ပုလောတွင် တိုက်ပွဲ သုံးရက်ဆက်တိုက်ဖြစ်

0
2894

မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် ယနေ့လည်း တိုက်ပွဲထပ်မံဖြစ်ပြီး တိုက်ပွဲဖြစ်ပွားမှု သုံးရက်ဆက်တိုက်ရှိလာပြီဖြစ်ကြောင်း ဒေသခံများ ထံမှသိရသည်။

ပုလောမြို့နယ်နှင့် ပလမြို့အနီး ကျေးရွာများတွင် ဒီဇင်ဘာလ ၃၀ ရက်မှစတင်ကာ ယနေ့ ဇန်နဝါရီလ ၁ ရက်အထိ သုံးရက်ဆက်တိုက် တိုက်ပွဲဖြစ်ခြင်းဖြစ်သည်။

ဒီဇင်ဘာလ ၃၀ ရက်က ပလမြို့အနီးဝန်းကျင်က ကျေးရွာများဖြစ်သည် တိုရွာ၊ သင်္ကန်းတော၊ တင်းရှင်းရွာတို့တွင် တိုက်ပွဲဖြစ်ပြီးခဲ့သည်။ နောက်တစ်ရက်တွင် ယင်းရွာများနှင့် တစ်ဆက်တည်း တည်ရှိသည့် ကဒဲရွာတွင် တိုက်ပွဲထပ်မံ ဖြစ်ပွားသည်။

ယနေ့တွင်လည်း ကဒဲရွာတွင် တိုက်ပွဲထပ်မံဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။

“ဒီနေ့လည်း ၉ နာရီလောက်က စပစ်တာ ၁၂ နာရီလောက်မှ တိုက်ပွဲရပ်သွားတယ်။ အထိအခိုက် အကျအဆုံးတော့ မသိရသေးဘူး” ဟု ကဒဲရွာဒေသခံတစ်ဦးက ပြောသည်။

တိုက်ပွဲဖြစ်သည့် ကဒဲရွာမှ စစ်ကောင်စီတပ်သားများ ကားလမ်းအတိုင်းမသွားဘဲ လယ်တောအတွင်းမှ တပ်ပြန်ဆုတ်သွားကြောင်း ဒေသခံအချို့က ဆိုသည်။

လယ်တဲများတွင် ထားရှိသည့် ဆန်ဆီရိက္ခာ၊ ဆိုလာပြား၊ ဘထ္ထရီအိုးနှင့် အဝတ်အစားအချို့ ပျောက်ဆုံးခဲ့ကြောင်း ဒေသခံအချို့က ပြောဆိုသည်။

“ထမင်းချက်စားဖို့ ဆန်တောင်မရှိတော့ဘူး” ဟု လယ်တဲ၌နေထိုင်ပြီး စပါးရိတ်သိမ်းနေသည့် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

တိုက်ပွဲသုံးရက်အတွင်း အနည်းဆုံးရွာငါးရွာမှ ဒေသခံများ ထွက်ပြေးခဲ့ကြရပြီး ရွာသုံးရွာရှိ နေအိမ် ၆၀ ထက်မနည်းလည်း မီးလောင်ပျက်စီးခဲ့ရသည်။

တိုက်ပွဲနှစ်ရက်အတွင်း စစ်ကောင်စီတပ်သား ၅၀ ဦးသေဆုံးပြီး ၃၀ ဦးခန့် ဒဏ်ရာရရှိခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဘက်မှ ထုတ်ပြန်ထားပြီး Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပါ။