နှစ်သစ်ကို ကြိုချင်ကြလား

0
3480

ဒီဇင်ဘာလ ၃၁ ရက်နေ့ရောက်ပြီဆိုလျှင် ကမ္ဘာနိုင်ငံများနည်းတူ မြန်မာနိုင်ငံတွင်လည်း လူငယ်၊ လူကြီး၊ လူလတ်မရွေး အားလုံး နှစ်သစ်ကိုကြိုဖို့ လှုပ်လှုပ်ရှားရှား ဖြစ်နေကြပေပြီ။

သို့သော် မြန်မာနိုင်ငံသားတွေ နှစ်သစ်ကို ပျော်ပျော်ရွှင်ရွှင် မဖြတ်သန်းနိုင်ကြ။ စစ်တပ်အာဏာသိမ်းမှုနှင့်အတူ ဖြစ်ပေါ်လာသည့် ပဋိပက္ခကြောင့် ဒေသအတော်များများတွင် အေးချမ်းမှုမရှိ။

တောထဲရောက်နေသူ၊ ထောင်ထဲရောက်နေသူ၊ ပြည်ပထွက်ခွာသွားသူ၊ တော်လှန်ရင်း ကျဆုံးသွားသူ စသဖြင့် အကွဲကွဲအပြားပြား။

ယခုနှစ်တွင်တော့ နှစ်သစ်ကို ကြိုလိုသူ နည်းလှမည်။ အရင်အချိန်တွေကို ပြန်တမ်းတရင်း လွမ်းနေသူတွေက ပိုများလှမည်ထင်သည်။

ယင်းကြောင့် ယခုအပတ် တနင်္သာရီပုံရိပ်အစီအစဉ်တွင် ‘နှစ်သစ်ကို ဘယ်လိုဖြတ်သန်းကြမလဲ’ ဆိုသည်ကို မေးမြန်းဖော်ပြလိုက်ပါသည်။

“အခုဆို နှစ်သစ်ကို မကြိုဆိုတာ ၂ နှစ်ရှိပြီ။ ဒီနှစ်ပါဆိုရင် သုံးနှစ်ပေါ့”

မြိတ်မြို့နေ အသက် ၃၀ နှစ်ရှိ လူငယ်

DW ။ လာမယ့် Happy new year နှစ်သစ်ကူးညကို ဘယ်လိုကျော်ဖြတ်မယ်လို့ စဉ်းစားထားပါသလဲ။

ဖြေ ။ ပုံမှန်ပါပဲ။ ဒီလိုပဲ သူငယ်ချင်းတွေနဲ့ တစ်နေရာမှာစုပြီး ဘီယာတစ်ဗူးနှစ်ဗူးလောက် သောက်ပြီးပေါ့။ အေးအေးဆေးဆေး တိုးတိုးတိတ်တိတ်လေးနဲ့ လုပ်ကြတာပေါ့။

DW ။ နှစ်သစ်ကိုကြိုဆိုတာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ကျယ်ကျယ်ပြန့်ပြန့် လုပ်နေတဲ့အချိန်မှာ ဘာကြောင့် အခုလိုတိုးတိုးတိတ်‌တိတ်လေး လုပ်ဖြစ်ပါသလဲ။

ဖြေ ။ ဒါက ပြောစရာတောင် မလိုပါဘူး။ အားလုံးသိတဲ့အတိုင်း နိုင်ငံအပြောင်းအလဲဖြစ်ပြီး အခုဆို နှစ်သစ်ကို မကြိုဆိုတာ ၂ နှစ်ရှိပြီ။ ဒီနှစ်ပါဆိုရင် သုံးနှစ်ပေါ့။ နှစ်သစ်ကို အရင်လို မကြိုဆိုကြတော့ဘူး။ ညမထွက်ရအမိန့်က နှစ်သစ်ကို ကြိုဆိုဖို့နေနေသာသာ ည ၈ နာရီလောက်ဆို လမ်းပေါ်လူမရှိကြတော့ဘူး။ တချို့တလေဆို လမ်းကြိုလမ်းကြားထဲ လျှိုပြီး လုပ်တာမျိုးရှိတယ်။ ရင်းနှီးတဲ့သူ သုံးလေးယောက်စုပြီ လုပ်ကြတာ။

DW ။ အာဏာမသိမ်းခင် အရင်တစ်ချိန်က Happy new year နှစ်သစ်ကူးညရောက်တိုင်း နှစ်သစ်ကို လူငယ်တစ်ယောက်အနေနဲ့ ဘယ်လိုမျိုး ကျော်ဖြတ်ခဲ့ပါသလဲ။

ဖြေ ။ အခုက အရင်နဲ့မတူဘူးလေ။ အရင်ကဆို Happy new year ကို အသံကုန် ဟစ်အော်ကြတာ။ ဘီယာတွေသောက်၊ အစားအသောက်တွေစားတာနဲ့ လမ်းပေါ်မှာ Happy new year စားလုံးပေါ်အောင် ဖြန်းဆေးဗူးတွေနဲ့ ရေးတဲ့သူတွေက ရေး၊ ကတဲ့သူကဆိုတော့ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါးပဲ။ ဗျောက်အိုးကတော့ မပါမနေပဲ။ ဘီယာဆို အကဒ်လိုက်ကို ဝယ်ထားရတယ်။ ဆိုင်ကယ်တွေစီးပြီး လမ်းပတ်လည်ကြတာပဲ။ ဆောင်းဘောက်က သီးချင်းသံတွေဆိုရင် တစ်ရပ်ကွက်နဲ့ တစ်ရပ်ကွက် အပြိုင်အဆိုင်လို ပြောရမလား။ အသံ အကျယ်ကြီး ဖွင့်ပြီး ကကြတာ။ ညနှစ်ချက်အထိ ကောင်းတုန်းပဲရှိသေး။ ရပ်ကွက်လူကြီး လာပြောမှပဲ နားကြတာ။

