ထားဝယ်ခရိုင်တွင် အလုပ်သမားခ ဈေးတက်

0
3479

ထားဝယ်ခရိုင်တွင် အလုပ်သမားရှားပါးလာမှုနှင့် ကုန်ဈေးနှုန်း အဆမတန် မြင့်တက်မှုတို့ကြောင့် အလုပ်သမား ငှားရမ်းခ ဈေးလည်း လိုက်တက်လာကြောင်း ဒေသခံများထံမှ သိရသည်။

ယခုပွင့်လင်းရာသီတွင် ရော်ဘာ၊ ကွမ်းသီး၊ ဥယျာဉ်ခြံလုပ်ငန်းနှင့် လယ်ယာ၊ ဆား၊ ဆောက်လုပ်ရေးလုပ်ငန်းများ အတွက် နေရာဒေသ၊ လုပ်ငန်းကျွမ်းကျင်မှုအပေါ်မူတည်ပြီး လူတစ်ဦးလျှင် တစ်ရက်လုပ်ခ ၁၀၀၀ ကျပ်မှ ၅၀၀၀ ကျပ်အထိ ဈေးတက်သွားကြောင်း အလုပ်ရှင်နှင့် အလုပ်သမားအချို့က ပြောဆိုသည်။

ပြည်တွင်းနေထိုင်သူများမှာ စစ်အာဏာသိမ်းမှုကြောင့် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာနှစ်ခုစလုံး မလုံမခြုံ ခံစားနေရပြီး ပဋိပက္ခကာလတွင် နှစ်ဖက်လက်နက်ကိုင်တို့၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးသူများရှိသလို စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကို ခံရမှုများလည်း ဖြစ်ပေါ်လျှက်ရှိသည်။

ယင်းအပြင် မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းမှုနှင့်အတူ အထွေထွေကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကိုပါ ခါးစည်းခံနေရခြင်း ကြောင့် ပြည်ပထွက်ခွာသွားသူများရှိသလို မလုံခြုံမှုကြောင့် အခြားနေရပ်ကို ထွက်ပြေးတိမ်းရှောင်နေရသူများလည်း ရှိသည်။

ယင်းအခြေအနေများ၏ အကျိုးဆက်ကြောင့် ဒေသစီးပွားရေးလုပ်ငန်းများတွင် လူ့စွမ်းအားအရင်းအမြစ်များ ရှားပါးလာသည်။

ပြီးခဲ့သည့်နှစ်ကအထိ ရော်ဘာပွဲရုံတွင် လုပ်ကိုင်သည့် အမျိုးသား အလုပ်သမားတစ်ဦးကို တစ်ရက် ၈၀၀၀ ကျပ်သာ ပေးရသော်လည်း ယခုနှစ်တွင် ၁၂၀၀၀ ကျပ်အထိ တိုးပေးကာ ငှားရမ်းထားရကြောင်း ထားဝယ်မြို့သစ် (၄) လမ်းရှိ ရော်ဘာပွဲရုံပိုင်ရှင်အမျိုးသားတစ်ဦးက ပြောသည်။

“တိုးပေးလိုက်တာခင်ဗျား။ ပိုက်ဆံ တန်ဖိုးမရှိလို့၊ အလုပ်သမားအခက်အခဲက ဖြစ်တာပေါ့။ အလုပ်သမားလိုအပ်ချက် အခက်အခဲက တစ်ပုံကြီးပဲ။ ပိုက်ဆံက တိုးပေးမှကိုရမယ်။ သူတို့ စားဖို့တောင် မလောက်ဘူး” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့်နှစ်က ရော်ဘာနှင့် ကွမ်းသီးခြံတို့တွင် မြက်ရိတ်စက်ဖြင့် တောထွင်ရှင်းလင်းသည့် အမျိုးသားအလုပ်သမား ငှားရမ်းခမှာ ၁၂၀၀ဝကျပ်မှ ၁၃၀၀ဝကျပ်သာပေးရသော်လည်း ယခုနှစ်တွင် ၁၇၀၀၀ ကျပ်မှ ၁၈၀၀၀ ကျပ်အထိ ပေးရ ကြောင်း သရက်ချောင်းမြို့နယ် စော်ဖျားရွာမှ ရော်ဘာနှင့် ကွမ်းသီးခြံပိုင်ရှင် တောင်သူ အမျိုးသမီးက ပြောဆိုသည်။

