တနင်္သာရီတိုင်းအတွင်း အကျဉ်းကျနေသူ ၂၅၃ ဦး ယနေ့လွတ်မည်

0
2775

တနင်္သာရီတိုင်းရှိ အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား ၂၅၃ ဦး ယနေ့ပြန်လွှတ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

လွတ်မြောက်မည့်သူများမှာ ထားဝယ်အကျဉ်းထောင်မှ ၉၀ ဦး၊ မြိတ် ၈၂ ဦး၊ ကော့သောင်း ၃၃ ဦး၊ ဆင်ဖြူပြင်အကျဉ်းစခန်းမှ ၂၂ ဦး၊ ကျောက်ဖြူတောင်နှင့် အခြားရဲဘက်စခန်းတစ်မှ ၂၆ ဦးဖြစ်သည်။

၎င်းတို့အထဲတွင် နိုင်ငံရေးအကျဉ်းသား မည်မျှပါဝင်သည်ကို မသိရသေးပေ။

“ဘယ်လိုအကျဉ်းသားမျိုးပါလဲဆိုတာ အဲဒါတော့မသိဘူး။ အကျဉ်းဦးစီးဌာနရဲ့ မူဘောင်အတိုင်း လွှတ်ပေးတာပဲလေ” ဟု စစ်ကောင်စီခန့်တနင်္သာရီတိုင်း ပြော‌ရေးဆိုခွင့်ရှိသူ ဝန်ကြီးတစ်ဦးကဆိုသည်။

နိုင်ငံရေးအကျဉ်းသားအချို့လည်း ပြန်လွတ်မည်ဟုသတင်းကြားထားသဖြင့် မိသားစုဝင်အချို့မှာ ထားဝယ်အကျဉ်းထောင်သို့ သွားရောက်စောင့်ဆိုင်းနေကြသည်။

“ကျွန်မတို့ရွာက သုံးယောက်လွတ်မယ်လို့တော့ပြောတယ်။ အခုထားဝယ်ကိုတက်သွားပြီ။ လွတ်မလွတ်သေသေချာချာတော့ မသိရသေးဘူး” ဟု ရေဖြူမြို့နယ်‌နေ နိုင်ငံရေးအကျဉ်သား မိသားစုဝင်တစ်ဦးကဆိုသည်။

ထားဝယ်အကျဉ်းထောင်အရှေ့တွင် ယနေ့နံနက် အစောပိုင်းကတည်းက လာရောက်စောင့်ဆိုင်းနေသူများ ကိုတွေ့မြင်ရသည်။

အာဏာသိမ်းပြီးနောက်ပိုင်း အထိမ်းအမှတ်နေ့ရက်များတွင် စစ်ကောင်စီက လွတ်ငြိမ်းခွင့်များ ပေးခဲ့သော်လည်း နိုင်ငံရေးအကျဉ်းသား အနည်းငယ်သာပါဝင်ခဲ့သည့်အတွက် ဝေဖန်မှုများရှိခဲ့သည်။

ထားဝယ်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ သုံးရာခုနှစ်ဆယ့်ငါးဦးရှိကြောင်း ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ဇန်နဝါရီလ ၃ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

တနင်္သာရီတိုင်းတွင် အကျဉ်းထောင် ၃ ခုနှင့် အလုပ်စခန်း ၃ ခုရှိသည်။