မြိတ်တွင် ထီကဲ့သို့လုပ်ထားသည့် မဲပြားစနစ်တစ်ခု ပေါ်ပေါက်၊ ထိုးသူများပြားနေ

0
3051

မြိတ်မြို့တွင် ငွေငါးသောင်းကျပ်အထိ ပေါက်နိုင်သည့် ထီပုံစံမျိုးလုပ်ထားသော မဲပြားဆွဲစနစ်တစ်ခု ဒီဇင်ဘာလ လကုန်ခန့်မှစပြီး ခေတ်စားလာနေကာ ထိုးသူများနေကြောင်း ရပ်ကွက်နေသူများကဆိုသည်။

အဆိုပါ မဲပြားဆွဲစနစ်တွင် မဲတစ်ပြားလျှင် ငွေနှစ်ရာကျပ်နှုန်းပေးဝယ်ရပြီး သတ်မှတ် ပေါက်မဲဂဏန်းဖြင့် တူညီပါက သက်ဆိုင်ရာဆုကြေးကို ရရှိမည်ဖြစ်ကြောင်း၊ ဆုကြေးမှာ အနည်းဆုံး တစ်ထောင်ကျပ်မှ ငါးသောင်းကျပ်အထိရှိကြောင်း သိရသည်။

“ဒိုင်တွေက သူတို့အတွက် ကျန်အောင်လုပ်ထားပြီးသားပဲ၊ ဒါလည်း နှစ်လုံးသုံးလုံးထိုးသလို လောင်းကစားတစ်ခုပဲ” ဟု မြိတ်တောင်ရပ်နေ အသက် ၄၀ နှစ်ရှိ အမျိုးသားတစ်ဦးက ပြောသည်။

ပေါက်မဲအနေဖြင့် ငါးသောင်းဆု သုံးဆု၊ သုံးသောင်းဆု နှစ်ဆု၊ နှစ်သောင်းဆု တစ်ဆု၊ တစ်သောင်းဆု လေးဆု၊ ငါးထောင်ဆု ရှစ်ဆု၊ တစ်ထောင်ဆု နှစ်ဆယ်စု စုစုပေါင်း သုံးဆယ်ရှစ်ဆုရှိပြီး ဆုမဲတန်ဖိုး သုံးသိန်းသုံးသောင်းကျပ်တန်ဖိုးရှိကြောင်း သိရသည်။

အဆိုပါ မဲပြားဆွဲစနစ်အား ငွေကြေးတတ်နိုင်သူတချို့က ပြုလုပ်ထားပြီး ရပ်ကွက်အတွင်း လမ်းတစ်လမ်းတွင် တစ်‌ဦးနှုန်းဖြင့် ကိုယ်စားလှယ်ပေးထားကြောင်း၊ မဲတစ်ပြားရောင်းရပါက ကော်မရှင်ခ နှစ်ဆယ်ကျပ်နှုန်းပေးထားကြောင်း မဲပြား ကိုယ်စားလှယ်နှင့် နီးစပ်သူတစ်ဦးကဆိုသည်။

ဆုကြီးများထွက်သွားပါက ကျန်မဲများကို ဒိုင်ထံပြန်အပ်နိုင်ကြောင်း ၎င်းကဆိုသည်။

ဆုမဲပေါက်လျှင် ရရှိမည့်ငွေတို့အား ငွေစက္ကူပုံပါ ဗွီနိုင်းပြားဖြင့် ဆွဲဆောင်ထားပြီး ဘုတ်ပြားတစ်ခုတွင် မဲပြားအရေအတွက် သုံးထောင်ပြားရှိကြောင်း သိရသည်။

မဲပြားအရေအတွက် သုံးထောင်ပြားတွင် နှစ်ရာကျပ်နှုန်းဖြင့်တွက်ပါက စုစုပေါင်း ငွေခြောက်သိန်းကျပ်ရှိပြီး ပေါက်မဲစုစုပေါင်းငွေ သုံးသိန်းသုံးသောင်းကျပ်ရှိသည်။

ရောင်းချသူ‌အ‌နေဖြင့် ‌ကော်မရှင်ခ စုစုပေါင်း တစ်သိန်းနှစ်သောင်းကျပ်ရရှိပြီး အရောင်းဒိုင်မှ တစ်သိန်းငါးသောင်းကျပ် အကျိုးအမြတ်ရသည့် မဲပြားစနစ်ဖြစ်သည်။

အဆိုပါ အကျိုးအမြတ်တန်ဖိုးတို့သည် မဲပြားသုံး‌‌ထောင်အပေါ်တွင် ရရှိခြင်းဖြစ်သည်။

“ငါးသောင်းအထိပေါက်နိုင်တာဆိုတော့ စိတ်ပါပြီး တစ်ထောင်ဖိုး စမ်းကြည့်သေးတယ်။ မပေါက်ဘူး” ဟု ရာပြည့်ရပ်နေ အမျိုးသမီးတစ်ဦးက ပြောသည်။

အထွေထွေအကျပ်အတည်းဖြင့် ရင်ဆိုင်နေရပြီး ငွေကြေးခက်ခဲနေသည့် ပြည်သူလူထုမှာ လောင်းကစားဘက်သို့ ပိုမိုအာရုံကျလာသဖြင့် လောင်းကစားလုပ်ငန်းများ အလျှိုအလျှို ပေါ်ပေါက်လာနေသည်။

အဆိုပါ မဲပြားဆွဲစနစ် မပေါ်မီအချိန်က မဲပြားတစ်ပြားတစ်ရာကျပ်ဖြင့် ဘောပင်၊ အိုးခွက်၊ ထမင်းပေါင်းအိုး၊ ရေနွေးအို တို့ပေါက်နိုင်သည့် မဲလိပ်စနစ်တစ်ခု ပေါ်ပေါက်ခဲ့ဖူးသည်။