ကံပေါက်ဒေသမှ နိုင်ငံရေးအကျဉ်းသား ၄ ဦး ပြန်လွတ်

0
2851

၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့တွင် ထားဝယ်ခရိုင် ၊ ကံပေါက်ဒေသမှ နိုင်ငံရေးအကျဉ်းသား ၄ ဦးဖြစ်သည့် ဦးအောင်စိုး၊ ဦးပြည်စိုး၊ ကိုသက်ကိုဦးနှင့် ဒေါ်လင်းမြတ်မြတ်မိုး တို့ ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း နီးစပ်သူတို့ထံမှ သိရသည်။

“ညနေ ၄ နာရီလောက် အိမ်ပြန်ရောက်ကြပါပြီ။ အားလုံးအတွက်ဝမ်းသာရပါတယ်” ဟု နေအိမ်တွင်သွားရောက်ကြိုဆိုခဲ့သည့် ဒေါ်လင်းမြတ်မြတ်မိုး ၏ မိတ်ဆွေတစ်ဦးက ပြောသည်။

ကံပေါက်ဒေသ၊ လှည်းကုန်း ရပ်ကွက်မှူးဟောင်းဖြစ်သူ ဦးအောင်စိုး၊ CDM ဆရာမ ဒေါ်လင်းမြတ်မြတ်မိုး၊ ဦးပြည်စိုး နှင့် ခွေးမဖောရွာမှ ကိုသက်ကိုဦးတို့သည် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ လအတွင်းက ကံပေါက်ဒေသခံ အခြားရပ်မိရပ်ဖ ၆ ဦးနှင့်အတူ စစ်ကောင်စီတပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံခဲ့ရသည်။

စစ်ဆေးမေးမြန်းပြီးနောက် ရပ်မိရပ်ဖ ၆ ဦး ပြန်လွတ်လာသော်လည်း ၎င်းတို့ ၄ ဦးကို ထားဝယ်ထောင်သို့ပို့ဆောင်ခံရကာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ပုဒ်မ ၅၀၅(က) ဖြင့် ထောင် ၂ နှစ်စီချမှတ်ခံခဲ့ရသည်။

ထားဝယ်အကျဉ်းထောင်တွင် ကံပေါက်ဒေသခံတို့ ဖြစ်သော ကိုအောင်စိုးသူ (ထောင်ဒဏ် ၁၅ နှစ်)၊ ကိုဖြိုးအောင်စိုး နှင့် တနင်္သာရီဂျာနယ်ပင်တိုင် ဆောင်းပါးရှင် အောင်လွင် (ကံပေါက်သား) (ထောင်ဒဏ် ၅ နှစ်စီ) တို့ နိုင်ငံရေးအကျဉ်းသား ၃ ဦး ကျန်ရှိနေပါသေးသည်။

၂၀၂၁ ခုနှစ် အောက်တိုဘာလ တွင်လည်း ကံပေါက်ဒေသမှ တက်ကြွလှုပ်ရှားသူ ၆ ဦး ပြန်လည် လွတ်မြောက်ခဲ့သေးသည်။