DW ။ ဒီလို နှစ်သစ်ကို သူငယ်ချင်းတွေနဲ့အတူ ကျော်ဖြတ်ခဲ့တာက ကိုယ့်အတွက် ဘာတွေရလိုက်တာမျိုးရှိပါသလဲ။ အမှတ်တရလိုမျိုး တစ်ခုခုပေါ့။

ဖြေ ။ ဒီလိုအချိန်မျိုးဆိုရင် မတွေ့ဖြစ်ကြတဲ့ သူငယ်ချင်းတွေစုမိတယ်။ ဆောင်းဘောက်တွေနဲ့ သီချင်း‌တွေနဲ့ ပျော်ပါးကြတယ်။ နှစ်သစ်ကို ကြိုဆိုရင်း အမှတ်တရ ဓာတ်ပုံ၊ ဗီဒီယိုတွေရိုက်ပြီး သိမ်းထားတယ်။ ဒီမှတ်တမ်းတွေကို ပြန်ကြည့်ရင်း အရင်က အချိန်တွေ၊ သူငယ်ချင်းတွေကို ပြန်တမ်းတမိတာမျိုးတွေ ရှိပါတယ်။ တစ်ခါတစ်လေ အချင်းချင်းရန်ဖြစ်ကြတာမျိုးရှိတယ်။ ရန်ဖြစ်လည်းခဏပဲ ပြန်တည့်ကြတာပဲ သူငယ်ချင်းချင်း ဖြစ်ကြတာကိုး။

DW ။ အရင်တစ်ချိန်က သူငယ်ချင်းတွေ အတူလုပ်ခဲ့ဖူးတဲ့ နှစ်သစ်ကူးနေ့လိုမျိုး ပြန်ရောက်မယ်လို့ ထင်ပါသလား။

ဖြေ ။ အရင်တစ်ချိန်လို ပြန်ရချင်တာပေါ့။ ပြန်ရောက် မရောက်ကတော့ အခုအချိန်မှာ ဘာမှမပြောတတ်သေးပါဘူး။

DW ။ ကျေးဇူးတင်ပါတယ်။

“နှစ်သစ်ကို သူများနိုင်ငံလို ကြိုချင်တာပေါ့”

ပုလောမြို့နေ အသက် ၂၅ နှစ်အရွယ် လူငယ်

DW ။ လာမယ့် Happy new year နှစ်သစ်ကူးညကို ဘယ်လိုကျော်ဖြတ်မယ်လို့ စဉ်းစားထားပါသလဲ။

ဖြေ ။ မနှစ်ကတော့ လုပ်ဖြစ်သေးတယ်။ ဘော်ဒါတွေစုပြီး သောက်စား မီးပုံပြီး ဂီတာလေးတီးရင်းပေါ့။ အချိန်တန်ရင် ထအော်လိုက်တယ် Happy new year လို့၊ ပြီးတာနဲ့ မီးပိတ်အိပ်တာပဲ။ ဒီနှစ်တော့ မလုပ်ဖြစ်တော့ဘူး။

DW ။ မနှစ်က ခေတ်မကောင်း (နိုင်ငံရေးအခြေအနေ) တဲ့ကြားထဲ ဘယ်လို လုပ်ဖြစ်ပါသလဲ။ ဒီနှစ်ရော ဘာကြောင့် မလုပ်ဖြစ်တာလဲ။

ဖြေ ။ မနှစ်က လူမသိအောင် လမ်းကြားထဲမှာ လုပ်ကြတာ။ အေးအေးဆေးဆေးပဲ တအားဆူညံတာမျိုး မလုပ်ကြဘူး။ အခုက ပစ်ခတ်သံတွေနဲ့ ဘယ်နေ့ပြေးရမလဲ‌မသိဘူး။ နှစ်သစ်ကို သူများနိုင်ငံလို ကြိုချင်တာပေါ့။

DW ။ အာဏာမသိမ်းခင် အရင်တစ်ချိန်က Happy new year နှစ်သစ်ကူးညရောက်တိုင်း နှစ်သစ်ကို လူငယ်တစ်ယောက်အနေနဲ့ ဘယ်လိုမျိုး ကျော်ဖြတ်ခဲ့ပါသလဲ။

ဖြေ ။ ဘော်ဒါတွေစုပြီး ပျော်ပျော်ပါးပါးပဲ နှစ်သစ်ကူးပြီး ညနက်အထိ သောက်နေကြတာ။ တစ်ခါတစ်လေ မိုးတောင်လင်းတယ်။

DW ။ ဒီလို နှစ်သစ်ကို သူငယ်ချင်းတွေနဲ့အတူ ကျော်ဖြတ်ခဲ့တာက ကိုယ့်အတွက် ဘာတွေရလိုက်တာမျိုးရှိပါသလဲ။ အမှတ်တရလိုမျိုး တစ်ခုခုပေါ့။

ဖြေ ။ ဘော်ဒါတွေ ပိုရင်းနီးလာတယ်။ အပေါင်း (အဖော်) အသစ်တွေ ထပ်တိုးတာလည်း ရှိတယ်။ တခြားဟာတွေ သိပ်မမှတ်မိတော့ဘူး။

DW ။ အရင်တစ်ချိန်က သူငယ်ချင်းတွေ အတူလုပ်ခဲ့ဖူးတဲ့ နှစ်သစ်ကူးနေ့လိုမျိုး ပြန်ရောက်မယ်လို့ ထင်ပါသလား။

