိုက်ပွဲများနှင့် ပဋိပက္ခများကြောင့် စစ်ဘေးရှောင် ဒုက္ခသည် ၁ ဒသမ ၄သန်းရှိရာတွင် ကလေးငယ် ငါးသိန်းနှစ်သောင်းကျော်ပါဝင်သည်ဟု သိရသည်။

………………………………..

အပစ်ရပ် တစ်နှစ်သက်တမ်းတိုး

စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် အပစ်အခတ် ရပ်စဲမှုကို သက်တမ်းတစ်နှစ် ထပ်တိုးလိုက် ကြောင်း ကြေညာထားသည်။

၂၀၂၃ခုနှစ် ဇန်နဝါရီလ ၁ရက်မှ ဒီဇင်ဘာလ ၃၁ ရက်အထိ သက်တမ်းတိုးလိုက်ခြင်းဖြစ်ပြီး ယင်းသို့ အပစ်ရပ်သည်မှာ ငါးနှစ်မြောက်ရှိလာပြီဟုလည်း ဆိုသည်။

လုံခြုံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာယန္တရားများကို နှောင့်ယှက်ထိပါးတိုက်ခိုက်သည့်အချိန်က လွဲပြီး စစ်ကောင်စီတပ်၏ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ရပ်နားထားမည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်ကာလအတွင်း အပစ်ရပ်ထားသည်ဆိုသော်လည်း တိုင်းရင်းသားဒေသများအပြင် တိုင်းဒေသကြီးများအထိပါ စစ်ရေးပြင်းထန်လျှက်ရှိပြီး လူနှစ်သန်းခန့်မှာလည်း စစ်ဘေးရှောင်ဘဝသို့ ရောက်ရှိသွားပြီ ဖြစ်သည်။

လေကြောင်းတိုက်ခိုက်မှုအပါအဝင် စစ်ရေးပဋိပက္ခများကြောင့် အရပ်သားပြည်သူထောင်နှင့်ချီ သေဆုံးခဲ့သည်။

………………………………..

တော်လှန်ရေးအတွက်အရေးကြီးသည်နှစ်

ယခု ၂၀၂၃ ခုနှစ်သည် တော်လှန်ရေးအတွက် အရေးကြီးသည့်နှစ်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက နှစ်သစ်ကူးမိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။

စစ်အုပ်စုကို ဖယ်ရှားနိုင်ရန်၊ တိုင်းရင်းသားပြည်သူအားလုံးလိုလားသည့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ထူထောင်နိုင်ရန် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး ဆက်လက်အားစိုက်တော်လှန်ကြရန်လိုကြောင်း ပြောသည်။

တော်လှန်ရေးအင်အားစုများအနေဖြင့် စည်းလုံးညီညွတ်ကာ လက်တွေ့မဟာဗျူဟာကျကျ ပူးပေါင်းဆောင်ရွက်ပြီး တော်လှန်ရေးအရှိန်မြှင့် ဆက်လက်ကြိုးပမ်းကြရန် လိုကြောင်းလည်း ဆိုသည်။

စစ်ကောင်စီသည် နိုင်ငံတကာမျက်နှာစာတွင် ဖယ်ကျဉ်ခံနေရသလို ပြည်တွင်းမှာလည်း ထိုးနှက်မှုများနှင့် ကြုံနေရရာ ၂၀၂၃ ခုနှစ်သည် တိုင်းပြည်၏ နိုင်ငံရေး ကံကြမ္မာအလှည့်အပြောင်းအတွက် အလွန်အရေးကြီးသည့်နှစ် ဖြစ်ကြောင်းလည်း ပြောဆိုသည်။

………………………………..

ပတ်စ်ပို့ ထုတ်ပေးမှု ခေတ္တရပ်ဆိုင်း

နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ ထုတ်ပေးရေးလုပ်ငန်းစဉ်တွင် နည်းပညာအဆင့်မြှင့်တင်ရန်အတွက်ဟုဆိုကာ ပတ်စ်ပို့ အသစ်ထုတ်ပေးခြင်း၊ သက်တမ်းတိုးခြင်းတို့ကို ခေတ္တရပ်ဆိုင်းထားသည်။

ရန်ကုန်၊ မန္တလေးအပါအဝင် နိုင်ငံတဝန်းတွင် ပတ်စ်ပို့ရုံးများကို ဇန်နဝါရီလ ၂ရက်မှစတင်ကာ ရပ်ဆိုင်းထားသည်။

မည်သည့်အချိန်တွင် ပြန်လည်ဖွင့်လှစ်မည်ကိုလည်း ကြေညာထားခြင်းမရှိသေးပေ။ သီတင်းနှစ်ပတ်ခန့်အထိ ကြာနိုင်သည်ဟု သတင်းထွက်ပေါ်နေသလို အချက်အလက် စိစစ်မှု ပိုမိုတင်းကျပ်လာနိုင်သည်ဟုလည်း သတင်းထွက်နေသည်။

