ဟိန္ဒားပြင်ရွာက ကျောင်းထိုင်ဆရာတော် အဖမ်းခံရ

0
3302

ထားဝယ်မြို့နယ် ဟိန္ဒားကျေးရွာအုပ်စု ဟိန္ဒားပြင်ရွာက ကျောင်းထိုင်ဆရာတော်ထံတွင် လက်နက်နှင့် မူးယစ်ဆေးဝါး တွေ့ရှိသည်ဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံအချို့က ပြောသည်။

လက်နက်ကိုင်အဖွဲ့တစ်ခုက ဇန်နဝါရီလ ၆ ရက် ညအချိန်တွင် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ကြားသိရကြောင်း ၎င်းတို့က ဆိုသည်။

“လူဝတ်လဲပြီးဖမ်းသွားတာပါ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

သက်တော် ၅၀ ကျော်အရွယ်ရှိပြီဖြစ်သည့် ဟိန္ဒားပြင်ကျောင်း ကျောင်းထိုင်ဆရာတော်အား ဖမ်းခေါ်သွားသည်ကိုသာ ကြားရပြီး နောက်ဆက်တွဲအခြေအနေကို မသိရသေးကြောင်း အခြားဒေသခံတစ်ဦးက ဆိုသည်။

ဟိန္ဒားကျေးရွာမှာ နာမည်ကျော် ဟိန္ဒားသတ္တုမိုင်းတည်ရှိရာ ကျေးရွာဖြစ်ပြီး ထားဝယ်-ထီးခီးလမ်းအတိုင်း ထားဝယ်နှင့် မိုင် ၃၀ ကျော် ကွာဝေးသည်။