ပလမြို့အနီးတိုက်ပွဲတွင် ရွာသုံးရွာက နေအိမ်သုံးဆယ်ကျော် မီးရှို့ခံရ

0
3434
မီးရှို့ခံရသည့် ရွာတစ်ရွာ။ ဓါတ်ပုံ - KPDF (ပုလော)

မြိတ်ခရိုင်၊ ပုလောမြို့နယ် ပလမြို့အနီး တိုက်ပွဲဖြစ်ပွားရာတွင် ကျေးရွာသုံးရွာက နေအိမ်သုံးဆယ်ကျော် မီးလောင်ပြာကျသွားကြောင်း ဒေသခံများထံမှ သိရသည်။

ဒီဇင်ဘာ ၃၀ ရက်နေ့က စစ်ကောင်စီတပ် အင်အား ၂၀၀ ခန့် စစ်ကြောင်းဝင်ရောက်ခဲ့ပြီးနောက် တိုက်ပွဲဖြစ်ပွားရာ ပလမြို့ တိုရွာရှိ နေအိမ် ၂၁ လုံး၊ တန်းရှင်းရွာတွင် နေအိမ် နှစ်လုံးနှင့် သင်္ကန်းတောရွာတွင် နေအိမ် ခုနစ်လုံး မီးရှို့ခံရကြောင်း ဒေသခံများထံမှ သိရသည်။

“လူတွေကတော့ အထိအခိုက်ဒဏ်ရာရတာ မကြားရသေးဘူး။ အရပ်သား တစ်ဆယ်နီးပါးလောက်တော့ အဖမ်း ခံရတယ်လို့တော့ ကြားတယ်။ ကျွန်တော်တို့ရွာကချည်း ငါးဦးလောက်ပါ သွားတယ်။ ဖုန်းတွေပိတ်ထားတော့ ဘယ်သူ ဘယ်ဝါတွေဆိုတာ မသိရသေးဘူး” ဟု တိုရွာမှ ထွက်ပြေးတိမ်းရှောင်နေရသည့် အမျိုးသားတစ်ဦးက ပြောသည်။

ဒီဇင်ဘာလ ၃၀ ရက် နံနက် ၁၀ နာရီဝန်းကျင်မှ ညနေ ၆ နာရီခွဲအထိ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ ဒီဇင်ဘာလ ၃၁ နံနက်တွင်လည်း ပုလောမြို့မှ ကဒဲကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် တစ်နာရီ နီးပါးကြာ ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။

“ကျွန်တော်တို့လည်း ရွာမပြန်ရဲကြသေးဘူး။ ဘာတွေဖြစ်ဦးမလဲ မသေချာတော့ အခြေအနေကို စောင့်ကြည့်နေရတယ်” ဟု ကဒဲကျေးရွာဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီယာဉ်တန်းနှင့် ခြေလျင်တပ်သားများ ကျေးရွာသုံးရွာသို့ လက်နက်ကြီးလက်နက်ငယ်တို့ဖြင့် ပစ်ခတ် ဝင်ရောက်ခဲ့ပြီး နေအိမ် ၃၁ လုံးအား မီးရှို့သွားကြောင်း ကရင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KPDF (ပုလော) က ယနေ့ ထုတ်ပြန်သည်။

စစ်ကောင်စီတပ်ကို ပုလော ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ပူးပေါင်းတပ်များက ပြန်လည်ခုခံတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ် အများအပြားသေဆုံးခဲ့ပြီး အရေအတွက်ကိုမူ အတည်မပြုရသေးဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

တိုက်ပွဲဖြစ်ပွားမှု၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုတို့ကြောင့် တို၊ တန်းရှင်း၊ သင်္ကန်းတော၊ ကဒဲ၊ ပဝတ်ကုန်း စသည့် ကျေးရွာတို့က ဒေသခံများ ဘေးလွတ်ရာ တောတောင်အတွင်း ထွက်ပြေးနေကြရကြောင်း ဒေသခံများက ပြောသည်။