လောင်းလုံး သကျက်တောတွင် ရွာမီး‌လောင်နေ၊ ရှို့မီးဖြစ်နိုင်ဟုဆို

0
3146

လောင်းလုံးမြို့နယ် သကျက်တောကျေးရွာ နာရေးကူညီမှူရုံးအနီးတွင် မီးလောင်နေကြောင်း ရှို့မီးဖြစ်နိုင်ကြောင်း မျက်မြင်တွေ့ခဲ့ရသည့် ခရီးသည်အချို့ကပြောသည်။

ယနေ့ (ဇန်နဝါရီ ၆) နံနက် ၁၀ နာရီကျော်အချိန်တွင် မီးလောင်နေသည်ကို မြင်တွေ့ခဲ့ရခြင်းဖြစ်သည်။

“မီးလောင်နေတာက နာရေးကူညီမှုရုံးထင်တယ်။ အဲရုံးနားကနေ မီးခိုးလုံးကြီးတွေ တက်နေတာမနည်းဘူး။ မီးရှို့တာလို့ ပြောနေတာကြားရတယ်” ဟု မျက်မြင်တွေ့သူတစ်ဦးကဆိုသည်။

မီးလောင်နေသည်မှာ နာရေးကူညီမှုရုံးဟုတ်မဟုတ်နှင့် မည်သည့်အကြောင်းရင်းကြောင့် မီးလောင်‌နေသည်ကို ဆက်လက်မေးမြန်းစုံစမ်းနေဆဲဖြစ်သည်။

မီးလောင်နေသည့်နေရာအနီး ထားဝယ် ရှင်မော် ကားလမ်းမပေါ်တွင်လည်း စစ်ကောင်စီတပ်သားတစ်ဦးက လက်နက်ကိုင်စောင့်ကြပ်နေပြီး ခရီးသည်များကို ဖြတ်သန်းသွားလာခြင်းမပြုရန် တားမြစ်နေကြောင်း သိရသည်။

ဖြတ်သန်းသွားလာခွင့်ပိတ်ထားသည့်အချိန် လူငယ်အမျိုးသားတစ်ဦးက ဆိုင်ကယ် ဖြတ်မောင်းသွား၍ သေနတ်ဖြင့် ပစ်ခတ်လိုက်ကြောင်းဆိုသည်။

“သေနတ်နဲ့ နှစ်ချက်ဆင့်ပစ်လိုက်တာမြင်လိုက်တယ်။ ထိသွားလား၊ မထိဘူးလားတော့ မသိဘူး” ဟု ၎င်းကဆိုသည်။

သကျက်တောရွာ လမ်းဘေးရှိ နေအိမ်များအားလုံး တံခါးပိတ်ထားပြီး သကျက်တောနယ်မြေရဲစခန်းတွင်လည်း မည်သူမျှမရှိသည်ကိုတွေ့ရကြောင်း ၎င်းမျက်မြင်က ပြောဆိုသည်။

အသေးစိတ်အခြေအနေကို သိရှိရပါက ထပ်မံဖော်ပြပေးပါမည်။