တစ်ပတ်အတွင်း မြန်မာ့ရေးရာ

0
3147

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဒီဇင်ဘာ ၂၅ ရက်နေ့မှ ၃၁ ရက်နေ့အထိ

စစ်ဘေးရှောင်ဒုက္ခသည် နှစ်သန်းနီးပါးရှိလာပြီ

မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုနောက်ပိုင်း စစ်ဘေးရှောင်ဒုက္ခသည် နှစ်သန်းနီးပါးရှိလာပြီဖြစ်ကြောင်း သုတေသနအဖွဲ့တစ်ခုဖြစ်သည့် မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP Myanmar) က ထုတ်ပြန်ထားသည်။

အာဏာသိမ်းမှုနောက်ပိုင်း ဖြစ်ပွားနေသည့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခကြောင့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်အထိ ပြည်တွင်းစစ်ဘေးရှောင်ဒုက္ခသည် ၁,၉၁၂,၇၆၉ ဦးထက်မနည်း ရှိလာကြောင်း ဖော်ပြသည်။

၂၀၂၂ ခုနှစ်တစ်နှစ်အတွင်းပင် ပြည်တွင်း စစ်ဘေးရှောင်ဒုက္ခသည် တစ်သန်းသုံးသိန်းခွဲကျော်ရှိသည်ဟုလည်း ဖော်ပြသည်။

ယင်းအပြင် အာဏာမသိမ်းမီနှင့် သိမ်းပြီးနောက်ပိုင်းတို့တွင် နယ်စပ်ဖြတ်ကျော် ထွက်ပြေးခဲ့ရတဲ့ စစ်ဘေးရှောင်ဒုက္ခသည် အရေအတွက်မှာလည်း တစ်သန်းကျော် (၁,၀၁၉,၁၉၀ ဦးထက်မနည်း) ရှိလာကြောင်း ISP Myanmar က ဆိုသည်။

စစ်ဘေးရှောင်အများဆုံးရှိနေသည့် စစ်ကိုင်းတိုင်းတွင်ဆိုလျှင် လူဦးရေ၏ ၁၅ ရာခိုင်နှုန်း အရေအတွက်အားဖြင့် ခုနစ်သိန်းကိုးသောင်းကျော်မှာ စစ်ဘေးရှောင်နေကြရကြောင်း ISP Myanmar ထံမှ သိရသည်။

………………………………..

တစ်လလျှင် မြန်မာလေးသောင်းခန့် ပြည်ပထွက်နေ

ပုံစာ – ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်ကြသည့် မြန်မာများ။

မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက် ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခနှင့် စီးပွားရေးကျပ်တည်းမှုများကြောင့် တစ်လလျှင် လူလေးသောင်းခန့် ပြည်ပသို့ ထွက်ခွာနေကြရကြောင်း ကုလသမဂ္ဂ၏ ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း IOM က ခန့်မှန်းထားသည်။

ပြည်ပထွက်ခွာသွားသူ အများစုမှာ ထိုင်းနိုင်ငံသို့ သွားကြခြင်းဖြစ်ပြီး ဆက်လက်ထွက်ခွာရန်လည်း ကြိုးပမ်းနေကြသဖြင့် လူကုန်ကူးခံရနိုင်ခြေလည်း မြင့်မားကြောင်း IOM က ဆိုသည်။

၂၀၂၃ ခုနှစ်တွင်လည်း နေရပ်စွန့်ခွာထွက်ပြေးရသည့် စစ်ဘေးရှောင်အရေအတွက်နှင့် ပြည်ပထွက်ခွာရသူ အရေအတွက်မှာ ယခုထက်ပင် ပိုလာနိုင်သေးကြောင်း ခန့်မှန်းထားသည်။

………………………………..

ဒေါ်အောင်ဆန်းစုကြည်ကို အမှုအားလုံးအမိန့်ချ၊ ထောင်ဒဏ် ၃၃ နှစ်ရှိလာ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွပ်စွဲထားသည့် အမှုအားလုံးကို အမိန့်ချမှတ်လိုက်ပြီဖြစ်ပြီး စုစုပေါင်းထောင်ဒဏ် ၃၃ နှစ်အထိ ရှိလာသည်။

ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲထားသည့်အမှုများအနက် နောက်ဆုံးကျန်နေသည့် ရဟတ်ယာဉ်ကိစ္စဖြင့် စွဲဆိုထားသည့် အဂတိအမှု ငါးမှုကို ဒီဇင်ဘာလ ၃၀ ရက်တွင် နေပြည်တော်အချုပ်ထောင်တွင်း တရားရုံးက ထောင်ဒဏ် ခုနစ်နှစ် ချမှတ်လိုက်သည်။

