ထိုင်းတွင် ကားတိုက်ခံရသည့် မြန်မာလုပ်သား၏ ကိုယ်အင်္ဂါများကို ပေးလှူ

0
3110

ထိုင်းနိုင်ငံ ရတ်ခ်ျဘူရီခရိုင်တွင် ယာဉ်တိုက်မှုကြောင့် သတိမေ့မြောကာ အခြေအနေဆိုးရွားနေသော မြန်မာအလုပ်သမားတစ်ဦး၏ ကိုယ်အင်္ဂါအစိတ်အပိုင်းများကို အခြားလူနာများအား ကုသနိုင်ရန် မိသားစုဝင်များက လှူဒါန်းပေးခဲ့ကြောင်း ရတ်ခ်ျဘူရီဆေးရုံက ဇန်နဝါရီ ၆ ရက်က ထုတ်ပြန်သည်။

အသက် ၂၉နှစ်အရွယ် မွန်တိုင်းရင်းသား ကိုသန့်ဇင်ထွန်းသည် ထိုင်းနိုင်ငံတွင် ကြက်ဥရောင်းချသည့်အလုပ်ကို လုပ်ကိုင်နေသူဖြစ်သည်။

ဇန်နဝါရီလ ၃ ရက်နေ့တွင် ၎င်းစီးလာသည့် မော်တော်ဆိုင်ကယ်နှင့် ပစ်ကပ်ကားတို့ တိုက်မိခဲ့ပြီး ဒဏ်ရာ အပြင်းအထန်ရရှိကာ ပါထော့ဆေးရုံမှတစ်ဆင့် ရတ်ခ်ျဘူရီဆေးရုံသို့ သတိမေ့မြောနေပြီး စိုးရိမ်ရအခြေအနေဖြင့် ရောက်ရှိလာခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဦးနှောက်နှင့် လည်ပင်းရိုးများကို ဓါတ်မှန်ရိုက် စစ်ဆေးခဲ့ရာ လည်ပင်းရိုး အထက်ပိုင်းတွင် နေရာရွှေ့သွားသည်ကို တွေ့ရှိခဲ့ရသဖြင့် လူနာ၏အခြေအနေသည် အချိန်တိုအတွင်း လျင်မြန်စွာ ဆိုးရွားလာနိုင်သည်ကို တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။

ဆေးရုံဆရာဝန်အဖွဲ့က လူနာ၏ မိဘ၊ ဇနီးဖြစ်သူနှင့် ဆွေမျိုးများထံ ဆက်သွယ်ပြီး အခြားလူနာများအား ကုသနိုင်ရန် အတွက် ကိုယ်အင်္ဂါလှူးဒါန်းပေးရန် အကြောင်းကြားဆွေးနွေးခဲ့ကြောင်း ဖော်ပြသည်။

ဇနီးဖြစ်သူက ကိုသန့်ဇင်ထွန်း၏ နောက်ဆုံးအလှူအနေဖြင့် အခြားလူနာများအတွက် အင်္ဂါအစိတ်အပိုင်းများကို လှူဒါန်းရန် ဆုံးဖြတ်ခဲ့ကြကြောင်း ရေးသားထားသည်။

ယင်းနောက် ဆရာဝန်များက ကိုသန့်ဇင်ထွန်းထံမှ မျက်လုံးတစ်စုံ၊ အရိုးနှင့် တစ်ရှူးများကို ခွဲစိတ်ရယူခဲ့ပြီး အခြားလူနာ ၁၃ ဦး ကုသနိုင်ရန်အတွက် လှူးဒါန်းပေးခဲ့ကြောင်း ဆေးရုံ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မျက်လုံးတစ်စုံကို ထိုင်းကြက်ခြေနီအဖွဲ့ချုပ်ထံ လှူဒါန်းခဲ့ပြီး အရိုးနှင့်တစ်ရှူးများကို ဘန်ကောက်မြို့ရှိ တော်ဝင်ဇီဝတစ်ရှူး လှူဒါန်းရေးဌာနထံသို့ ဆက်လက်လှူဒါန်းပေးခဲ့ကြောင်း ရေးသားထားသည်။

ကိုသန့်ဇင်ထွန်း၏ ကောင်းမှုကုသိုလ်အတွက် ရတ်ခ်ျဘူရီဆေးရုံရှိ ဆရာဝန်များမှ ကျန်ရစ်သူမိသားစုများထံ ဂုဏ်ပြုမှတ်တမ်းလွှာချီးမြှင့်ပေးခဲ့ပြီး ‘ဘဝနောက်ဆုံးမှာ ကိုယ်ခန္ဓာလှူဒါန်းခဲ့ခြင်းက တန်ဖိုးမဖြတ်နိုင်သည့် ကုသိုလ်ကောင်းမှုဖြစ်ကြောင်း’ ဖော်ပြထားသည်။

သေဆုံးသူတွင် ဇနီးနှင့် အသက် ၅ နှစ်အရွယ် ကလေးငယ်တစ်ဦး ကျန်ရှိနေခဲ့ပြီး မိဘများသည် မြန်မာနိုင်ငံတွင် နေထိုင်လျက်ရှိသည်။