ထားဝယ်အကျဉ်းထောင်မှ လွတ်မြောက်လာမည့်သူများ ထောင်ဘူးဝတွင် စောင်းဆိုင်း

0
3076

လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသော ထားဝယ်အကျဉ်းထောင်မှ အကျဉ်းသား အကျဉ်းသူ ၉၀ ဦးခန့်မှာ ထောင်ဘူးဝတွင် စောင့်ဆိုင်းနေကြပြီဖြစ်ကြောင်း သိရသည်။

အကျဉ်းသား အကျဉ်းသူများကို လွှတ်ပေးမည်ဆိုသည့် သတင်းကြောင့် ထားဝယ်အကျဉ်းထောင်ရှေ့တွင် မိသားစုဝင်များကလည်း စောင့်ဆိုင်းနေကြသည်။

လွတ်ငြိမ်းခွင့်ဖြင့် လွှတ်ပေးမည့် အကျဉ်းသား အကျဉ်းသူ ၉၀ ဦးတွင် နိုင်ငံရေးအကျဉ်းသား ၃၄ ဦးနှင့် နိုင်ငံရေးအကျဉ်းသူ ၁၂ ဦးပါဝင်သည်ဟု ထားဝယ်အကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“ထောင်ဘူးဝပြင် ရိပ်သာမှာ ရှိနေတယ်တဲ့၊ အမိန့်တစ်ခုကိုစောင့်နေတာလို့ ပြောတယ်၊ 7 day သတင်းထောက်ဟောင်း စိုင်းကိုကိုထွန်းလည်းပါတယ်” ဟု ၎င်းက ဆိုသည်။

နိုင်ငံရေးအမှုဖြင့် လွတ်ငြိမ်းခွင့်ရသူတွေမှာ ၅၀၅ ပုဒ်မဖြင့် ထောင်ဒဏ် ၂ နှစ်ကျခံထားရသူများဖြစ်ပြီး ၅၀၅ ပုဒ်မနှင့် တခြားအမှုတွဲရှိသည့် နိုင်ငံရေးအကျဉ်းသား အကျဉ်းသူများကိုမူ ၆ ပုံ ၁ ပုံ လွတ်ငြိမ်းခွင့်ရရှိသည်ဟု အကျဉ်းထောင်နှင့် နီးစပ်သူအချို့က ပြောသည်။

၇၅ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် စစ်ကောင်စီက ထားဝယ်အကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ ၉၀ ဦး၊ မြိတ်အကျဉ်းထောင်မှ အကျဉ်းသား အကျဉ်းသူ ၈၂ ဦး၊ ကော့သောင်းအကျဉ်းထောင်မှ အကျဉ်းသား အကျဉ်းသူ ၃၃ ဦး၊ ဆင်ဖြူပြင်အကျဉ်းစခန်းမှ ၂၂ ဦး၊ ကျောက်ဖြူတောင်နှင့် အခြားရဲဘက်စခန်းမှ ၂၆ ဦး စုစုပေါင်း ၂၅၃ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမည်ဖြစ်ကြောင်းး တိုင်းပြောရေးဆိုခွင့်ရှိသူကဆိုသည်။

ထားဝယ်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၃၀၉ ဦးရှိပြီး နိုင်ငံရေးအကျဉ်းသူ ၆၆ ဦးရှိကြောင်း ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ထုတ်ပြန်ထားသည်။