ယင်းမတိုင်မီ အမှု ၁၄မှုအတွက် ထောင်ဒဏ် ၂၆နှစ်ချမှတ်ထားပြီးဖြစ်သဖြင့် စုစုပေါင်းထောင်ဒဏ် ၃၃ နှစ်အထိ ရှိလာခြင်းဖြစ်သည်။

ဒီဇင်ဘာလ ၃၀ ရက်က အမိန့်ချမှတ်ရာတွင် အမှုတွဲအတူတူ စွဲဆိုခံထားရသည့် သမ္မတဦးဝင်းမြင့်ကိုလည်း ထောင်ဒဏ် ခုနစ်နှစ် ချမှတ်ခဲ့သည်။ ယင်းမတိုင်မီ ထောင်ဒဏ် ငါးနှစ်ချခံထားရသဖြင့် စုစုပေါင်းထောင်ဒဏ် ၁၂ နှစ်အထိ ရှိလာသည်။

စွပ်စွဲချက်များကို သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့က ငြင်းဆိုထားပြီး အထက်ရုံးကို အယူခံဆက်တက်ရန် ညွှန်ကြားထားသည်ဟုလည်း ရှေ့နေများကို ကိုးကားကာ ပြည်တွင်းသတင်းများတွင် ဖော်ပြသည်။

သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်ပေးရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၊ ဥရောပသမဂ္ဂ၊ အာဆီယံအပါအဝင် နိုင်ငံတကာက တောင်းဆိုနေသည့်ကြားမှ ပြစ်ဒဏ်ထပ်မံ ချမှတ်လာခြင်းဖြစ်သည်။

ယခုအမိန့်ထပ်မံချမှတ်မှုအပေါ်လည်း ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ အမေရိကန်တို့က ရှုတ်ချထားသည်။

………………………………..

မန္တလေးက ပုဂ္ဂလိက ဆေးရုံငါးရုံ ယာယီပိတ်ခံရ

မန္တလေးမြို့က ပုဂ္ဂလိကဆေးရုံငါးရုံကို စစ်ကောင်စီက ယာယီပိတ်လိုက်သည်။

မြို့တော်၊ နန်းတော်၊ ကံ့ကော်၊ စိန်ပန်း၊ ထက်နေလင်း စသောအထူးကုဆေးရုံများကို ဇန်နဝါရီလ ၁ ရက်နေ့က စပြီးပိတ်ခိုင်းထားသည်ဟုဆိုပြီး ဆေးရုံများမှာ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကပင် လူနာများ လက်မခံကြတော့ဘဲ ပိတ်နေကြပြီဖြစ်ကြောင်း ပြည်တွင်း သတင်းအချို့တွင် ဖော်ပြသည်။

အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင် ပါဝင်သည့် ဆရာဝန်များ၊ သူနာပြုများကို ပုဂ္ဂလိကဆေးရုံအချို့တွင် ဖမ်းမိသဖြင့် ဖိအားပေးပြီး လေးလတိတိ ယာယီပိတ်ခိုင်းခြင်းဖြစ်ကြောင်း မန္တလေးက ဆရာဝန်အသိုင်းအဝိုင်းနှင့် နီးစပ်သူများကို ကိုးကားပြီး RFA သတင်းတစ်ရပ်တွင် ဖော်ပြသည်။

မန္တလေးဆေးတက္ကသိုလ်က CDM လုပ်ထားသည့် ဆီးနှင့် ကျောက်ကပ် ခွဲစိတ်အထူးကုဆရာဝန်ကြီး ပေါမောက္ခ ဒေါက်တာဝင်းခိုင်နှင့် ကျန်းမာရေးဝန်ထမ်းနှစ်ဦးတို့ နန်းတော်ဆေးရုံတွင် ဆေးကုသနေစဉ် ဒီဇင်ဘာလ ၂၅ ရက် ဖမ်းဆီးခဲ့ရသည်။

ယင်းနောက် ဆေးရုံများကို ယာယီပိတ်ရန် ဖိအားပေးလာခြင်းဟုလည်း သတင်းအချို့တွင် ဖော်ပြသည်။

ဘီဘီစီမြန်မာပိုင်း သတင်းတစ်ရပ်တွင်မူ အဆိုပါဆေးရုံများသည် ရက်ပိုင်းခန့်ပိတ်ထားမည်ဟု ဆိုသော်လည်း ပိတ်ရသည့်အကြောင်းအရင်းကို အတိအကျမဖြေကြဟု ဖော်ပြသည်။

………………………………..

