မလေးရှားသွားမည့် မြန်မာလုပ်သား ၁၂ဦး ထိုင်းနယ်စပ်တွင် ဖမ်းဆီးခံရ

0
3131

မလေးရှားနိုင်ငံသို့ သွားရောက်လုပ်ကိုင်ရန် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော မြန်မာအလုပ်သမား ၁၂ဦး ထိုင်း-မလေးရှားနယ်စပ် စွန်ခရာခရိုင်တွင် ယနေ့ (ဇန်နဝါရီ ၃) ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

စွန်ခရာခရိုင် စဒေါင်းဒေသ ထပ်ကိုးရွာ ထိုင်း-မလေးရှားနယ်စပ် ခြံစည်းရိုးအနီးတွင် ကားအနောက်ကို ရာဘာပိုင်းဖြင့် ဖုံးထားသော ပစ်ကပ်ကားတစ်စီးကို အမှတ် (၅) ထိုင်းခြေမြန်တပ်ရင်းက စစ်ဆေးရာမှ ဖမ်းမိခြင်းဖြစ်ကြောင်း ဖော်ပြသည်။

ကားပေါ်တွင် အသက် ၁၈ နှစ်မှ ၄၉ နှစ်အရွယ်ရှိ မြန်မာအလုပ်သမား အမျိုးသား ၁၂ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ထိုင်းနိုင်ငံသား ကားသမား နှစ်ဦးကိုပါ ဖမ်းဆီးရမိခဲ့ကြောင်း ရေးသားထားသည်။

မြန်မာအလုပ်သမားများသည် ရန်ကုန်မြို့မှ လာရောက်ကြခြင်းဖြစ်ပြီး နှစ်သစ်ကူးညတွင် တနင်္သာရီတိုင်းမှတစ်ဆင့် ပရာကျွတ်ခီရီခန်ခရိုင်အတွင်းသို့ နယ်စပ်ဖြတ်ကျော်ခဲ့ကာ မလေးရှားနိုင်ငံ စားသောက်ဆိုင်များတွင် လုပ်ကိုင်နိုင်ရန်အတွက် လာရောက်ကြခြင်းဖြစ်ကြောင်း ဖော်ပြသည်။

နယ်စပ်ဖြတ်ကျော်ပြီးနောက် စွန်ခရာခရိုင် ဘန်းကရမ်းဒေသရှိ တောထဲတွင် ၃ ရက်ကြာအောင် နေခဲ့ရပြီး ယနေ့ ထိုင်း-မလေးရှားနယ်စပ်သို့ ပို့ဆောင်စဉ်တွင် ဖမ်းဆီးခံရခြင်းဖြစ်သည်။

ထိုခရီးစဉ်အတွက် တစ်ဦးလျှင် ဘတ် ၂၀၀၀၀ ကုန်ကျမည်ဖြစ်ကြောင်း ရေးသားထားသည်။

ထိုင်းကားသမားများက မြန်မာအလုပ်သမားများကို စွန်ခရာခရိုင် ဘန်းကရမ်းတောထဲမှ ထိုင်း-မလေးရှားနယ်စပ်သို့ တစ်ဦးလျှင် ၃၀၀ ဘတ်နှုန်းဖြင့် ပို့ဆောင်ပေးရန် ထိုင်းနိုင်ငံသားတစ်ဦးမှ ငှားရန်းခဲ့သဖြင့် ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်သည်ဟု ထွက်ဆိုကြောင်း သတင်းများတွင် ဖော်ပြသည်။

ဖမ်းဆီးခံရသူအားလုံးကို ဥပဒေအရ အရေးယူနိုင်ရန်အတွက် စဒေါင်းရဲစခန်းသို့ ပို့ဆောင်ခဲ့ပြီး ငှားရမ်း စေခိုင်းခဲ့သူကို ထပ်မံဖမ်းဆီးနိုင်ရန်အတွက် ဆက်လက်စုံစမ်းသွားမည်ဖြစ်သည်ဟုလည်း ဖော်ပြသည်။

Ref: MGR ONLINE, Khaosod, Matichon Online