မြိတ်တွင် အုပ်ချုပ်ရေးမှူးများ တစ်ပတ်အတွင်းနုတ်ထွက်ရန် နောက်ဆုံးအကြိမ်သတိပေးသည်ဟု ပကဖဆို

0
2933
Myeik

မြိတ်တွင် ခရိုင်၊ မြို့နယ်၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ အပါအဝင် ရာအိမ်မှူးများ၊ ပျူစောထီးများနှင့် သတင်းပေးများ တစ်ပတ်အတွင်း နုတ်ထွက်ပေးရန် သတိပေးကြောင်း မြိတ်ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပကဖ) က ဇန်နဝါရီလ ၅ ရက်က ထုတ်ပြန်သည်။

ယခုတစ်ကြိမ်မှာ နောက်ဆုံးအနေဖြင့် သတိပေးခြင်းဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သတိပေးသည်ကို မလိုက်နာဘဲ ဆက်လက်လုပ်ဆောင်နေလျှင် အဆိုပါပုဂ္ဂိုလ်များ၏ အသက်အန္တရာယ်ကို အာမခံမည် မဟုတ်ပါကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

၂၀၂၂ နှစ်ဆန်းပိုင်းတွင်လည်း မြိတ် (ပကဖ) က နုတ်ထွက်ကြရန် သတိပေးသည့် အလားတူ ထုတ်ပြန်ချက်မျိုး ထုတ်ပြန်ခဲ့ဖူးသည်။

ယင်းသို့ထုတ်ပြန်ပြီးနောက် ၂၀၂၂ ဖေဖော်ဝါရီလမှစတင်ကာ ဩဂုတ်လကုန်အထိ မြိတ်မြို့နေရာအနှံ့တွင် ပစ်ခတ်ခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခြင်းများကို ဆယ်ကြိမ်ထက်မနည်း ရှိခဲ့သည်။

ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် မြိတ်မြို့၊ ဂဏန်းကျွန်းမှော်အနီး လှေငယ်ဖြင့်ကင်းလှည့်နေသည့် စစ်ကောင်စီတပ်သား သုံးဦးတိုက်ခိုက်ခံရပြီး နှစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရခဲ့သည်။

ယင်းနောက် မြို့တွင်း ပစ်ခတ်မှု၊ မိုင်းဆွဲမှုများ စတင်ပြုလုပ်ခဲ့ပြီး ခုနစ်လအတွင်း စစ်ကောင်စီတပ်သား သုံးဦးဝန်းကျင် နှင့် ပျူစောထီးတစ်ဦး၊ ရာအိမ်မှူးတစ်ဦးနှင့် သတင်းပေးဒလန်ဟုဆိုသူ နှစ်ဦးသေဆုံးခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။  

စစ်ကောင်စီတပ်သား၊ ပျုစောထီးနှင့် အုပ်ချုပ်ရေးမှူးအပါအဝင် ၁၀ ဦးဝန်းကျင်သည်လည်း ဒဏ်ရာရခဲ့သည်။

တိုက်ခိုက်မှုပြုလုပ်ပြီးတိုင်းလည်း ၎င်းတို့ပြုလုပ်ခဲ့ကြောင်း မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်လေ့ရှိသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၃၀ ရက်ညတွင် မြိတ်မြို့၊ ကန်ခေါင်းရပ်ကွက်၊ တည်းခိုခန်းနှင့် မြိတ်တောင်ကျေးရွာ၊ တရုတ်တန်းရပ်ကွက်တို့တွင် မြိတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ဦး ဖမ်းဆီးခံခဲ့ရပြီးနောက် လက်ရှိအချိန်အထိ ဖောက်ခွဲပစ်ခတ်မှုများ ငြိမ်သက်နေခဲ့သည်။