ဖြေ ။ မပြောတတ်ဘူး။ ခေတ်မကောင်း တိုက်ပွဲဖြစ်တာလည်း ခဏခဏပဲ။ မြန်မြန်ပြီးစေချင်တယ်။ အမြန်ပြီးမှ အရင်လိုအချိန်တွေ ပြန်ရမယ်ထင်ပါတယ်။

DW ။ ကျေးဇူးတင်ပါတယ်။

“တောထဲကိုရောက်သူရောက်၊ ထောင်ထဲကိုရောက်သူရောက် အဲဒီလိုဖြစ်ကုန်တယ်”

ထားဝယ်မြို့မှ တက္ကသိုလ် တတိယနှစ်ကျောင်းသားတစ်ဦး

DW ။ အရင်တုန်းက New Years ညတွေကို ဘယ်လို ဖြတ်သန်းခဲ့လဲ/ အရင်က ဒီအချိန်ဆို ဘာတွေလုပ်နေပြီလဲ။

ဖြေ ။ ဒီအချိန်ဆိုရင် ဘယ်သွားမယ်။ ဘာလုပ်မယ်ဆိုပြီး တိုင်ပင်နေကြပြီပေါ့။ ကျွန်တော်တို့ သူငယ်ချင်းတွေကတော့ ဆိုင်ကယ်နဲ့ ဟီးလေးမားလေး () အုပ်စုလိုက် သွားနေတဲ့ထဲတော့မပါဘူး။ ညဘက်မှာ သူငယ်ချင်းတွေစုပြီး ဂစ်တာတွေ ဘာတွေတီးမယ် အဲဒီလိုမျိုး လောက်ပဲ။ ဒီအချိန်လောက်ဆို သွားနေပြီ။ တီးနေကြပြီပေါ့။

တီးတာကတော့ DDPC မျက်ခင်းပြင်မှာ စုထိုင်ပြီး စားရင်းသောက်ရင်း ဂစ်တာတီးကြတယ်။ ပြီးရင် သူငယ်ချင်းအိမ်တွေမှာ စုပြီး ထိုင်ပြီးတီးကြတယ်။

DW ။ အခု တွဲဖြစ်နေတဲ့သူငယ်ချင်း ဘယ်နှစ်ယောက်လောက်ရှိလဲ။ အရင်တုန်းက တွဲသွားတွဲလာ အုပ်စုလိုက် သူငယ်ချင်းတွေက ဘယ်နှစ်ယောက်လောက်ရှိလဲ။

ဖြေ ။ တွဲဖြစ်နေသူလား နှစ်ယောက်သုံးယောက်လောက်ပဲရှိတယ်။ အရင်တုန်းကဆိုရင် အနည်းဆုံးတော့ ဆယ့်ငါးယောက် အယောက်နှစ်ဆယ်လောက်ရှိတယ်။ အခုက သူ့အလုပ်နဲ့သူ ဖြစ်တဲ့သူကဖြစ်၊ ပြီးရင် ထောင်ထဲရောက်တဲ့သူရောက်၊ တောထဲရောက်တဲ့သူက ရောက်ပေါ့။

DW ။ အရင်တုန်းက New Year ညဆို အိပ်ဖြစ်လား၊ ဘယ်လိုဖြတ်သန်းဖြစ်လဲ။

ဖြေ ။ များသောအားဖြင့်တော့ မအိပ်ဖြစ်ဘူး။ ဘာလို့လဲဆို အဲဒီညကို စောင့်ပြီးတော့ ဂစ်တာတီးရင်တီးမယ်။ မူးသူမူးမယ်။ ကွဲသူကွဲ ပြဲသူပြဲပေါ့ (ရယ်လျက်) အာဏာမသိမ်းခင်တစ်နှစ်မှာတော့ တီဇစ်ကမ်းခြေဘက်ကိုရောက်တယ်။ ဒီနှစ် မောင်းမကန်ဆို နောက်နှစ် တီဇစ်တို့ဘာတို့ပေါ့။ တစ်ခါတစ်လေလည်း ဘုရားဖူးသွားနေတဲ့ အခါတွေလည်းရှိတယ်။ စုပြီးတော့ပဲ သွားကြတယ်။

အဲဒီညဆို ကြက်သားကင်တွေဘာတွေ ကိုယ့်ဘာကိုယ် လုပ်စားကြတာပေါ့။ အမျိုးသမီးတွေလည်း ပါတယ်။ အားလုံးက သူငယ်ချင်းတွေပဲဆိုတော့။ မိန်းမတွေကတော့ လေးငါးယောက်လောက် ပါတယ်။ ည ၁၂ နာရီထိုးရင် Happy New Year ဆိုပြီး စောင့်ပြီးတော့ အော်ကြတာတွေလုပ်တယ်။ လမ်းမထက်မှာ Happy New Year စာသားရေးတာမျိုးတွေတော့ မလုပ်ဖြစ်ဘူး။

အခုပုံစံမျိုးနဲ့တော့ မတူဘူးပေါ့လေ။ ဆုံနေကျ သူငယ်ချင်းတွေတော့ တောထဲကိုရောက်သူရောက် ထောင်ထဲကို ရောက်သူရောက် အဲဒီလိုဖြစ်ကုန်တယ်။

DW ။ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် New Year တုန်းကရော လုပ်ဖြစ်သေးလား။

