ထားဝယ်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား အကျဉ်းသူ သုံးရာကျော်ရှိသည်ဟုဆို

0
2881

ထားဝယ်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား အကျဉ်းသူ သုံးရာခုနှစ်ဆယ့်ငါးဦးရှိကြောင်း ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ဇန်နဝါရီလ ၃ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့အထိ ရရှိထားသည့်စာရင်းများအရ အမိန့်ချပြီးသည့် နိုင်ငံရေးအကျဉ်းသား ၂၈၂ ဦးရှိပြီး ထောင်တွင်း တရားရင်ဆိုင်ဆဲ ၂၇ ဦးရှိကြောင်း အထက်ပါ အဖွဲ့ကထုတ်ပြန်သည်။

အမိန့်ချပြီးသည့် နိုင်ငံရေးအကျဉ်းသူမှာ ၆၃ ဦး၊ တရားရင်ဆိုင်ဆဲ နိုင်ငံရေးအကျဉ်းသူမှာ ၃ ဦးရှိပြီး ပြန်လည်လွတ်မြောက်လာကြသည့် နိုင်ငံရေး အကျဉ်းသား၊ အကျဉ်းသူများ မပါဝင်သေးဟု ထုတ်ပြန်ချက်က ဆိုသည်။

ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသား အကျဉ်းသူ ၂၀၀ ကျော်ရှိမည်ဖြစ်ကြောင်း ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက်မှ တာဝန်ရှိသူက ဆိုသည်။

ထားဝယ်အကျဉ်းထောင်တွင် အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသူများနှင့် လက်နက်ကိုင်ခုခံတော်လှန်သူများကို စစ်ကောင်စီက အနိမ့်ဆုံးထောင်ဒဏ် ၁ နှစ်မှ အမြင့်ဆုံးထောင်ဒဏ် တစ်သက်အထိ ချမှတ်ထားတာဖြစ်သည်။

၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့အထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ ၁၆၇၈၇ ဦးရှိပြီး ပြန်လည်လွတ်မြောက်လာသူမှာ ၃၄၆၃ ဦးရှိကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း- AAPP က ဇန်နဝါရီလ ၃ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ လက်ချက်ဖြင့် သေဆုံးခဲ့သူမှာ စုစုပေါင်း ၂၆၉၂ ဦးရှိပြီး သေဒဏ်ချမှတ်ထားသူ ၁၄၂ ဦးရှိသည့်အနက် မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၄၂ ဦးရှိသည်ဟု သိရသည်။