ပုလောဒေသကာကွယ်ရေးတပ် မူးယစ်ဆေးဝါးများ ထပ်မံဖမ်းဆီး

0
2806

ပုလောဒေသကာကွယ်ရေးတပ်က ဇန်နဝါရီလ ၃ရက်တွင် မူးယစ်ဆေးဝါးများ ထပ်မံဖမ်းဆီးခဲ့ကြောင်း ယင်းအဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။

လက္ကူးရွာတွင် နေထိုင်သူ ဦးဇော်ခိုင်ဆိုသူနှင့်အတူ စိတ်ကြွဆေးပြား လေးရာနီးပါး၊ ငွေရှစ်သိန်းခွဲကျော်၊ ဖုန်းနှစ်လုံး၊ ငှက်ကြီးတောင်ဓါးတစ်ချောင်းနှင့် လှံတစ်ချောင်းတို့ကိုလည်း သိမ်းဆည်းရမိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၇ ရက်နေ့က ပုလောမြို့နယ်၊ လက္ကူးရွာတွင် မူးယစ်ဆေးများနှင့် ရောင်းချနေသူ အမျိုးသား နှစ်ဦးကို ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ (PRDF) က ဖမ်းဆီးခဲ့ပြီးနောက် ဇန်နဝါရီ ၃ ရက်တွင် ထပ်မံဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ဦးဇော်ခိုင်သည် မူးယစ်ဆေးဝါးကို နှစ်တာရှည်ရောင်းချခဲ့သူဖြစ်ပြီး အကြိမ်ကြိမ် သတိပေးခြင်းခံရသူလည်းဖြစ်ကြောင်း ထုတ်ပြန်ချက်က ပါရှိသည်။

မူးယစ်ဆေးဝါးများကို အမြစ်ပြတ်အောင် ဆက်လက်လုပ်ဆောင်သွားမည်ဟုလည်း ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ (PRDF) က ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ပုလောမြို့နယ်ကျေးရွာအချို့တွင် WY စိတ်ကြွဆေးပြားကို အရွယ်မရောက်သေးသည့် လူငယ်များအပါအဝင် အသက် ၆၀ ဝန်းကျင်အရွယ်များအထိ သုံးစွဲမှုရှိလာနေကြောင်း ဒေသခံအချို့ထံမှ သိရသည်။