ဖြေ ။ မလုပ်ဖြစ်ဘူး။ မနှစ်တုန်းက ထောင်ထဲကတော့ ထွက်လာပြီ။ ဒါပေမဲ့ လုပ်မဖြစ်ဘူး။ (အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြသဖြင့် စစ်ကောင်စီက ဖမ်းဆီးထောင်ချခဲ့ပြီး ၂၀၂၁ ခုနှစ် အောက်တိုဘာလတွင် ပြန်လည်လွတ်မြောက်လာ)

DW ။ ဒီနှစ်မှာရော New Year လုပ်ဖို့ ဘာလိုအစီအစဉ်တွေရှိလဲ။

ဖြေ ။ ဒီနှစ်မှာလည်း လုပ်ဖြစ်ဖို့ အခြေအနေမရှိဘူး။ ကျွန်တော့် သူငယ်ချင်းတွေကိုလည်း အားနာရတယ်။ သိတယ်မလား။ တကယ်လုပ်ချင်စိတ်ရှိရင်တောင် အကောင်အထည်ဖော်နိုင်ဖို့ အခြေအနေမရှိဘူး။ ပြီးတော့ တချို့သူငယ်ချင်းတွေလည်း ပင်ပန်းတဲ့ကောင်တွေ အရမ်းပင်ပန်းနေချိန် ကျွန်တော်တို့က ဒီလိုမျိုးတွေ လိုက်ပြီးလုပ်နေရင် အဆင်မပြေဘူးလေ။

DW ။ လာမယ့်နှစ်သစ်မှာရော ဘာတွေမျှော်လင့်ထားလဲ။

ဖြေ ။ မျှော်လင့်တာကတော့ အခုဖြစ်နေတဲ့ ကိစ္စတွေ အမြန်ဆုံးပြီးဆုံးပါစေလို့ပဲ မျှော်လင့်တာပေါ့။ ကျန်တာတော့ ဘာမှ မမျှော်လင့်ဘူး။ သူငယ်ချင်းတွေနဲ့ ပြန်ဆုံချင်တယ်။ အခုဖြစ်နေတာတွေကို အမြန်ဆုံးပြီးချင်တယ်၊ အဲဒီလောက်ပဲ။ ကျန်တာတွေတော့ ဘာမှ မမျှော်လင့်ဘူး။ မျှော်လင့်ရဖို့ကလည်း ဒီကိစ္စတွေပြီးမှပဲ အကောင်အထည်ဖော်ရဖို့ဆိုတော့။

DW ။ ပြီးခဲ့တဲ့ အာဏာသိမ်းကာလနှစ်တွေမှာ ကိုယ့်အတွက် ဘာတွေ ဆုံးရှုံးခဲ့ရလဲ။

ဖြေ ။ ကျွန်တော်တို့မှာ ဆုံးရှုံးတာဆိုလို့ ပညာရေးနဲ့ပက်သက်ပြီး ဆုံးရှုံးတာတွေပဲရှိတယ်။ ကျွန်တော်တို့က လူငယ်ပဲ ရှိသေးတာဆိုတော့ တခြားဆုံးရှုံးတာတွေ ကိုယ်မက်တဲ့ အိမ်မက်တွေရှိမယ်။ ကိုယ်အကောင်အထည်ဖော်ဖို့ စဉ်းစားထားတဲ့ အနာဂတ်ရည်မှန်းချက်တွေ ပျောက်သွားမယ် အဲဒီလောက်ပဲရှိတယ်။

DW ။ ၂၀၂၁ နဲ့ ၂၀၂၂ အာဏာသိမ်းလိုက်တဲ့ အဲဒီနှစ်တွေက ကိုယ်အတွက် ဘယ်လိုနှစ်တွေဖြစ်ခဲ့လဲ။

ဖြေ ။ မိစ္ဆာနှစ်တွေလို့ပဲ ပြောချင်တယ် (ရယ်လျက်) ။ ပြီးခဲ့တဲ့ နှစ်တွေက ခံစားခဲ့ရတဲ့ ဆိုးကျိုးတွေကို အခု ၂၀၂၂ နှစ်မှာပဲ ကျန်ရစ်မယ်လို့ မျှော်လင့်တယ်ပေါ့လေ။

“ပျော်ရွှင်စရာကောင်းတဲ့ အချိန်တွေကို လူတိုင်း ပြန်ပြီး ပိုင်ဆိုင်ရပါစေ”

အသက် ၂၂ နှစ်အရွယ် တောတွင်းရောက် လူငယ်အမျိုးသမီး

DW ။ ဒီနှစ် New Year ကိုဘယ်လိုဖြတ်သန်းဖို့ရှိလဲ။

ဖြေ ။ ဒီနှစ် New Year ကိုအနားမှာရှိတဲ့ ရဲဘော်တွေနဲ့ပဲ ဖြတ်သန်းဖို့ စဉ်းစားထားတယ်။

DW ။ အရင်ကရော New Year ညတွေကို ဘယ်လိုဖြတ်သန်းခဲ့လဲ။

ဖြေ ။ အာဏာမသိမ်းခင်က New Years ညတွေက တကယ်ကို ပျော်စရာကောင်းတယ်ပေါ့နော်။ ဘာလို့ ပျော်စရာ ကောင်းလဲဆို ကိုယ့်ဘေးမှာ ကိုယ်ချစ်ရတဲ့သူတွေလည်း အများကြီးရှိတယ်။ ပြီးတော့ မိသားစုဝင်တွေလည်း အများကြီးရှိပြီးတော့ မိသားစုဝင်တွေနဲ့ ဆင်နွဲရတဲ့ New Year လည်းဖြစ်တယ်။ ပြီးတော့ ကိုယ်တိုင် အလုပ်လုပ် နေရတာဆိုတော့ ကိုယ်ပိုင်ပိုက်ဆံလည်း လက်ထဲမှာရှိတော့ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ပျော်နိုင်တယ်ပေါ့နော်။ မိသားစုတွေရော သူငယ်ချင်းတွေကိုရော အခုချိန်မှာ တကယ်ကိုလွမ်းတယ်ပေါ့နော်။

