မွန်ပြည်နယ်တွင် အကျဥ်းကျနေသူ ၄၁၂ ဦး ပြန်လွတ်

0
2882
ကျိုက်မရော အကျဥ်းထောင်

မွန်ပြည်နယ်အတွင်းရှိ အကျဥ်းထောင်အသီးသီးမှ အကျဥ်းသား၊ အကျဥ်းသူ ၄၁၂ ဦး လွတ်မြောက်လာကြောင်း အကျဥ်းထောင်က ထုတ်ပြန်သည့်စာရင်းအရ သိရသည်။

ပြန်လွတ်လာသူ ၄၁၂ ဦးတွင် ကျိုက်မရောဗဟိုအကျဉ်းထောင်မှ ၉၆ ဦး၊ မော်လမြိုင်အကျဥ်းထောင်မှ ၆၅ ဦး၊ သထုံအကျဥ်းထောင်မှ ၁၀၄ ဦးအပါအဝင် အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား ၃၂၇ ဦး၊ အကျဉ်းသူ ၈၅ ဦး ပါဝင်သည်ဟု အကျဥ်းထောင်မှ သိရသည်။

မွန်ပြည်နယ်အတွင်းက လွတ်မြောက်လာသည့် အကျဥ်းသား အကျဥ်းသူများတွင် နိုင်ငံရေးအကျဥ်းသားများ ပါ၊မပါကိုမူ အတည်ပြုနိုင်ခြင်းမရှိသေးပေ။

“နိုင်ငံရေးအကျဥ်းသားတွေ ပါလား မပါလား ဘယ်လောက်ပါလဲဆိုတာ မသိသေးဘူး၊ ပါခဲ့ရင်လည်း မများဘူး၊ ခိုးမှု မူးယစ်မှုနဲ့ပဲ များတယ်” ဟု နိုင်ငံရေးအကျဥ်သားအရေး ကူညီလုပ်ဆောင်နေသူ တစ်ဦးက ပြောသည်။

ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်သည့် ၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် စစ်ကောင်စီက မြန်မာတစ်နိုင်ငံလုံးရှိ အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးရှိ ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း ၇၀၁၂ ဦးကို လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

လွတ်မြောက်လာသူများအနေဖြင့် နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံရမည်ဆိုသည့် စည်းကမ်းသတ်မှတ်ချက်ဖြင့် စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာစသိမ်းချိန်မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့အထိ ဖမ်းဆီးခံရသူ ၁၃၃၀၀ ကျော်ရှိပြီး ပြန်လည်လွတ်မြောက်လာသူ ၃၄၆၀ ကျော်ရှိသည်။