တနင်္သာရီတွင် အမြှောက်တပ်နှင့် စစ်ဆေးရေးဂိတ်တို့ ပစ်ခတ်ခံရပြီးနောက် လက်နက်ကြီးဖြင့်ပြန်ပစ်

0
3419

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် အမြှောက်တပ်တစ်ခုနှင့် မြို့အထွက်က တံတားစစ်ဆေးဂိတ်တို့ ပစ်ခတ်ခံရ ပြီးနောက် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ ဇန်နဝါရီလ ၁ရက် နံနက် ၆ နာရီဝန်းကျင်က တနင်္သာရီမြို့အထွက်က ဗောဓိကမ်းတံတားရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်များ လာပစ်ခတ်ကြောင်း ဒေသခံများက ပြောသည်။

ယင်းနောက် စစ်ကောင်စီတပ်ဘက်က ညောင်ပင်ကွင်းကျေးရွာနှင့် ဘန်လောကျေးရွာတို့ဖက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း ၎င်းတို့က ဆိုသည်။

“တံတားစစ်ဆေးဂိတ်ကို လာပစ်ကြတာ။ စစ်တပ်ဘက်က သုံးဦးသေပြီး လက်နက်တစ်လက်လည်း ပါသွားတယ်လို့ ကြားရတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ယင်းအပြင် ဒီဇင်ဘာလ ၃၁ ရက် နှစ်သစ်ကူးညကလည်း တနင်္သာရီမြို့နယ်၊ ကဒဲလိပ်ကျေးရွာအနီးရှိ အမြှောက်တပ်ကို ပြည်သူကာကွယ်ရေးတပ်များက လာရောက်ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

ယင်းနောက် အနောက်မော်တုံးကျေးရွာဖက်သို့ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

“ညကတည်းကပစ်နေတာ ဒီမနက်လည်း ပစ်တုန်းပဲသေး” ဟု အနောက်မော်တုံးရွာနေ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

အနောက်မော်တုံး ကျေးရွာအနီးဝန်းကျင်ကို လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှု ရှိနေကြောင်း ဒေသခံများက ဆိုသည်။

PDF များလာရောက်ပစ်ခတ်မှုကြောင့် အမြှောက်တပ်ဘက်က လေးဦးသေဆုံးသည်ဟု သတင်းများ ထွက်ပေါ်နေသည်ဟုလည်း ၎င်းက ပြောဆိုသည်။

သို့သော် ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုနှင့်ပတ်သက်ပြီး Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

အထက်ပါ ဖြစ်ရပ်များအတွက် ဒေသခံပြည်သူများ ထိခိုက်မှု ရှိမရှိကိုလည်း မသိရသေးပေ။

မော်တုံးကျေးရွာအနီးရှိ အမြှောက်တပ်နှင့် ဗောဓိကမ်းတံတားတို့တွင် ယခင်ကလည်း တိုက်ခိုက်ခံရမှုများရှိခဲ့ပြီး စစ်ကောင်စီတပ်ဘက်ကလည်း အလားတူ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ရှိခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုချက်များအရ သိရသည်။

ယင်းအချိန်က လက်နက်ကြီးကျည်ထိမှန်ကာ နေအိမ်အချို့ပျက်စီးပြီး ရွာသားတစ်ဦး သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့ဖူးကြောင်း ၎င်းက ပြောဆိုကြသည်။