DW ။ အရင်က ဖြတ်သန်းရတာနဲ့ အခုဖြတ်သန်းရတာနဲ့ ဘယ်လိုကွာခြားလဲ။

ဖြေ ။ အရင်ကဖြတ်သန်းရတာနဲ့ အခုဖြတ်သန်းရတာနဲ့ ဘယ်လိုကွာခြားလဲဆိုရင် အများကြီးကွာခြားသွားတယ်။ အရင်ကတော့ ပျော်တယ်ဆိုတာ ပျော်တာတစ်ခုမျှပဲ သိတယ်။ လွတ်လွတ်လပ်လပ်ပျော်ရတယ်။ ပေါ့ပေါ့ပါးပါး ပျော်ရတယ် အဲဒီလိုခံစားချက်ရှိတဲ့အတွက် ပျော်တယ်ဆိုတာ အစစ်အမှန်ဖြစ်တယ်ပေါ့နော်။ အခုနောက်ပိုင်း တော်လှန်ရေးကာလတစ်လျောက်လုံးမှာ ပျော်ခဲ့ရတာတွေက ဘယ်လိုပြောရမလဲ ပျော်သာ ပျော်လိုက်ရတယ် ပျော်ရွှင်မှုကို လုယူပြီးရှာနေရတယ်။ တစ်ခါတလေကျရင် အရမ်းကို စိတ်ဖိစီးမှုတွေများပြီး တော်လှန်ရေးကာလကြောင့်မို့လို့ ငါဒါတွေ မလုပ်ရဘူးဘာညာဆိုပြီး နေပြန်လည်း ကိုယ့်စိတ်ကို သတ်ရာ ရောက်နေသလိုမျိုး ဖြစ်နေတာကြောင့်ကိုယ့်စိတ်ကို ပျော်အောင်တော့ နေရတဲ့အခြေအနေမျိုးတော့ရှိတယ်။ ကမ်းခြေတွေကိုသွားပြီးတော့ နှစ်သစ်ကူးညကို ကျော်ဖြတ်ဖူးတာတော့ ရှိတယ်။ အဲ့ဒါကတော့ မှတ်မှတ်ရရပေါ့။

အရင်ကဖြတ်သန်းခဲ့ရတဲ့ ပျော်ရွှင်မှုနဲ့ အခုဖြတ်သန်းနေရတဲ့ ပျော်ရွှင်မှုက လုံးဝကို မတူဘူးပေါ့နော်။ အခုလို အချိန်ရောက်လာရင် အရင်က ဖြတ်သန်းခဲ့တဲ့ မိသားစုတွေ သူငယ်ချင်းတွေကို အရမ်းကို သတိရတယ်။ အရင်လို ပြန်ပြီးတော့ မဆုံဖြစ်တော့ဘူးပေါ့နော်။ ဆုံဖို့ဆိုတာကလည်း တော်တော်လေး ခဲယဉ်းနေပြီ ဒါကြောင့် ဒီကနေပဲ သတိရနေတယ်လို့ ပြောလိုက်ချင်တယ်။

DW ။ မနှစ်တုန်းက အာဏာသိမ်းကာလ နှစ်သစ်ကူးကိုရော ဘယ်လိုဖြတ်သန်းခဲ့လဲ။

ဖြေ ။ ပြီးခဲ့တဲ့နှစ်ကတော့ အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်သစ်ကူးကိုတော့ ပြေးရင်းလွှားရင်းပဲ ဖြတ်သန်းလိုက်ရတယ်။ ပြီးခဲ့တဲ့နှစ်က နှစ်သစ်ကူးဆိုတာ ဘာမှန်းကိုမသိလိုက်ရဘူး။

DW ။ ဒီနှစ် New Year ကိုရော ဘယ်လိုဖြတ်သန်းဖို့ စဉ်းစားထားလဲ။

ဖြေ ။ ဒီနှစ်ကတော့ ထူးထူးခြားခြားလည်း ဖြစ်စေချင်တယ်။ နည်းနည်းလည်း အခြေအနေ‌အေးနေတဲ့ ကာလတစ်ခုဖြစ်တဲ့ အတွက်ကြောင့် ပျော်စေချင်တဲ့ဆန္ဒနဲ့ အခု ခေတ္တယာယီ စစ်ဘေးရှောင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေနဲ့ New Year  ကို ဖြတ်သန်းဖို့ စီစဉ်ထားတယ်။ ဒီတစ်နှစ်တော့ နှစ်သစ်ကူးရဲ့ အငွေ့အသက်ကို ခံစားမယ်ဆိုပြီး လုပ်ထားတယ်ပေါ့နော်။ လက်ဆောင်ပစ္စည်းတွေလည်း ပေးဖို့ အစီအစဉ်တွေလည်းရှိတယ်။

DW ။ အခုလာမယ့်နှစ်သစ်မှာ ဘာတွေ ဘာတွေမျှော်လင့်ထားလဲ။ ဒီကနေ သူငယ်ချင်း မိတ်ဆွေတွေကို ဘယ်လို နှစ်သစ်ဆုတောင်းစကား အမှားပါးချင်လဲ။

