ကျွန်းစုတွင် ဂျင်းမွေးမြူသည့်ရွာ ပိုများလာ

0
3358

ကျွန်းစုမြို့နယ်အတွင်းရှိ ကျေးရွာတို့တွင် ကျေးရွာပိုင် ဂျင်း (သွေးဂုံးခေါ် ခရုတစ်မျိုး) မွေးမြူသည့်ရွာ ပိုများလာနေကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ်မှစပြီး ကျေးရွာအစုအဖွဲ့ပိုင် ဂျင်းမွေးမြူရေးကို စတင်လုပ်ကိုင်ခဲ့ရာမှ အကျိုးအမြတ်ရရှိနေကြသဖြင့် မွေးမြူသည့်ရွာ တဖြေးဖြေးများလာကာ ၂၀၂၂ ခုနှစ်အတွင်း ပိုများလာကြောင်း ဂျင်းမွေးမြူနေသည့် ကျေးရွာအချို့က ဒေသခံများထံမှ သိရသည်။

“အရင်ကဆို ဆယ်ရွာမှာ နှစ်ရွာသုံးရွာပဲ မွေးကြတာ။ အခုနောက်ပိုင်း မနှစ်ကအထိဆို ဆယ်ရွာမှာ ရှစ်ရွာလောက် အထိကို မွေးလာနေကြတာ။ ရွာဘက်မှာဆို နေရာလွတ် မရှိတော့ဘူး။ တချို့လည်း တစ်ပိုင်တစ်နိုင်လို မွေးနေတာ တွေ ရှိတယ်” ဟု ကျွန်းစုမြို့နယ် မစမ်းပါးရွာနေသူတစ်ဦးက ပြောသည်။

ထို့အပြင် ကျေးရွာအချို့တွင် အစုအဖွဲ့ပိုင် ဂျင်းမွေးမြူရန်အတွက် ဂျင်းသားပေါက် ကီလိုချိန်ရာဂဏန်းမှ ‌ထောင်ဂဏန်းအထိ မှာယူထားသည့် ကျေးရွာအချို့ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

“အခြေခံလူတန်းစား တစ်နေ့လုပ်တစ်နေ့စားသမားတွေ အကျိုးအမြတ်ရအောင် ရွာပိုင်အဖြစ် မွေးတာပါ။ သက်ဆိုင်ရာကိုလည်း ခွင့်ပြုချက်တောင်းရတာပေါ့” ဟု ဂျင်းမွေးမြူရေး စတင်လုပ်ကိုင်မည့် ကျေးရွာတစ်ရွာမှ ရွာသားတစ်ဦးက ပြောဆိုသည်။

အဆိုပါ ဂျင်းတို့အား ရွှံ့နုံးများပေါသည့် ပင်လယ်ကမ်းစပ်နှင့် ဒီရေတောတို့တွင် မွေးမြူကြပြီး ကျေး‌ရွာ အစုအဖွဲ့ပိုင်အပြင် စီးပွားဖြစ်မွေးမြူသူအချို့လည်း ရှိကြသည်။

ဂျင်းစတင်မွေးမြူမည့် ဂျင်းသားပေါက်တစ်ကီလိုလျှင် သုံးသောင်းကျပ်ကျော်ရှိပြီး ရောင်းတန်းဝင်တစ်ကီလိုလျှင် ခုနှစ်ထောင်မှ တစ်သောင်းကျပ်အထိ ပေါက်ဈေးရှိနေကြောင်း ယင်းဈေးကွက်ထံမှ သိရသည်။

ကျွန်းစုမြို့နယ်အတွင်းရှိ ရေကန်တောင်၊ ကဒဲကတော့၊ ပန်းဇင်၊ မစမ်းပါး အပါအဝင် ဒီရေတောနှင် ရွှံ့နုံးရှိသည့် ကျေးရွာအများစုတို့တွင် ဂျင်းမွေးမြူရေးလုပ်ကိုင်နေကြကြောင်း ဒေသခံများထံ မေးမြန်းချက်အရ သိရသည်။

အဆိုပါ ဂျင်းတို့အား မောတောင်နယ်စပ်ဂိတ်မှတစ်ဆင့် ထိုင်းသို့ တင်ပို့ရောင်းချလေ့ရှိကြကြောင်း ရေထွက်ကုန် အဝယ်ဒိုင်တို့ထံမှ သိရသည်။