နိုင်ငံကူးလက်မှတ်ရေး ထုတ်ပေးရေးရုံးရှေ့တွင် လူစုလူဝေးဖြစ်သည်ကို ဖြေရှင်းရန် အွန်လိုင်းမှ QR Code စနစ်ဖြင့် ရက်ချိန်းယူသည့်စနစ်ကို ပြီးခဲ့သည့်နှစ် မတ်လတွင် စတင်ကျင့်သုံးခဲ့သည်။

သို့သော် ပွဲစားများမှတစ်ဆင့် ရက်ချိန်းရယူကြသဖြင့် ဈေးအဆမတန်မြင့်တက်သွားပြီးနောက် ပြီးခဲ့သည့် ဒီဇင်ဘာလ လဆန်းပိုင်းက ဖျက်သိမ်းခဲ့ပြီး ယင်းစနစ် ပြန်စမည့်အချိန်ကိုလည်း မကြေညာနိုင်သေးပေ။

ယခင်က ပတ်စ်ပို့ အသစ်လုပ်၊ သက်တမ်းတိုးရာတွင် သောင်းဂဏန်းသာ ကုန်ကျခဲ့သော်လည်း အာဏာသိမ်းပြီး နောက်ပိုင်းတွင် ကျပ်သိန်းချီကုန်ကျခံကာ ပြုလုပ်နေကြရသည်။

………………………………..

ALP စစ်ဦးချုပ်နှင့် တပ်မှူးနှစ်ဦးလုပ်ကြံခံရ၊ ALP စွပ်စွဲချက် AA ပြန်ငြင်း

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီ ALP၏ ဗဟိုကော်မတီဝင်လည်းဖြစ် ရခိုင်ပြည် လွတ်မြောက်ရေးတပ်မတော် ALA ၏ စစ်ဦးစီးချုပ်လည်းဖြစ်သူ ဗိုလ်ချုပ်ခိုင်စိုးမြနှင့် တပ်မှူးနှစ်ဦး ဇန်နဝါရီလ ၄ရက် နံနက်ပိုင်းက ပစ်သတ်ခံလိုက်ရသည်။

စစ်ကောင်စီကျင်းပသည့် လွတ်လပ်ရေးနေ့ အခမ်းအနားတက်ပြီးနောက် ဗိုလ်ချုပ်ခိုင်စိုးမြ၊ အမှတ် (၁၀၁) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ခိုင်ကျော်စိုး၊ ဗိုလ်ကြီးခိုင်သူရိန္ဒတို့ ကားဖြင့်အတူ ပြန်လာစဉ်လမ်းတွင် ပစ်သတ်ခံရခြင်းဖြစ်သည်။

ယင်းပစ်ခတ်မှုမှာ ရက္ခိုင့်တပ်တော် (AA/ULA) လက်ချက်ဖြစ်ကြောင်း ALP စာထုတ်ပြန်ကာ စွပ်စွဲထားသည်။

ရခိုင်တမျိုးသားလုံး စည်းရုံးညီညွတ်ရေးကို ထိခိုက်ပျက်ပြားစေသည်သာမက ရခိုင်ပြည်သူများကိုပါ တုန်လှုပ် ချောက်ရှားစေသည့်အတွက် ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချထားပြီး ယခင်က ဖမ်းဆီးမှု၊ သတ်ဖြတ်မှုများအတွက်ပါ တရားမျှတမှု ရရှိအောင် လုပ်မည်ဟုလည်းကြောင်း ဖော်ပြသည်။

AA ပြောခွင့်ရပုဂ္ဂိုလ် ဦးခိုင်သုခကမူ အခြေအမြစ်မရှိသည့် စွပ်စွဲချက်ဟု တုံ့ပြန်ထားသည်။ ALP တွင် နှစ်ဖွဲ့ကွဲနေသဖြင့် အချင်းချင်း လုပ်ကြံခြင်းဖြစ်နိုင်သလို အခြားအင်အားစုတစ်ခုခုက ပြဿနာ ရှုပ်ထွေးစေရန် လုပ်ခြင်းလည်း ဖြစ်နိုင်သည်ဟု မီဒီယာများတွင် ဖြေကြားထားသည်။

………………………………..

