တက်ရိပ်ပြနေသည့် ကဏန်းမဲဈေး ပြန်လည်ကျဆင်း

0
2948

မောတောင်နယ်စပ်ဂိတ်ပြန်ဖွင့်သဖြင့် တက်ရိပ်ပြနေသည့် မြိတ်ဒေသထွက် ကဏန်းမဲဈေးနှုန်းတို့သည် ဒီဇင်ဘာလ လလယ်ခန့်မှစပြီး ပြန်လည်ကျဆင်းနေကြောင်း ကဏန်းဖမ်းလုပ်ငန်းလုပ်ကိုင်နေသူတို့ထံမှ သိရသည်။

ဒေသထွက် ကဏန်းမဲတို့အား ထိုင်းသို့တင်ပို့နေကျဖြစ်သည့် တနင်္သာရီမြို့နယ်ရှိ မောတောင်နယ်စပ်ဂိတ်အား ပြီးခဲ့သည့် မေလအတွင်းက စစ်ရေးအခြေအနေကြောင့် ပိတ်ခဲ့ပြီး ဩဂုတ်လ ၂ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။

နယ်စပ်ဂိတ်ပိတ်စဉ်က ကဏန်းမဲတစ်ပိဿာလျှင် ကိုးထောင်ကျပ်အထိ ထိုးကျခဲ့ပြီး ဂိတ်ပြန်ဖွင့်ချိန်တွင် တစ်သောင်းသုံးထောင်ကျပ်အထိ ပြန်လည်မြင့်တက်လာခဲ့သည်။

ယင်းနောက် ဒီဇင်ဘာလ လလယ်ခန့်မှ စပြီး လက်ရှိအချိန်အထိ တစ်ပိဿာလျှင် တစ်သောင်းကျပ်အထိ ပြန်လည်ကျဆင်းနေကြောင်း ကဏန်းဖမ်းလုပ်ငန်းလုပ်ကိုင်သူကချို့က ဆိုသည်။

“ဂိတ်ပြန်ဖွင့်တော့ ကဏန်းဈေးပြန်တက်တယ်။ ထပ်ပြီးတက်လာမယ့် တက်ရိပ်လေးပြတဲ့ သဘောပဲ။ တက်လာမလား၊ တက်လာမလား စောင့်ရင်းနဲ့ အခုက မတက်တဲ့အပြင် ထပ်ပြီးကျလာတာ။ ဘတ်ဈေးက မကျဘူး။ ဝယ်တဲ့သူတွေ ဈေးကစားတာပဲ သူတို့အပေါ်မှာပဲ မူတည်နေတာ” ဟု အင်းလေးမြိုင်ရပ်နေ ကဏန်းလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောသည်။

ကိုဗစ်ကူးစက်ရောဂါ မဖြစ်မီက ကဏန်းမဲဆိုဒ်စုံ တစ်ပိဿာလျှင် နှစ်သောင်းနှစ်ထောင်ကျပ်မှ အများဆုံး နှစ်သောင်းရှစ်ထောင်ကျပ်အထိ ဈေးကောင်းရခဲ့သည်။

ကပ်ရောဂါဖြစ်ပြီးနောက် ဈေးနှုန်းတဖြေးဖြေးထိုးကျခဲ့ရာ နယ်စပ်ဂိတ် မပိတ်မီ တစ်သောင်းရှစ်ထောင်ကျပ်အထိ ဈေးရရှိခဲ့ကြောင်း ကဏန်းလုပ်ငန်း လုပ်ကိုင်သူတို့ထံမှသိရသည်။

“ဈေးကျတော့ အရင်လို အဆင်မပြေတော့ဘူးပေါ့။ စရိတ်တွေကြီးလာတယ်။ ရတာကနည်းနည်းပဲ။ စားဖို့သောက်ဖို့ အတွက်ပဲ ကျန်အောင် လုပ်နေရတယ်” ဟု ကျွန်းစုမြို့နယ်အတွင်းရှိ ကဏန်းဖမ်းလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောသည်။

ကဏန်းဈေးနှုန်းကျဆင်းသဖြင့် တွက်ခြေမကိုက်ဟုဆိုကာ လုပ်ငန်းရပ်နားသူအချို့ရှိနေကြောင်း ကဏန်းဖမ်းလုပ်ငန်း လုပ်ကိုင်သူတချို့က ပြောပြသည်။

ဒေသထွက်ကဏန်းမဲတို့အား အဝယ်ဒိုင်တို့မှ သောင်းပြောင်းဆိုဒ်စုံဈေးနှင့် ကြီး၊ လတ်၊ ငယ်ဈေး စသဖြင့် အမျိုးအစားခွဲပြီး ဝယ်ယူကာ ထိုင်းသို့တင်ပို့ရောင်းချနေကြခြင်းဖြစ်သည်။

“ထိုင်းကဝယ်တဲ့ဈေးနဲ့ ချိန်ပြီးဝယ်နေရတာ။ စရိတ်စကကြီးတာနဲ့ဆိုတော့ တစ်သောင်း၊ တစ်သောင်းတစ်ထောင် ပတ်ချာလည်နှုန်းပဲ ရှိနေတာပါ” ဟု ကဏန်းမဲအဝယ်ဒိုင်တစ်ဦးက ပြောသည်။

မြိတ်ဒေသထွက် ကဏန်းမဲအပါအဝင် ရေထွက်ကုန်တို့အား မော‌တောင်-စင်ခွန်းနယ်စပ်ဂိတ်မှ ထိုင်းသို့ တင်ပို့ရောင်းချလေ့ရှိကြသည်။

အဆိုပါ ကဏန်းမဲတို့အား သစ်သားခွံ စက်တပ်လှေငယ်များဖြင့် မြစ်၊ ချောင်းများအတွင်း ဒီရေရောက်သည့်အချိန် ကဏန်းခုတ် (သံမြုံး) တို့ဖြင့် ဖမ်းယူလေ့ရှိကြသည်။