ပုလောတွင် တိုက်ပွဲဆက်ဖြစ်

0
2978

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကဒဲကျေးရွာတွင် ယနေ့ ဒီဇင်ဘာလ ၃၁ရက် တိုက်ပွဲ ဆက်လက်ဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။

ဒီဇင်ဘာလ ၃၀ ရက်က ပလမြို့အနီးဝန်းကျင်က ကျေးရွာများဖြစ်သည် တိုရွာ၊ သင်္ကန်းတော၊ တင်းရှင်းရွာတို့တွင် တိုက်ပွဲဖြစ်ပြီးခဲ့သည်။

ယင်းရွာများနှင့် တစ်ဆက်တည်း တည်ရှိသည့် ကဒဲရွာတွင် ယနေ့ ဒီဇင်ဘာလ ၃၁ နံနက် ၇ နာရီမှစတင်ကာ မွန်းလွဲ ၃ နာရီဝန်းကျင်အထိ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များကြား တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံများက ဆိုသည်။

“ဒီနေ့ ကဒဲကို ဝင်လာတိုက်တယ်။ စစ်တပ်ဘက်က တော်တော်အထိနာသွားတယ်လို့ကြားရတယ်။ မိုင်းတွေလည်း ဟိုနားက ပေါက်ဒီနားကပေါက်နဲ့။ ကဒဲလမ်းဆုံမှာလည်း မိုင်းထိတယ်လို့ ကြားရတယ်” ဟု ထွက်ပြေးတိမ်းရှောင်နေသည့် ကဒဲရွာသားတစ်ဦးက ပြောသည်။

ညနေ ၄ နာရီ ဝန်းကျင်တွင် စစ်ကောင်စီတပ်များ ပြန်လည်ဆုတ်ခွာသွားသည်ဟု ကြားသိရကြောင်း အဆိုပါဒေသခံက ပြောဆိုသည်။

ကဒဲရွာမှ ပုလောဖက်သို့ စစ်ကြောင်းပြန်လာသည်ကိုကြားရသည့်အတွက် ကဒဲရွာနှင့် ပုလောကြားရှိ မင်းထိန် ရွာသားများလည်း ယနေ့ ညနေတွင် ပုလောမြို့သို့ ထွက်ပြေးနေရကြောင်း မင်းထိန်ဒေသခံများက ဆိုသည်။

“မြို့ထဲကို လွယ်လွယ်နဲ့ ပေးမဝင်ဘူး။ ပုလောထိပ်က မကျည်းကုန်းရွာ စစ်ဆေးရေးဂိတ်မှာ တအားစစ်တယ်။ အမျိုးသားတွေ ပိုပြီးအစစ်ခံရတယ်” ဟု ပုလောမြို့သို့ ထွက်ပြေးလာသည့် မင်းထိန်ဒေသခံ အမျိုးသမီတစ်ဦးက ပြောသည်။

မင်းထိန်ရွာသည် တိုက်ပွဲတစ်ခါမျှမဖြစ်ဖူးသေးသည့် ကျေးရွာဖြစ်ပြီး လက်ရှိတွင် ကျောင်းကြီးနှင့် ကျောင်းငယ်နှစ်ကျောင်းက ရဟန်းသံဃာများလည်း တိမ်းရှောင်နေကြရကြောင်း ဒေသခံများကပြောဆိုသည်။