ရန်ကုန်-မြိတ်ခရီးသည်တင်ကား ဓားပြတိုက်ခံရ

0
3582

ရန်ကုန်မှ မြိတ်မြို့သို့ ဆင်းလာသည့် ရွှေဝယ်သူ ခရီးသည်တင်မှန်လုံကား ဓားပြတိုက်ခံရကြောင်း ခရီးသည်များထံမှ သိရသည်။

ရန်ကုန်မှမောင်းနှင်လာစဉ် မလွှဲတောင် မရောက်မီ မွန်ပြည်နယ်ထဲတွင် ဓားပြတိုက်ခံရခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

လူသုံးဆယ်ကျော် လိုက်ပါလာသည့် ခရီးသည်တင်ကားကို ယနေ့ ဇန်နဝါရီလ ၂ ရက်နေ့ နံနက် ၄ နာရီခွဲတွင် မလွှဲတောင်အနီး၌ လူတစ်စုက သေနတ်ပစ်ဖောက်တားဆီးကြောင်း ခရီးသည်များက ပြောသည်။

ယင်းနောက် ကားပေါ်က ခရီးသည်များအား ဆင်းခိုင်းကာ ရွှေထည် လက်ဝတ်လက်စားများနှင့် ပိုက်ဆံအိတ်များ ယူသွားကြောင်း ၎င်းတို့က ဆိုသည်။

“လူအားလုံးခြောက်ယောက်ပါတယ်။ အရပ်ဝတ်အင်္ကျီ လက်လုပ်သေနတ်တွေနဲ့ စီးထားတာက တောစီး ဖိနပ်တွေနဲ့ပါ။ အားလုံးပေါင်းရင် သိန်းတစ်ရာကျော်လောက် ပါသွားတယ်” ဟု မြိတ်ဒေသခံခရီးသည်တစ်ဦးက ပြောသည်။

ရေးနှင့် သံဖြူဇရပ်မြို့နယ်ကြား ကနင်ကမော့ရွာအနီးတွင် ဓားပြတိုက်ခံရခြင်းဖြစ်ကြောင်း ရွှေဝယ်သူ ယာဉ်လိုင်းမှ တာဝန်ရှိသူက ပြောဆိုသည်။

“ခရီးသည်တွေဆီက မှတ်ပုံတင်၊ ရွှေငွေလက်ဝတ်လက်စား အကုန်ပါသွားတယ်။ ဖုန်းတွေပါ အကုန်သိမ်းလို့ ကျွန်တော် ကားသမားနဲ့တောင် ထားဝယ်ရောက်ခါနီးမှ အဆက်သွယ်ရတယ်” ဟု ၎င်းက ပြောသည်။

ခရီးသည်များကမူ ဓားပြတိုက်သူ လူခြောက်ဦးဟုပြောဆိုသော်လည်း ယာဉ်လိုင်းတာဝန်ရှိသူကမူ လူဆယ်ဦးကျော်သည်ဟု ပြောဆိုသည်။

ဓါးပြတိုက်ခံရသည့် ယာဉ်ပေါ်တွင် ပါလာသော ခရီးသည် ၃၀ ကျော်ကို ကားလက်မှတ်များ ပြန်အမ်းပေးသလို ထမင်းစရိတ်လည်း ယာဉ်လိုင်းက ကျခံပေးကြောင်း၊ ကားမှာဆက်ထွက်လာပြီဖြစ်ရာ မကြာခင် မြိတ်မြို့ကို ‌ရောက်မည်ဟု ယင်းယာဉ်လိုင်းတာဝန်ရှိသူထံမှ ထပ်မံသိရှိရသည်။