လွတ်လပ်ရေးနေ့တွင် ရေဖြူမြို့ မြို့မဈေးအနီးဗုံးပေါက်

0
2944

ရေဖြူမြို့ လွတ်လပ်ရေးကျောက်တိုင်နှင့် မလှမ်းမကမ်းတွင်ရှိသည့် ရေဖြူမြို့မဈေးအနီးတွင် ဗုံးပေါက်ကွဲကြောင်း ဒေသခံအချို့က ပြောသည်။

ယနေ့ ဇန်နဝါရီလ ၄ ရက် နံနက် ၆ နာရီခန့်တွင် ပေါက်ကွဲခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။

“လူတော့ ထိခိုက်မှုမရှိနိုင်ဘူး။ ဈေးလည်းပုံမှန်ပဲ ရောင်းဝယ်နေကြတယ်။ ဘာမှထွေထွေထူးထူး မကြားရဘူး” ဟု မြို့ခံတစ်ဦးက ပြောဆိုသည်။

ဈေးနှင့် မလှမ်းမကမ်းတွင် လွတ်လပ်ရေးကျောက်တိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ အထက်တန်းကျောင်းတို့တည်ရှိသည်။

မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ဗုံးဖောက်ခွဲသည်ကို မသိ‌ရသေးပေ။

မြို့ခံအချို့ကမူ လွတ်လပ်ရေးနေ့ အခမ်းအနားကျင်းပနေသည့် ဌာနဆိုင်ရာများအား သတိပေးသည့်အနေဖြင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့က လာရောက်ဖောက်ခွဲခြင်းဖြစ်နိုင်ကြောင်း ခန့်မှန်းပြောဆိုကြသည်။

လွတ်လပ်ရေးနေ့ အခမ်းအနားကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ဗုံးပေါက်ကွဲမှုမတိုင်မီ ယနေ့ နံနက်အစောပိုင်းတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။