သေဆုံးဒဏ်ရာရမှုများပြားသည့် ပုသိမ်ထောင်ဖြစ်ရပ်

ဧရာဝတီတိုင်း ပုသိမ်ထောင်ဆူပူမှုတွင် ပစ်ခတ်မှုကြောင့် နိုင်ငံရေးအကျဉ်းသား သေဆုံးမှုရှိသလို ဒဏ်ရာရမှုလည်း အများအပြားရှိခဲ့သည်။

ဇန်နဝါရီလ ၅ရက် ညပိုင်းက အကျဉ်းသားတစ်ဦးထံတွင် ကီးပတ်ဖုန်းတစ်လုံးတွေ့ရှိသဖြင့် အကျဉ်းသားအချို့ကို ရိုက်နှက်စစ်ဆေးရာ ၎င်းတို့ကို ပြန်လွှတ်ပေးရန် တောင်းဆိုရာမှ ဇန်နဝါရီလ ၆ ရက်နံနက်ပိုင်းတွင် ထောင်ဆူပူခြင်းဖြစ်သည်ဟု သတင်းများတွင် ဖော်ပြသည်။

ထောင်ဆူပူမှုကို ပစ်ခတ်ဖြိုခွဲသဖြင့် အချုပ်သား ကိုဝေယံဖြိုးသေဆုံးပြီး အကျဉ်းသား၊ အချုပ်သား ၆၃ ဦး ဒဏ်ရာရခဲ့ပြီး ဒဏ်ရာပြင်းထန်သူ ရှစ်ဦးဝန်းကျင်ရှိသည်ဟု ဆိုသည်။ ကိုဝေယံဖြိုးကို စစ်ကောင်စီက အကြမ်းဖက်မှုပုဒ်မသုံးခုဖြင့် တရားစွဲဆိုကာ ချုပ်နှောင်ထားခြင်းဖြစ်သည်ဟု သိရသည်။

စစ်ကောင်စီဘက်က ထုတ်ပြန်ရာတွင် အချင်းချင်းထိုးကြိတ်ရိုက်နှက်မှုကြောင့် အချုပ်သားတစ်ဦး သေဆုံးသည်ဟု ထုတ်ပြန်ထားသည်။ ယင်းဖြစ်စဉ်တွင် ရဲတပ်ဖွဲ့ဝင် နှစ်ဦး၊ အကျဉ်းဦးစီးဌာနက ဝန်ထမ်း ကိုးဦးလည်း ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ချက်တွင်မူ ထောင်ဝန်ထမ်းများနှင့် ရဲအများအပြားက ဇန်နဝါရီလ ၅ရက်က နိုင်ငံရေးအကျဉ်းသားများကို ပြင်းထန်စွာ ညှင်းပန်းနှိပ်စက်ခဲ့သဖြင့် အကျဉ်းသား ဝင်းမင်းထက် (ခေါ်) မဲကြီး သေဆုံးသည်ဟု ဖော်ပြသည်။

ရိုက်နှက်မှုတွင် အကျဉ်းသားရှစ်ဦး ဆေးရုံတင်ခဲ့ရပြီး အသက်အန္တရာယ်စိုးရိမ်ရသည်ဟု ဇန်နဝါရီလ ၇ ရက်က ထုတ်ပြန်သည်။ ယင်းသို့ ညှင်းပန်းနှိပ်စက်ခြင်းမှာ အလွန်ပြင်းထန်သည့် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်သည်ဟုလည်း ထုတ်ပြန်ထားသည်။

………………………………..

ဖွင့်လိုက် ပိတ်လိုက် အင်တာနက်

စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်တို့က ဒေသအချို့တွင် တစ်နှစ်ကျော်ဖြတ်တောက်ထားသည့် အင်တာနက်ကို ဇန်နဝါရီလ ၃ ရက်က ပြန်ဖွင့်ပေးခဲ့သော်လည်း တစ်ရက်အကြာတွင် ပြန်လည်ဖြတ်တောက်ခဲ့ပြန်သည်။

တယ်လီနောကို ပြောင်းလဲထားသည့် Atom အင်တာနက်လိုင်းများ ပြန်လည်သုံးစွဲခွင့် ရရှိခဲ့ခြင်းဖြစ်သည်။ Mytel နှင့် MPT အသုံးပြု၍ရသည့် နေရာအချို့လည်း ရှိခဲ့သည်။ သို့သော် တစ်ရက်အကြာ ဇန်နဝါရီလ ၄ ရက်တွင် အင်တာနက် အသုံးပြု၍ မရတော့ပေ။

အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းထဲ စစ်ရေးပြင်းထန်လာပြီး ကချင်ပြည်နယ်တွင်လည်း စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ် KIA တို့အကြာ စစ်ရေးပြင်းထန်လာပြီးနောက် ၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းမှစတင်ကာ စစ်ရေးပြင်းထန်သည့် ဒေသအချို့ကို အင်တာနက် ဖြတ်တောက်ထားခြင်းဖြစ်သည်။

ဖြတ်တောက်ထားသည့် ကာလအတွင်း ခေတ္တပြန်ဖွင့်ပေးခြင်းမျိုးရှိခဲ့သည်ဟုလည်း ဆိုသည်။

………………………………..