ဖြေ ။ အခုလာဖို့ နှစ်သစ်ကစပြီးတော့ ပျော်ရွှင်ချမ်းမြေ့စွာနဲ့ နေထိုင်ချင်တယ်။ လွတ်လွတ်လပ်လပ် နေထိုင်ချင်တယ်။ ပြီးတော့ အခု စစ်ကောင်စီရဲ့ အကြမ်းဖက်ဖိနှိပ်မှုတွေကလည်း လွတ်မြောက်ချင်တယ်။ အဲဒါတွေကို ကျော်လွှားနိုင်ပါစေလို့လည်း ဆုတောင်းတယ်ပေါ့။ မိဘပြည်သူအားလုံးလည်း ကျန်းကျန်းမာမာ အေးအေးချမ်းချမ်းနဲ့ လုပ်ကိုင်စားသောက်နိုင်ကြပါစေ။ အရင်က ပျော်ရွှင်စရာကောင်းတဲ့ အချိန်တွေကို လူတိုင်း ပြန်ပြီး ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင့်။

“အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဘာဆိုဘာမှ ပျော်ရွှင်မှုမရှိတော့ဘူး”

လောင်းလုံးဒေသခံအမျိုးသားတစ်ဦး

DW ။ အရင်ကနှစ်သစ်ကူးနေ့တွေကို ဘယ်လိုဖြတ်သန်းခဲ့ဖူးလဲ။

ဖြေ ။ အရင်က‌တော့ ပျော်ပွဲစားပွဲတွေ လုပ်တယ်။ လူငယ်ထုံးစံလို့ပြောရမလား၊ သောက်မယ်စားမယ်၊ ခရီးထွက်မယ်ပေါ့။ ကမ်းခြေတွေ ကျော်ကြားထင်းရှား‌တဲ့ နေရာတွေကို သွားတယ်။

DW ။ အဲဒီလို နှစ်သစ်ကိုကြိုရတာ ဘယ်လိုခံစားရလဲ။

ဖြေ ။ သူငယ်ချင်းတွေနဲ့အတူ သွားရတော့ ဘာနဲ့မှမတူတဲ့ ပျော်ရွှင်မှုမျိုးတွေရတယ်။ ချစ်သူနဲ့သွားတဲ့အခါလည်း ရှိတယ်လေ။ အဲဒါမျိုးက ပျော်ရွှင်မှုတစ်မျိုးပေါ့။ ကျွန်တော်တို့ကတော့ သူငယ်ချင်းတွေနဲ့ပဲ အတူဖြတ်သန်းတာများပါတယ်။

DW ။ အခုအဲဒီလိုနှစ်သစ်ကိုကြိုခွင့်မရတာ ဘယ်လောက်ကြာပြီလဲ။

ဖြေ ။ သုံးနှစ်လောက်ရှိပြီပေါ့။ ကိုဗစ်ဖြစ်တာရော၊ အာဏာသိမ်းတာရော ဆိုရင်။ အာဏာသိမ်းပြီး‌တဲ့နောက်ပိုင်းမှာက သွားလို့လာလို့မရတော့ဘူးလေ။

DW ။ ဒီနှစ် ၂၀၂၃ နှစ်သစ်ကိုရော ဘယ်လိုကြိုမယ်လိုစဉ်းစားနေလဲ။

ဖြေ ။ ဘာမှအစီအစဉ်မရှိဘူး။ ကိုဗစ်ဖြစ်တဲ့ကာလတုန်းကပဲ ပျော်ရွှင်မှု ရှိသေးတယ်။ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဘာဆိုဘာမှ ပျော်ရွင်မှုမရှိတော့ဘူး။

DW ။ ဘာကြောင့် ပျော်ရွှင်မှုမရှိတော့ဘူးလို့ပြောတာလဲ။

ဖြေ ။ ဘာကြောင့်လဲဆို သွားရေးလာရေးခက်ခဲတာလည်းပါတယ်။ တချို့တွေကိုလည်း ကိုယ်ချင်းစာတယ်။ ကိုယ်ကပျော်နေပေမယ့် တချို့တွေက ဒုက္ခရောက်နေကြရတယ်လေ။ အခုလည်းကြည့်လေ ယောက်ျားနှစ်ယောက် စီးလို့မှမရတာ။ ကျွန်တော်တို့ကတော့ အဲဒီလို အပျော်ခရီးထွက်မယ်ဆို ယောက်ျားနှစ်ယောက် စီးပြီးသွားတာကများတယ်။ အခုကလည်း လူငယ်တွေကိုပဲ ဦးတည်ပြီး ဖမ်းဆီးစစ်ဆေးတာတွေ များလာတော့ သွားလို့လာလို့က ဆင်မပြေကြတော့ဘူးလေ။

DW ။ ကိုယ့်အိမ်မှာရော ကိုယ်တစ်ယောက်တည်း နှစ်သစ်ကိုကြိုဖို့ စဉ်းစားထားတာမျိုးရှိလား။

ဖြေ ။ မရှိဘူး အရင်ကတော့ နှစ်သစ်ကူးနေဆို အစားအစာတွေ ချက်ကြမယ် ပြုတ်ကြမယ်ဆိုပြီး ကြိုပြီး တိုင်ပင်ထားတတ်ကြတာ။ အများအားဖြင့် မိန်းကလေးတွေနဲ့ ရောချင်တဲ့ လူငယ်တွေကတော့ မုန့်လုံးရေပေါ် လုပ်စားကြတာလေ။ ပါဆယ်ပေးတမ်း ကစားကြတယ်ပေါ့။ ပြီးတော့ မနက်ဖြန်ဘယ်ကိုသွားမယ်ဆိုပြီး ချိန်းလိုက်တာပေါ့။ အခုက သူငယ်ချင်းတွေက ပြေးတဲ့သူပြေး ထောင်ကျတဲ့သူတွေကလည်း ထောင်ကျနေကြတယ်ဆိုတော့ ကိုယ်ချင်းစာ‌တာပေါ့။ ကိုယ်တစ်ယောက်တည်း ပျော်နေရတာမျိုး မလုပ်ချင်တော့ဘူး။ အဲဒီနေ့ကျရင် နဖူးပေါ်လက်တင်ပြီး အိပ်မယ်။ ဖုန်းကြည့်ပြီးအိပ်မယ်။

