ရေးမြို့ ထွေအုပ်ရုံး ပစ်ခတ်ခံရ

0
2991

မွန်ပြည်နယ်၊ ရေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ယနေ့ ပစ်ခတ်တိုက်ခိုက်ခံရကြောင်း မြို့ခံတို့ထံမှ သိရသည်။

ယနေ့ ဇန်နဝါရီလ ၆ ရက် နံနက် ၆ နာရီဝန်းကျင်က ရေးမြို့လယ်ရှိ အဆိုပါရုံးကို ၄၀ မမဖြင့် လေးကြိမ် ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထားသည်။

ထိခိုက်မှုအခြေအနေကို အတိအကျမသိရသေးကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

အဆိုပါရုံး ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် မြို့ပေါ်နှင့် မြို့အဝင်အထွက်များကို စစ်ကောင်စီက လုံခြုံရေး တင်းကျပ်ထားပြီး စစ်ဆေးမှုများလည်း လုပ်ဆောင်နေကြောင်း မြို့ခံတို့ထံမှ သိရသည်။

“မနက်က သေနတ်သံကြားရပြီးတော့ မြို့ပေါ်မှာ လုံခြုံရေးတွေ တင်းကျပ်ထားတယ်။ စစ်ဆေးမှုတွေလည်း ရှိတယ်” ဟု မြို့ခံလူငယ်တစ်ဦးက ပြောသည်။

ရေးဘီလူးအဖွဲ့သည် ရေးမြို့ပေါ်က ဌာနဆိုင်ရာရုံးများကို မကြာခဏ ဝင်ရောက်ပစ်ခတ်လေ့ရှိပြီး လူထိခိုက်သေဆုံးမှုများလည်း ရှိခဲ့သည်။

ယင်းအပြင် စစ်ကောင်စီတပ်စခန်းများ၊ ရဲစခန်းများ၊ စစ်ဆေးရေးဂိတ်များကိုလည်း ဝင်ရောက်တိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်လာခဲ့ပြီး ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ အရပ်သားဝန်းထမ်းများနှင့် သတင်းပေးဒလန်ဆိုသူများကိုလည်း မကြာခဏ ပစ်ခတ်ရှင်းလင်းလေ့ရှိသည်။