သတင်းသမား တစ်ဦးဖမ်းဆီးခံရ၊ နှစ်ဦး ထောင်ဒဏ်ချခံရ

ယခုသီတင်းပတ်အတွင်း သတင်းသမားတစ်ဦးအဖမ်းခံရပြီး နှစ်ဦးထောင်ဒဏ်များ ချမှတ်ခံရသည်။

ကမာရွတ်မီဒီယာ ပူးတွဲတည်ထောင်သူ ဦးဟံသာညိန်းအား အီလက်ထရွန်နစ်ဥပဒေပုဒ်မ ၃၃ (က) ဖြင့် စွပ်စွဲ စွဲဆိုထားသည့်အမှုကို ဒီဇင်ဘာလ ၂၆ ရက်တွင် အင်းစိန်ထောင်တွင်း တရားရုံးက ပြစ်ဒဏ်ချသည်။

ယခုအမှုမတိုင်မီ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) ဖြင့်လည်း ထောင် ၂နှစ် ချမှတ်ထားသေးသည်။

၂၀၂၁ ခုနှစ်က ရန်ကုန် ကမာရွယ်မြို့နယ်ရှိတွင် ရှိသည့် ကမာရွတ်မီဒီယာရုံးခန်ကို စစ်ကောင်စီတပ်က ဝင်စီးပြီး ဦးဟံသာညိန်းနှင့်အတူ ပူးတွဲတည်ထောင်သူ ဦးနေသန်မောင်တို့ကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ အမေရိကန်နိုင်ငံသား ခံယူထားသူ ဦးနေသန်မောင်ကို ဇွန်လတွင် ပြန်လွှတ်ပေးခဲ့သည်။

DVB အလွတ်တန်းသတင်းထောက် ကိုကျော်အောင် (ခေါ်) မင်းမင်းကိုလည်း စစ်ကောင်စီတရားရုံး ထောင်တစ်သက် ချမှတ်လိုက်သည်။ ရန်ကုန် – မန္တလေး အမြန်လမ်း ဇဟားရဲကင်းတစ်ခုကို တိုက်ခိုက်ခဲ့သည်ဆိုသည့် စွပ်စွဲချက်ဖြင့် လူ ၁၃ဦးကို ပြစ်ဒဏ်ချမှတ်ရာတွင် ပါဝင်ခြင်းဖြစ်ကြောင်း RFA သတင်းတစ်ရပ်တွင် ဖော်ပြသည်။

ကမ္ဘောဇတိုင်းသတင်းဌာန အယ်ဒီတာချုပ် ဦးကျော်ဇေယျကို ပဲခူတိုင်း ကြို့ပင်ကောက်မြို့နေအိမ်တွင် စစ်ကောင်စီက ဒီဇင်ဘာလ ၂၅ ရက် နံနက် ၃နာရီကျော်တွင် လာရောက်ဖမ်းဆီးသွားသည်။

ယင်းသတင်းဌာန ထုတ်ဝေသူနှင့် အယ်ဒီတာအဖွဲ့ဝင်များကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (က) အမှုဖွင့်ဖမ်းဆီးခဲ့ပြီးနောက် လေးဦးဖမ်းဆီးခံရပြီး ဦးကျော်ဇေယျမှာ တိမ်းရှောင်လွတ်မြောက်နေခဲ့ခြင်းဖြစ်သည်။

………………………………..

နှစ်သစ်ကူးည အနားရသည့် ညမထွက်ရအမိန့်

ရန်ကုန်တွင် ဒီဇင်ဘာလ ၃၁ရက် ညတွင် နှစ်သစ်ကူးပွဲတော်ကျင်းပရန် ညမထွက်ရအမိန့်ကို စစ်ကောင်စီက တစ်ရက်တာ ပယ်ဖျက်ကြောင်း ဒီဇင်ဘာလ ၂၉ ရက်က ကြေညာခဲ့သည်။

ရန်ကုန် ပြည်သူ့ရင်ပြင်မှာ နှစ်သစ်ကူးပွဲတော် Count Down Party ကျင်းပပြီး မီးရှူးမီးပန်းနှင့် စတိတ်ရှိုးပွဲများကို စည်စည်ကားကား ကျင်းပရန်အတွက်ဟုဆိုသည်။

အာဏာသိမ်းပြီးနောက် ရန်ကုန်တွင် ညမထွက်ရအမိန့်ကို ည ၁၀ နာရီမှ နံနက် ၄နာရီအထိ ထုတ်ပြန်ထားခြင်း ဖြစ်သည်။

