ပုလော၊ မီးလောင်ချောင်းရွာအနီး တိုက်ပွဲကြောင့် ခရီးသည်ကားအများအပြားပိတ်မိနေ

0
3196

ပုလောမြို့နယ်၊ မီးလောင်ချောင်းကျေးရွာအနီး တိုက်ပွဲဖြစ်နေသဖြင့် မြိတ်ဘက်သို့သွားသည့် ကုန်ကားအပါအဝင် ခရီးသည်တင်ကား အမြောက်အများ ပိတ်မိနေကြောင်း ခရီးသည်များထံမှ သိရသည်။

ရန်ကုန်မှဆင်းလာသည့်ကားများ ယခုည ၈ နာရီဝန်းကျင်တွင် မီးလောင်ချောင်းရွာအနီး ပိတ်မိနေခြင်းဖြစ်ပြီး ကားအစီးရေး ၈၀ ခန့်ရှိကြောင်း ခရီးသည်များက ပြောသည်။

ယင်းကားတန်းတွင် ယနေ့နံနက်က မွန်ပြည်နယ်အတွင်း ဓားပြတိုက်ခံရသည့် ခရီးသည်တင်ကားလည်း ပါဝင်နေကြောင်း ခရီးသည်များထံမှ သိရသည်။

အဆိုပါကားတန်းမှာ ညနေပိုင်းကလည်း ပလမြို့အနီးဝန်းကျင်တွင် တစ်ကြိမ်ပိတ်မိခဲ့သေးကာ ည ၈နာရီဝန်းကျင်တွင် ထပ်မံပိတ်မိနေခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

“ကားတန်းကတော့ အရှည်ကြီးပဲ ပိတ်မိနေတာ။ ကားသမားကတော့ ရသလောက်မောင်းပေးမယ်။ မရရင်တော့ ညအိပ်မယ် ဆိုပြီးပြောတယ်” ဟု ခရီးသည်အမျိုးသမီးတစ်ဦးက ပြောသည်။

မီးလောင်ချောင်းရွာသည် ပုလောမြို့နယ် ပလမြို့နယ်ခွဲအတွင်းရှိပြီး မြိတ်မြို့နယ်နှင့် ပလမြို့နယ်ခွဲအစပ်တွင် ရှိသည့် ကျေးရွာဖြစ်သည်။

ယနေ့ နံနက်ကစပြီး ပလမြို့နယ်ခွဲ တို၊ ဇရပ်ဆိပ်ကျေးရွာတို့တွင် နှစ်ဖက်တိုက်ပွဲများဖြစ်ခဲ့ပြီး ညနေပိုင်းတွင် မီးလောင်ချောင်းကျေးရွာတွက် တိုက်ပွဲဆက်ဖြစ်နေကြောင်း ဒေသခံများက ပြောသည်။

အဆိုပါရွာများသည် ပုလောမှ မြိတ်သို့သွားသည့် ကားလမ်းနံဘေးတွင်ရှိကြသည့် ရွာများဖြစ်သည်။

ယင်းအပြင် တိုကျေးရွာ၌ NLD စည်းရုံးရေးမှူးအိမ်အပါအဝင် ခြောက်ဆောင်ခန့်လည်း ထပ်မံမီးလောင်သည်ဟု ကြားရကြောင်း ဒေသခံအချို့က ပြောသည်။

တိုက်ပွဲအခြေအနေနှင့် ပတ်သက်ပြီး Dawei Watch က စုံစမ်းနေဆဲဖြစ်သည်။

ပုလောမြို့နယ်၊ ပလမြို့တစ်ဝိုက်တွင် ဒီဇင်ဘာ ၃၀ မှစတင်ကာ ဇန်နဝါရီ ၂ ရက် ယနေ့အထိ တိုက်ပွဲဆက်တိုက်ဖြစ်နေခြင်းဖြစ်သည်။