ပတ်စ်ပို့သက်တမ်းတိုး တိုကင်ယူရန် ဘန်ကောက်ရှိ မြန်မာသံရုံးရှေ့ တန်းစီသူထောင်နှင့်ချီရှိ

0
3376

ပတ်စ်ပို့သက်တမ်းတိုးရန်အတွက် ရက်ချိန်းတိုကင်ရယူရန် လူကိုယ်တိုင်လာရောက်တန်းစီရမည်ဟု ကြေညာ ခဲ့ပြီးနောက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့တွင် မြန်မာအလုပ်သမားထောင်ချီ ယနေ့ (ဇန်နဝါရီ ၇) လာရောက်တန်းစီစောင့်ဆိုင်းနေကြကြောင်း မြန်မာအလုပ်သမားများထံမှ သိရသည်။

နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ သက်တမ်းတိုးရန် ဇန်နဝါရီလ ၇ ရက်နေ့မှစ၍ အပတ်စဉ် စနေနေ့တိုင်း နံနက် ၉ နာရီမှ ၁၂ နာရီအထိ ရက်ချိန်းတိုကင်ကို လူကိုယ်တိုင် လာရောက်ယူရမည်ဟု မြန်မာသံရုံးက ဒီဇင်ဘာ ၂၉ ရက်နေ့တွင် ကြေညာခဲ့သည်။

ထို့ကြောင့် ပထမဆုံးနေ့တွင် မြန်မာအလုပ်သမား ထောင်နှင့်ချီ လာရောက်တန်းစီစောင့်ဆိုင်းနေကြခြင်းဖြစ်ကြောင်း အလုပ်သမားများထံမှ သိရသည်။

ရက်ချိန်းတိုကင်ထုတ်ပေးရာတွင် ၂၀၂၂ ခုနှစ်၌ သက်တမ်းကုန်ဆုံးသွားသော နိုင်ငံကူးလက်မှတ်များကိုသာ ထုတ်ပေးသွားမည်ဖြစ်သည်ဟု ဆိုသည်။

ကိုယ်စား ထုတ်ယူသူများနှင့် နိုင်ငံကူးလက်မှတ် သက်တမ်းကျန်ရှိနေသေးသူများကို ရက်ချိန်းတိုကင်များ လုံးဝ ထုတ်ပေးမည်မဟုတ်ကြောင်းလည်း မြန်မာသံရုံးမှ ထုတ်ပြန်ထားသည်။

ကိုယ်စားထုတ်ခွင့်မရဆိုသဖြင့် ညအိပ်စောင့်ဆိုင်းခဲ့ရသော မြန်မာအလုပ်သမားများ ပါရှိခဲ့ပြီး ယနေ့ ညနေ ၃ နာရီခန့်အထိ တန်းစီစောင့်ဆိုင်းသူများရှိနေဆဲဖြစ်ကြောင်း မြန်မာအလုပ်သမားများက ပြောဆိုသည်။

“ဒီအပတ်မှ စဖွင့်ပေးတာဆိုတော့ စနေနေ့တိုင်း လူတွေ ထောင်နဲ့ချီ ရှိနေကြဦးမှာပဲ။ ညအိပ်စောင့်တဲ့သူတွေလည်း ပါတယ်။ မနက်တော့ လူတွေတိုးတိတ်ကုန်တာ မူးလဲတဲ့သူတွေတောင် ရှိခဲ့လို့ တော်တော်ဒုက္ခတွေရောက်ကြရတယ်။ ဝန်ထမ်းတွေလဲ မနိုင်မနင်းတွေဖြစ်နေတယ်ထင်တယ်” ဟု မြန်မာအလုပ်သမားတစ်ဦးက ပြောသည်။

၂၀၂၂ ခုနှစ်အတွင်း နိုင်ငံကူးလက်မှတ် သက်တမ်းကုန်သူများကို ပထမဦးစားပေး ဆောင်ရွက်ပေးမည်ဖြစ်ပြီး နောက်ပိုင်းမှသာ နှစ်အလိုက် လအလိုက် သက်တမ်းကုန်သူများကို အစဉ်အလိုက် ဆက်လက် ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ချင်းမိုင်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးတွင်မူ ပတ်စ်ပို့ သက်တမ်းတိုးပေးမှုကို ဇန်နဝါရီလ ၅ ရက်မှစတင်ကာ ခေတ္တရပ်နားထားကြောင်း ကြေညာထားသည်။

မြန်မာနိုင်ငံတွင်လည်း နည်းပညာအဆင့်မြှင့်တင်ရန် အတွက်ဟုဆိုကာ နိုင်ငံကူးလက်မှတ် ထုတ်ပေးမှုကို ဇန်နဝါရီလ ၂ရက်မှ စတင်ကာ ယာယီ ရပ်ဆိုင်းထားသည်။