တနင်္သာရီတွင် တိုက်ပွဲဆက်ဖြစ်ပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်နေ

0
2936

တနင်္သာရီမြို့နယ်တွင် တိုက်ပွဲဆက်ဖြစ်နေပြီး စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း ဒေသခံများထံမှ သိရသည်။

တနင်္သရီမြို့နယ်တွင် နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဒီဇင်ဘာလ ၃၁ ရက်နှင့် ဇန်နဝါရီလ ၁ ရက်နေ့တွင် ဖြစ်ပွားပြီး ယနေ့လည်း ဆက်လက် ဖြစ်ပွားနေခြင်းဖြစ်သည်။

တနင်္သာရီမြို့နယ်၊ သမီးလှရွာနှင့် ဘန်းကြုတ်ရွာဝန်းကျင်သို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား ယနေ့ ဇန်နဝါရီလ ၃ ရက် နံနက်က ထိတွေ့ တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံများက ပြောသည်။

“ဒီမနက် ၉ နာရီလောက်က နှစ်ဖက်ပစ်ခတ်မှုတွေ ဖြစ်ကြတယ်။ နာရီဝက်လောက်တော့ ကြာတယ်။ အဲဒီနောက် စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်တယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

လက်နက်ကြီး ပစ်ခတ်မှုကြောင့်လည်း အနီးအနားကျေးရွာနေ ဒေသခံအချို့ ဘေးလွတ်ရာ ရှောင်တိမ်းခဲ့ကြရကြောင်း ဒေသခံများထံမှ သိရသည်။

“ညကဆို ၁၂ နာရီထိ လက်နက်ကြီးပစ်တယ်။ ဒီနေ့လည်း မိုးလင်းကတည်းကနေ မွန်းတည့်ချိန်အထိ ပန်းကြဲပန်းကြဲ (မကြာခဏ) ပစ်တယ်။ ထိချင်ရာထိ ကျချင်ရာကျ ပစ်နေတယ်” ဟု ဒေသခံနောက်တစ်ဦးက ပြောသည်။

တိုက်ပွဲကြောင့် နှစ်ဖက်ထိခိုက်မှုကို မသိရသေးသလို ရွာသားများ ထိခိုက်မှု ရှိမရှိကိုလည်း
မသိရသေးဟု ၎င်းတို့ကဆိုသည်။

“ဖုန်းတွေကလည်း ဆက်သွယ်လို့မရဘူးဖြစ်နေတဟ်” ဟု အထက်ပါ ဒေသခံကပြောသည်။

တနင်္သာရီမြို့နယ်၊ ကဒဲလိပ်ကျေးရွာအနီးရှိ အမြှောက်တပ်က တပ်သားအချို့ကို ရွာလမ်းမပေါ်တွင် ပြည်သူကာကွယ်ရေးတပ်များက ဒီဇင်ဘာလ ၃၁ ရက်ညက လာရောက်ပစ်ခတ်ခဲ့သည်။

ဇန်နဝါရီလ ၁ရက်တွင်လည်း တနင်္သာရီမြို့အထွက် ဗောဓိကမ်းတံတားရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်များ လာပစ်ခတ်ခဲ့သည်။

ယင်းဖြစ်ရပ်များကြောင့် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဇန်နဝါရီလ ၁ရက်တွင်ပင် ဘန်လောကျေးရွာအုပ်စုတွင် ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ ကာကွယ်ရေးတပ်တို့အကြား ၆ နာရီခန့်အကြာ တိုက်ပွဲပြင်းထန်ခဲ့သေးကြောင်းလည်း ဒေသခံများက ပြောသည်။