လောင်းလုံး‌ရှိ ပျူစောထီးနေအိမ်အချို့နှင့် စခန်းကို PDF ဝင်ရောက်စီးနင်း

0
3024

ထားဝယ်ခရိုင်၊ လောင်းလုံးမြိုနယ်ရှိ ပျူစောထီးအခြေစိုက်စခန်းနှင့် အဖွဲ့ဝင်များ၏ နေအိမ်အချို့ကို ဒီဇင်ဘာ ၃၁ ရက်နေ့ညက လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်လိုက်သည်။

ဝင်ရောက်စီးနင်းခဲ့စဉ် ပျူစောထီးအဖွဲ့၏ အချက်အလက်၊ ထားဝယ်မျိုးချစ်တပ်မတော်၏ အချက်အလက်၊ YMBA နှင့် မဘသအဖွဲ့ဝင်များ၏ အချက်အလက်များ၊ စစ်ဖက်ရေးရာ ချိတ်ဆက်ဆောင်ရွက်မှု မှတ်တမ်းများအပါအဝင် လက်နက် မျိုးစုံကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ရေးသား ဖော်ပြထားသည်။

၂၀၂၂ ခုနှစ်၏နောက်ဆုံးရက်ဖြစ်သော ဒီဇင်ဘာ ၃၁ ရက်နေ့ည ၈ နာရီခန့်မှစ၍ လောင်းလုံးမြို့နယ်၊ ပန်းဒလဲရွာရှိ ပျူစောထီး ခေါင်းဆောင် ဦးဇော် (သေဆုံး)၏ နေအိမ်အပါဝင်အဖွဲ့ဝင်အချို့၏ နေအိမ် သုံးဆောင်ခန့်ကိုလည်း ဝင်ရောက်စီးနင်းခဲ့ကြောင်း ဒေသခံတစ်ဦးကပြောသည်။

“ညရှစ်နာရီလောက်ကတည်းက တစ်ရွာလုံးကင်းတွေချထားတယ်။ စကားပြောစက်တွေနဲ့လည်း ပြောနေတာကြားရတယ်။ အဲဒီအိမ်တွေမှာက လူမနေတော့ဘူး။ နေ့ဘက်ပဲ ခဏလာတာတွေ့ရတော့တယ်”ဟု ၎င်းကပြောသည်။

ယင်းနောက် ညဆယ်နာရီအချိန်ခန့်တွင် မိုင်းပေါက်သံကြားရပြီး လက်နက်ငယ်သုံးလေးချက် ပစ်ဖောက်ပြီး ပြန်လည်ထွက်ခွာသွားကြောင်း အခြားဒေသခံတစ်ဦးကပြောသည်။

“မိုင်းက သုံးလုံးပေါက်တယ်။ ညဉ့်နက်ပိုင်းမှာတော့ သေနတ်သံ သုံးချက်လောက် ပစ်ပြီး ထွက်သွားကြတာ”ဟု ထိုသူကပြောသည်။

လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ LLPDF အနေဖြင့် စစ်ကောင်စီတပ်ဖွဲ့များကို ဆက်လက်တိုက်ခိုက်မည်ဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် စစ်ရေးသတိအမြဲရှိကြရန်လည်း ယင်းထုတ်ပြန်ချက်တွင် ရေးသား၍ တိုက်တွန်းထားသည်။