အာဏာသိမ်းပြီးနောက် ပြည်သူများ ဖမ်းဆီးသတ်ဖြတ်ခံရခြင်း၊ နိုင်ငံအနှံ့ လက်နက်ကိုင်ပဋိပက္ခမြင့်တက်လာခြင်း၊ စီးပွားရေးကျပ်တည်းလာသဖြင့် ခိုးဆိုးလုနှိုက်များ ပေါများလာခြင်း စသည်တို့ကြောင့် အခါကြီးနေ့ကြီးများ၊ ပျော်ပွဲရွှင်ပွဲများမှာ မစည်ကားလှတော့ပေ။

ရန်ကုန်တွင်ဆိုလျှင် အများပြည်သူသွားလာသည့် ဘတ်ကားမှတ်တိုင်၊ ကူးတို့သင်္ဘော၊ ပွဲဈေး စသည့်နေရာတို့တွင် ဗုံးပေါက်ကွဲမှုများလည်းရှိခဲ့သည်။

………………………………..

၄၄ လမ်းဖြစ်စဉ်က လူငယ်များ ထောင်ဒဏ်ချခံရ

ရန်ကုန် ဗိုလ်တစ်ထောင်မြို့နယ် ၄၄ လမ်းက တိုက်ခန်းတစ်ခုကို ဝင်ရောက်စီးနင်းရာတွင် ဖမ်းဆီးခံရသည့် လူငယ် ခြောက်ဦးအပါအဝင် ခုနစ်ဦးကို ဒီဇင်ဘာလ ၂၇ ရက်က ထောင်ဒဏ် ၁၂နှစ်စီ ချမှတ်လိုက်သည်။

၂၀၂၁ ခုနှစ် ဩဂုတ်လတွင် စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းဖမ်းဆီးရာတွင် တိုက်ပေါ်က ခုန်ချထွက်ပြေးသဖြင့် နှစ်ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူများလည်းရှိခဲ့သည်။ ယင်းဖြစ်စဉ်တွင် အမျိုးသမီးတစ်ဦး အပါအဝင် လူငယ် ခြောက်ဦးနှင့် ၎င်းတို့ကိုကူညီသည့် အငှားယာဉ်မောင်းတစ်ဦးတို့ ဖမ်းဆီးခံခဲ့ရသည်။

၎င်းတို့ကို ပေါက်ကွဲစေတတ်သောဝတ္ထုပစ္စည်းများအက်ဥပဒေ ပုဒ်မများဖြင့် တရားစွဲဆိုကာ အင်းစိန်ထောင်တွင်း တရားရုံးက ပြစ်ဒဏ်ချခဲ့ခြင်းဖြစ်သည်။

………………………………..

မဲစာရင်းပြုစုပေးရမည့် ပရဟိတအဖွဲ့များ

ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုရာတွင် ပါဝင်ရန် ပရဟိတအဖွဲ့အဖွဲ့များကို စည်းရုံး ဖိအားမှုများရှိလာကြောင်း ယခုသီတင်းပတ်အတွင်း သတင်းများထွက်ပေါ်လာသည်။

ရွေးကောက်ပွဲကော်မရှင်များက ပရဟိတအဖွဲ့များကို စည်းရုံးကာ မဲစာရင်းသင်တန်းပေးမှုများရှိလာသည်ဟုလည်း ပရဟိတအဖွဲ့အချို့က ပြောဆိုသည်။

ရန်ကုန်တွင် စစ်ကောင်စီတပ်အရာရှိနှင့် ထွေအုပ်အရာရှိများက ပရဟိတအသင်းများနှင့် တွေ့ဆုံခြင်း၊ မဲစာရင်းသင်တန်းတက်ရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးမှတစ်ဆင့် ပရဟိတအသင်းအဖွဲ့များကို ဆက်သွယ်ခြင်းများ ရှိနေသည်ဟု ဘီဘီစီမြန်မာပိုင်း သတင်းတစ်ရပ်တွင် ဖော်ပြသည်။

ဆရာ၊ ဆရာမများ CDM လုပ်ကြသဖြင့် အင်အားနည်းနေချိန် ပရဟိတအသင်းအဖွဲ့များကို စည်းရုံးလာခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။

ရွေးကောက်ပွဲကို ၂၀၂၃ ခုနှစ် ဩဂုတ်လတွင် ကျင်းပမည်ဟု စစ်ကောင်စီက ကြေညာထားပြီး လက်ရှိတွင် မဲစာရင်းပြုစုခြင်း၊ လူဦးရေစာရင်းကောက်ခြင်းတို့ကို ပြုလုပ်နေသည်။

………………………………..