DW ။ အရင်ကအဲဒီလိုနေ့တွေမှာ ပျော်ခဲ့ဖူးတာတွေကို ပြန်တမ်းတာနေတာမျိုးရှိလား။

ဖြေ ။ တမ်းတတာပေါ့။ သီချင်းတစ်ပုဒ်အသံကြားရင်တောင် ဒီသီချင်းလေး ဘယ်ပွဲသွားတုန်းက ကြားခဲ့ဖူးတဲ့ သီချင်းလေးပဲဆိုပြီး ပြန်သတိရလာတာမျိုး။ အခုက ပွဲလမ်းသဘင်ဆိုလို့ ဘယ်မှာမှန်းမသိတော့ဘူးလေ။ မြန်မာသံစဉ်သီချင်းလေးတွေ ကြားရရင် အော်ဒီသီချင်းက ဘယ်ဘုရားပွဲတုန်းက ဘယ်ဇာတ်ပွဲက ကြားရတဲ့ သီချင်းလေးပဲဆိုတာမျိုး ပြန်သတိရလာတာမျိုးရှိတာပေါ့။

DW ။ တခြားရော ဘာများဖြည့်စွက်ပြောချင်တာရှိလဲခင်ဗျား။

ဖြေ ။ ကိုယ့်ရဲ့သက်တမ်းမှာတော့ အရင်လို ခေတ်မျိုး တစ်ခါလောက်ပြန်ရချင်သေးတယ်။ ပျော်ပျော်ရွှင်ရွှင် လွတ်လွတ်လပ်လပ် သွားလို့ရတာမျိုးတွေပေါ့၊ ပြန်ရချင်သေးတယ်။ ဒီကာလမှာ ကိုယ်ဘာဖြစ်သွားမလဲဆိုတာ မသိနိုင်ဘူးလေ။ လူငယ်တစ်ယောက်အနေနဲ့ ပြန်ပြီးတော့ ပျော်ရွှင်ခွင့် ရချင်သေးတယ်။

“ဟိုနေရာကပေါက်၊ ဒီနေရာကပစ်နဲ့ သွားလိုလည်းမရဲတော့ဘူး”

ရေဖြူမြို့နယ်က ဒေသခံအမျိုးသမီးတစ်ဦး

DW ။ အရင်က နှစ်သစ်ကူးတဲ့နေ့တွေကို ဘယ်လိုဖြတ်သန်းခဲ့ဖူးလဲ။

ဖြေ ။ သူငယ်ချင်းတွေစုဖွဲ့ပြီး ခရီးထွက်ကြတယ်။ အစားအသောက်တွေ ချက်ပြုတ်စားသောက်ကြတယ်။

DW ။ အဲဒီလိုနှစ်သစ်ကူးနေ့တွေကိုဖြတ်သန်းတာ ဘယ်လို့ခံစားရလဲ။

ဖြေ ။ သူငယ်ချင်းတွေနဲ့သွားရတော့ ပျော်တာပေါ့။ နှစ်သစ်မကူးခင်ညကတည်းက ချက်ကြပြုတ်ကြ သိုက်သိုက်ဝန်းဝန်းနဲ့ ပျော်စရာအရမ်းကောင်းပါတယ်။ အခုတော့ပျော်စရာ မကောင်းတော့ဘူး။ သူငယ်ချင်းတွေက မရှိတော့ဘူးလေ။

DW ။ သူငယ်ချင်းတွေကရော ဘယ်ကို ထွက်သွားကြလို့လဲ။

ဖြေ ။ သူငယ်ချင်းက အခုချိန်မှာ ထိုင်းကိုသွားတဲ့သူသွားကြပြီ။ အခြားနိုင်ငံကို ထွက်သွားကြသူကလည်း ထွက်သွားကြတယ်။ တောထဲရောက်နေတဲ့သူလည်း တောထဲရောက်သွားကြတယ်ပေါ့နော်။ အဲဒီတော့သူငယ်ချင်းတွေ စုစုစည်းစည်း မရှိကြတော့ဘူးရှင့်။

DW ။ သူငယ်ချင်းတွေက တောထဲကိုကျတော့ ဘယ်လိုပုံစံနဲ့ရောက်နေကြတာမျိုးလဲ။

ဖြေ ။ နိုင်ငံအတွက်ပဲပြောရမလား (စဉ်းစားဟန်ပြုလျက်)။

DW ။ နိုင်ငံအတွက်ဆိုတာ ရှင်းရှင်းလင်းလင်း ပြောပြလို့ရလား။

ဖြေ ။ ဒီလိုခေတ်စနစ်ကို မလိုချင်လို့ တော်လှန်နေကြတာပေါ့ရှင်။ အိုးတွေ၊ အိမ်တွေမိဘတွေကို စွန့်ခွာပြီး တောထဲမှာပဲနေပြီး လက်နက်ကိုင် တော်လှန်နေကြတာပေါ့။

DW ။ သူငယ်ချင်းတွေ မစုံတော့တဲ့ကြားထဲက အခုရောက်လာမဲ့ ၂၀၂၃ နှစ်သစ်ကို ဘယ်လိုကြိုမယ်လို့ စိတ်ကူးထားလဲ။

