သရက်ချောင်းက ရွာအချို့တွင် ရော်ဘာခြစ်တောင်သူများ ထောက်ခံစာဖြင့်သွားလာရ

0
3046

သရက်ချောင်းမြို့နယ် စော်ဖျားကျေးရွာအပါအဝင် ရွာအချို့တွင် ရော်ဘာခြစ်တောင်သူများမှာ ထောက်ခံစာ ပြသနိုင်မှသာ ခြံသို့ သွားရောက်ခွင့်ရကြောင်း ဒေသခံများထံမှ သိရသည်။

စော်ဖျားရွာ၊ မိုးရွှေကုန်းရွာ၊ ကျောက်လှေကားရွာတို့တွင် ရော်ဘာခြစ်တောင်သူများကို ထောက်ခံစာ ပြုလုပ်ရန်၊ သက်တမ်းတိုးရန်တို့ကို စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့တို့ပူးပေါင်းကာ ပြုလုပ်ခိုင်းခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

ရော်ဘာခြစ်နေသူမှန်ကန်ကြောင်း ထောက်ခံစာတွင် လိုင်စင်ဓာတ်ပုံ၊ မှတ်ပုံတင်အမှတ်၊ ခွင့်ပြုသည့် ရက်စွဲတို့ပါဝင်ပြီး ကျေးရွာအုပ်ချုပ်ရေးလက်မှတ်ထိုး ထုတ်ပေးခြင်ဖြစ်ကြောင်း ရော်ဘာတောင်သူ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ထောက်ခံစာများကို ပြီးခဲ့သည့်နှစ် ရော်ဘာရာသီမှစတင်ကာ လုပ်ဆောင်ခဲ့ရကာ ယခုနှစ်တွင်လည်း ဆက်လက် လုပ်ဆောင်နေကြရပြီး သက်တမ်းကုန်လျှင် ပြန်တိုးနေကြရကြောင်း ၎င်းက ဆိုသည်။

ထောက်ခံစာသက်တမ်းမှာ ၁၅ ရက်သာဖြစ်ပြီး ၁၅ ရက်တစ်ကြိမ် ပျူစောထီးနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များထံတွင် သက်တမ်းသွားတိုးရကြောင်း အထက်ပါအမျိုးသမီးက ပြောသည်။

လူတစ်ဦးအတွက် ထောက်ခံစာတစ်ခုကို ငွေကျပ် ၂၀၀၀ ပေးရပြီး ရော်ဘာခြံထဲ မိသားစုဝင် နှစ်ဦးသွားမည်ဆိုပါက ထောက်ခံစာ နှစ်ခုပြုလုပ်ရကြောင်း ဒေသခံများက ပြောဆိုသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ရော်ဘာခြစ်သည့် အိမ်များကို တစ်အိမ်တက်ဆင်း ဝင်ထွက်ကာ ထောက်ခံစာပြု လုပ်ထားခြင်း ရှိမရှိ မေးမြန်း စော်ဖျားရွာက ဒေသခံအမျိုးသမီးနောက်တစ်ဦးက ပြောဆိုသည်။

မလုပ်ရသေးလျှင် ထောက်ခံစာအသစ်ပြုလုပ်ခိုင်းပြီး သက်တမ်းကုန်နေသူများကို သက်တမ်းပြန်တိုးခိုင်းကြောင်း ၎င်းက ဆိုသည်။

စော်ဖျားရွာ ဘုရားကုန်းတွင် စစ်ကောင်စီတပ် တပ်စွဲထားပြီး ပြည်သူ့ကာကွယ်ရေးတပ်များနှင့် မကြာခဏ ထိတွေ့တိုက်ပွဲများဖြစ်ခြင်း၊ တော်လှန်ရေးအင်အားစုဘက်က ဒလန်ရှင်းလင်းသတ်ဖြတ်မှုများပြုလုပ်ခြင်းကြောင့် ရွာတွင် လူဦးရေ သုံးပုံတစ်ပုံခန့်ပင် မကျန်တော့ပေ။

ရော်ဘာခြစ်သွားသည့် တောင်သူများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် မှားယွင်းပစ်ခတ်မိမည်စိုးခြင်း၊ မှားယွင်း ဖမ်းဆီးမိမည်စိုးသဖြင့် ထောက်ခံစာပြုလုပ်ခိုင်းခြင်းဖြစ်သည်ဟု စော်ဖျားရွာအုပ်ချုပ်ရေးမှူးက ပြောဆိုဖူးသည်။

စော်ဖျားရွာတွင် ရော်ဘာခြံရှိသည့် အခြားရွာမှ ဒေသခံများလည်း ထောက်ခံစာပြုလုပ်ရကြောင်း ရန်တောင်ကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“ကျွန်မတို့ ရွာထဲကလူက သူ့ရော်ဘာခြံ စော်ဖျားရွာဘက်မှာရှိရင် သူတို့လည်း ထောက်ခံစာလုပ်ရတာပေါ့” ဟု ၎င်းက ဆိုသည်။

သရက်ချောင်းမြို့နယ်က ရန်တောင်၊ သရက်နှစ်ခွ၊ ပဲဒက်၊ တောင်ပျောက်တိုက်နယ် အပါအဝင် ရေဖြူနှင့် ထားဝယ်မြို့နယ်တို့က ဒေသခံအချို့ကို မေးမြန်းရာတွင် ၎င်းတို့ဒေသတွင် ယင်းသို့ ထောက်ခံစာ ပြုလုပ်ရခြင်း မရှိကြောင်း ပြောဆိုသည်။

လောင်းလုံးမြို့နယ် ဝေဒီမြို့ဟောင်းကျေးရွာတွင် အုပ်ချုပ်ရေးမှူး အသတ်မခံရမီက ရော်ဘာခြစ်တောင်သူများ ထောက်ခံစာလုပ်ကြရသော်လည်း အုပ်ချုပ်ရေးမှူး အသတ်ခံရပြီးသည့်နောက်ပိုင်းတွင် ထောက်ခံစာလုပ်ခိုင်းတာ မရှိတော့ကြောင်း ယင်းကျေးရွာမှ ယခင်က ထောက်ခံစာပြုလုပ်ထားသူ အမျိုးသားတစ်ဦးက ပြောဆိုသည်။