“တစ်နေ့ကို တစ်သောင်းရှစ်ထောင် ပေးတာတောင် တောခုတ်သမားက မရှိဘူး။ ရှာရခက်တယ်။ တောတစ်တော ခုတ်ဖို့ဆို လေးငါးရက်လောက်ကြိုပြီး ချိတ်ထားရတယ်။ အဲဒါတောင် သူတို့အားမှ ရတယ်။ သူတို့ အားတဲ့တဲ့အချိန်မှ ခုတ်ပေးတယ်။ ပြီးတော့ ရွာမှာလည်း ယောက်ျားသားကလည်း အများကြီးမရှိဘူးဆိုတော့ တောခုတ်သမားက အလှည့်ကျ သွားနေရတယ်ပေါ့” ဟု ၎င်းက ရှင်းပြသည်။

လူငယ်၊ လူရွယ်၊ လူလတ်ပိုင်းများက ပြည်ပထွက် အလုပ်လုပ်ကိုင်ကြသူများရှိသလို၊ အခြားနေရာသို့ ပြောင်းရွှေ့ နေထိုင်မှုများရှိသဖြင့် ယခင်က ကိုယ့်မိသားစုနှင့်ကိုယ် အလုပ်သမား ငှားစရာမလိုသည့် တနိုင်တပိုင် လုပ်ကိုင်သူ များပင် မိသားစုဝင်များမရှိသဖြင့် အလုပ်သမားငှားရမ်းလုပ်ကိုင်လာရကြောင်း ဒေသခံအချို့ က ပြောသည်။

“ပြောရမယ်ဆို အလုပ်သမားလည်း မရှိဘူး။ ကုန်ဈေးနှုန်းကြီးတာလည်း ပါတယ်ပေါ့နော်” ဟု စော်ဖျားရွာမှ တောင်သူ အမျိုးသမီးက ဆိုသည်။

ဆားချက်လုပ်သည့် လုပ်ငန်းတွင်လည်း အမျိုးသမီး အလုပ်သမားတစ်ဦး ယခင်က ၆၀၀၀ ကျပ်သာ ရှိသော်လည်း ယခု ၇၀၀၀ ကျပ်၊ အမျိုးသားအလုပ်သမားမှာ ယခင်က ၈၀၀၀ ပေးရသူမှာ ယခုနှစ်တွင် ၉၀၀၀ ကျပ်အထိ ဖြစ်လာကြောင်း ဆားလုပ်ငန်းရှင်အချို့ထံမှ သိရသည်။

ပန်းရံ အလုပ်သမားများမှာလည်း ပြီးခဲ့သည့်နှစ်က တစ်ရက်လုပ်အားခ တစ်သောင်း တစ်ထောင်မှ တစ်သောင်းနှစ်ထောင်အထိရပြီး ယခုမှာ တစ်ရက် တစ်သောင်းခွဲအထိရကြောင်း သရက်ချောင်းမြို့နယ် ကင်းရှေ့ရွာမှ ပန်းရံလုပ်ငန်းလုပ်ကိုင်နေသည့် အမျိုးသားတစ်ဦးက ပြောသည်။

သို့သော်လည်း တက်လာသည့်ကုန်ဈေးနှုန်းကြောင့် စားဝတ်နေရေးကျပ်တည်းနေဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။

“အခုက ရတာနဲ့ ပြန်ကုန်တဲ့ငွေနဲ့ ပိုက်ဆံတိုးလာလည်း အရင်တုန်းကလောက် မချောင်လည်ဘူး။ ကျပ်ကျပ်တည်းတည်းပဲ။ အလုပ်သွားရတာကလည်း အဝေးကြီးပဲ။ ဆိုင်ကယ်နဲ့ သွားရတာဆိုတော့ ဆိုင်ကယ်ဆီဖိုးနဲ့ ဘာနဲ့ဆိုတော့” ဟု ၎င်းက ပြောသည်။

အလုပ်သမား လိုအပ်ချက်ကို ထိန်းထားနိုင်ရန်၊ လက်ရှိ ကုန်ဈေးနှုန်းကြီးမြင့်မှု ကာမိစေရန် လုပ်အားခကို တိုးမြှင့်ပေးကြရခြင်းဖြစ်ကြောင်း ထားဝယ်ခရိုင်မှ လုပ်ငန်းရှင်အချို့က ပြောဆိုသည်။