ဖြေ ။ သူငယ်ချင်းတွေလည်း မစုံကြတော့ဘူးဆိုတော့ အိမ်မှာပဲ မိသားစုနဲ့အတူရှိနေမယ်။ ခရီးထွက်ဖို့လည်း စိတ်ကူး မရှိတော့ဘူး။ ဟိုနေရာက ပေါက်၊ ဒီနေရာကပစ်နဲ့ သွားလိုလည်းမရဲတော့ဘူး။ အဓိကက လုံခြုံမှုမရှိတော့ဘူးပေါ့။

DW ။ အခုပြီးသွားတဲ့ ခရစ်စမတ်နေ့ကို ဘယ်လိုဖြတ်သန်းခဲ့လဲ။

ဖြေ ။ အရင်ကတော့ ခရစ္စမတ်နေ့ဆိုရင် ပျော်ပွဲရွှင်ပွဲတွေလုပ်။ ကမ်းခြေတွေကို အလည်ပတ်သွားကြတာပေါ့။ ဒီနှစ်ကျတော့ နိုင်ငံရေးအခြေအနေကလည်း မကောင်းဘူးဆိုတော့ ဘယ်မှလဲမသွားဖြစ်ဘူး။ အိမ်မှာပဲနေလိုက်တယ်ရှင့်။

DW ။ အရင်တုန်းက ပျော်ရွှင်ခဲ့ရတဲ့ ခရစ္စမတ်နေ့အကြောင်းကို ဒီနှစ် ခရစ္စမတ်နေ့မှာ ပြန်တွေးမိတာမျိုးရှိလား။

ဖြေ ။ ပြန်မတွေးတော့ဘူး။ ခုလက်ရှိအခြေအနေက ပျော်ရွှင်ဖွယ်အခြေအနေမှ မရှိတာ ။

DW ။ ဘာကြောင့် ပျော်ရွှင်ဖွယ်အခြေနေမဟုတ်ဘူးလို့ ပြောလဲခင်ဗျား။

ဖြေ ။ စစ်အာဏာကလည်း သိမ်းထားတယ်။ ပြီးတော့ ကျွန်မတို့ ဒေသမှာကလည်း အခြေအနေမကောင်းဘူး။ ဟိုနေရာမှာပေါက်ကွဲ ဒီနေရာ ပေါက်ကွဲ နေတဲ့အခါကျတော့လေ လူတွေက ကြောက်ကြောက်လန့်လန့်နဲ့ပဲ အချိန်တိုင်းနေရတာလေ။

DW ။ အခုလိုထူးခြား‌တဲ့နေ့တွေမှာ ပျော်ရွှင်စွာနေခွင့်မရတဲ့ သုံးနှစ်အတွင်း လူငယ်တစ်ယောက်အနေနဲ့ ဘာတွေ ခံစားနေရလဲ။

ဖြေ ။ စိတ်ထဲမကောင်းဘူးပေါ့။ အရင်က ဒီလိုဆောင်းကာလဆိုရင် ချမ်းတဲ့ အအေးဒဏ်တွေကြား ပွဲတွေသွားကြတယ်။ စုဖွဲ့ပြီး။ အခုက ဘာမှမရှိတော့ဘူးလေ။ အရင်လို ပွဲလမ်းသဘင်မျိုးတွေ။ တောထဲမှာနေတဲ့သူတွေကိုလည်း အားနာလှပါပြီ။ ပျော်စရာ အခင်းအကျင်းမျိုးတွေ ရှိမနေဘူးဆိုတော့ စိတ်ကလည်း သွားဖို့လာဖို့ ဆန္ဒမရှိတော့ဘူး။ စိတ်ရှုပ်တာပေါ့ရှင်။ လုံးဝကိုဒီခေတ်စနစ်မျိုးမလိုလားဘူး ။ အားလုံးမိသားစုတွေအတူတူ သူငယ်ချင်းတွေ အတူတူပြန်နေချင်တယ်။ တောထဲရောက်နေတဲ့ သူငယ်ချင်းတွေကိုလည်း အိမ်ပြန်ရောက်လာစေချင်တယ်။

DW ။ တောထဲမှာနေတဲ့သူတွေကို အားနာတယ်ဆိုတော့ ဘယ်လိုဘယ်ပုံအားနာတာလဲ။

ဖြေ ။ မိဘ၊ သူငယ်ချင်းတွေကို စွန့်ခွာပြီး ပြည်သူတွေအတွက် အသက်ပေးနေကြတယ်လေ သူတို့က။ သူတို့လည်း ကျွန်မတို့လိုအိမ်မှာ မိစုံဖစုံနဲ့ ချစ်ခင်တဲ့သူတွေနဲ့ အတူနေချင်မှာပေါ့နော်။ ဒါပေမဲ့ နိုင်ငံရေးအခြေနေ မကောင်းတဲ့ အခါကျတော့ သူတို့ကလည်း တော်လှန်ဖို့ ထက်သန်ကြတယ်ပေါ့။ ဒါကြောင့်လည်း တောထဲထွက်သွားကြတယ်လေ။ အဲဒါကြောင့်အားနာတာပေါ့။

DW ။ တခြားဖြည့်ပြီးဘာပြောချင်လဲ။

ဖြေ ။ အရင်နှစ်သစ်ကူးနေ့တွေလိုမျိုး သူငယ်ချင်းတွေနဲ့ အတူကြိုချင်တယ်။ ဒီလိုအကျပ်အတည်းကာလကိုလည်း မလိုချင်တော့ဘူး တောထဲရောက်နေကြတဲ့ မိသားစုတွေ သူငယ်ချင်းတွေ ကို အိမ်‌ပြန်ရောက်စေချင်ပြီ။

DW ။ ကျေးဇူးပါခင်ဗျား။