သရက်ချောင်း ရွာသုံးရွာက ဒေသခံလေးဦးဖမ်းဆီးခံရ၊ နှစ်ဦးသာပြန်လွတ်

0
3018

သရက်ချောင်းမြို့နယ်၊ ညောင်ဇင်စံပြ၊ ရန်တောင်နှင့် သရက်နှစ်ခွကျေးရွာတို့က ဒေသခံလေးဦး ဖမ်းဆီးခံရပြီး နှစ်ဦးသာ ပြန်လွတ်လာသေးကြောင်း ဒေသခံများ၏ ပြောပြချက်အရသိရသည်။

ဇန်နဝါရီလ ၁ ရက် နေ့လယ် ၁၂ နာရီခန့်က ထားဝယ်-မြိတ်ကားလမ်းအတိုင်း ထားဝယ်ဘက်မှ သရက်ချောင်း ဘက်သို့ ဆင်းလာသည့် စစ်ကောင်စီတပ်ကား သုံးစီးမှာ လမ်းတစ်လျှောက် သေနတ်ပစ်ဖောက်ခြင်း၊ ဒေသခံများကို စစ်ဆေးခြင်း၊ ဖမ်းဆီးခေါ်ဆောင်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယင်းသို့ ဖမ်းဆီးစစ်ဆေးခြင်းများ၊ သေနတ်ပစ်ဖောက်ခြင်းများ ပြုလုပ်ခဲ့သဖြင့် ဒေသခံများ အိမ်ထဲမှ အိမ်အပြင်ထွက်မကြည့်ရဲသည်အထိ အထိတ်တလန့်ဖြစ်ခဲ့ရကြောင်း ဒေသခံအချို့က‌ ဆိုသည်။

ကုန်စုံဆိုင်ထဲတွင် ဈေးဝယ်နေသည့် အမျိုးသားနှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးရာ တစ်ဦးမှာ ထွက်ပြေး လွတ်မြောက်ခဲ့ပြီး တစ်ဦးမှာ ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရကြောင်း ညောင်ဇင်ကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။

“အဖမ်းခံရတဲ့ တစ်ယောက်က အခုထိ ပြန်လွတ်လာတာ မကြားရသေးဘူး။ တစ်ယောက်ကတော့ မနေ့တည်းက ထွက်ပြေးလွတ်မြောက်သွားတယ်လို့တော့ ကြားတယ်။ ထွက်ပြေးလို့ဆိုပြီး သေနတ်နဲ့ လိုက်ပစ်ဖမ်းသေးတယ်လို့ ပြောကြတယ်” ဟု ၎င်းက ပြောသည်။

ရန်တောင်ကျေးရွာတွင်လည်း ဆိုင်ကယ်ဖြင့်သွားနေသည့် အမျိုးသားတစ်ဦးကို ကားရပ်ကာ ဆင်းဖမ်းခဲ့ပြီး ကျေးရွာတွင်လည်း သေနတ်ပစ်သံများကြားရကြောင်း ရန်တောင်ရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။

“အခုထိ ပြန်လွတ်တယ်လို့ မကြားရသေးဘူး။ ဘယ်သူမှလည်း ထွက်မကြည့်ရဲကြဘဲ။ အိမ်ထဲက အိမ်ပြင်ထွက်မကြည့်ရဲကြဘူး” ဟု ၎င်းက ပြောဆိုသည်။

သရက်နှစ်ခွကျေးရွာတွင် အရက်ဆိုင်တွင်ထိုင်နေသည့် အမျိုးသားနှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး တစ်ဦးကို ညနေပိုင်းတွင် ပြန်လွှတ်ပေးကာ နောက်တစ်ဦးကို ယနေ့တွင် ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ဒေသခံရွာသားတစ်ဦးက ပြောသည်။

မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းဆီးသည်ကိုလည်း မသိရဘဲ ဖမ်းဆီးခံရသူများမှာ သာမန်အရပ်သားပြည်သူများသာဖြစ်ကြောင်း ဒေသခံတို့က ပြောဆိုကြသည်။

ယနေ့ ဇန်နဝါရီ ၂ ရက် နေ့လည် ၁၁ နာရီခန့်တွင် ထားဝယ်-မြိတ် ကားလမ်းဘေးတွင်တည်ရှိသည့် ညောင်ဇင်ရွာနှင့် ရန်တောင်ရွာကြားရှိ တောထီတောင်အနီးတွင် စစ်ကောင်စီယာဉ်တန်း ဖြတ်သန်းနေချိန် မိုင်းပေါက်ကွဲသံကြားရကြောင်း ဒေသခံအချို့က ပြောသည်။

“နေ့လယ်က ထမင်းစားဖို့ လုပ်နေတုန်း မိုင်းပေါက်ကွဲသံကြားလိုက်တယ်။ အဲဒါနဲ့ ကလေးတွေကို မြန်မြန်လာ မြန်မြန်လာကြဆိုခေါ်ပြီး အခြေအနေကို နားစွင့်နေရတယ်။ ရွာထဲမှာ ဆူတက်လာမလားလို့။ လမ်းမှာ သေနတ် ပစ်တာတွေ စစ်ဆေးတာတွေတော့ ဘာတစ်ခု မဖြစ်ဘူး။ သူတို့ဘာသူတို့ အေးအေးဆေးဆေးပဲ ကားဆက်မောင်းသွား ကြတယ်။” ဟု ရန်တောင်ကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။

မိုင်းကွဲသည့်နေရာတွင် တွင်းသုံးတွင်းရှိနေကြောင်း မျက်မြင်တွေ့ရှိသူများ၏ ပြောဆိုချက်ကို ကိုးကားက ၎င်းက ပြောဆိုသည်။

မိုင်းပေါက်ကွဲသံ ကျယ်လောင်စွာကြားကြရသော်လည်း စစ်ကောင်စီတပ်ယာဉ်တန်းမှာ ပုံမှန်အတိုင်း ထားဝယ်ဘက်ကို တက်သွားတာမြင်ရကြောင်း ညောင်ဇင်ရွာသားအချို့က ပြောသည်။

“မိုင်းပေါက်ကွဲသံကြားပြီးတည်းက ရွာမှာ ရှုပ်လာဦးမလားဆိုပြီး အခြေအနေကို စောင့်ကြည့်နေတာ။ လူငယ်တွေ လည်း တချို့ ကြိုရှောင်တဲ့သူ ကြိုရှောင်ထားကြတယ်” ဟု ညောင်ဇင်ကျေးရွာမှ အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ မိုင်းဖောက်ကွဲမှုကို မည်သည့်အဖွဲ့က လုပ်ဆောင်သည်ကို မသိရသေးပေ။