တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

0
3002

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဒီဇင်ဘာ ၂၄ ရက်နေ့မှ ၃၀ ရက်နေ့အထိ

ရုံတင်ငွေ ၁ ဘီလီယံ ရှိသွားပြီဖြစ်တဲ့ Avatar: The Way of Water

ဒါရိုက်တာ ဂျိမ်းစ်ကင်မရွန်ရဲ့ Avatar နောက်ဆက်တွဲ ရုပ်ရှင်ဇတ်ကားဟာ အမေရိကန်မှာ ကန်ဒေါ်လာသန်း ၃၀၀ နဲ့ နိုင်ငံတကာမှာ ကန်ဒေါ်လာ သန်း ၇၀၀ နဲ့အတူ Box Office မှာ ရုံတင်ငွေစုစုပေါင်း ၁ ဘီလီယံ ရရှိထားပြီလို့ သိရပါတယ်။

Avatar: The Way of Water ရုပ်ရှင်ကားကို ဒီဇင်ဘာ ၁၆ ရက်နေ့က ရုံတင်ပြသခဲ့တာဖြစ်ပြီး နှစ်ပတ်အတွင်းမှာ ဒီမှတ်တိုင်ကို စိုက်ထူနိုင်ခဲ့တာပါ။

၂၀၀၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ပထမ Avatar ဇတ်ကားက လက်ရှိအချိန်အထိ ကန်ဒေါ်လာ ၂ ဒသမ ၉ ဘီလီယံကျော်နဲ့ ဝင်ငွေအများဆုံးဇာတ်ကားအဖြစ် ထိပ်ဆုံးမှာ ရပ်တည်နေတာပါ။

Avatar နဲ့ Avatar: The Way of Water ဇာတ်ကားတွေအပြင် Titanic ဇာတ်ကားကလည်း ဂျိမ်းစ်ကင်မရွန်ရဲ့ ရုံတင်ငွေ ကန်ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံ ရရှိခဲ့တဲ့ နောက်ထပ်ဝင်ငွေအများဆုံး ဇာတ်ကားဖြစ်ပါတယ်။

Ref: BBC

………………………………..

အမေရိကန်တွင် ဆောင်းမုန်တိုင်းကြောင့် သေဆုံးသူ ၆၀ ကျော်လာ

အမေရိကန်နိုင်ငံမှာ ခရစ္စမတ် အားလပ်ရက်တွေအတွင်း ဆောင်းရာသီ မုန်တိုင်းကြောင့် သေဆုံးသူဦးရေမှာ အနည်းဆုံး ၆၀ ကျော် အထိ ရှိလာခဲ့တယ်လို့ အာဏာပိုင်တွေက ပြောကြားပါတယ်။

ပြည်နယ် ၈ ခုမှာ သေဆုံးမှုတွေရှိနေကာ နယူးယောခ့်ပြည်နယ်မှာ သေဆုံးမှုအများဆုံးဖြစ်နေပြီး သေဆုံးသူတွေထဲမှာ ယာဉ်မတော်မဆမှုတွေကြောင့်လည်း ပါဝင်နေတယ်လို့ သိရပါတယ်။

အပူချိန်တွေ ဆက်တိုက်ကျဆင်းလာတာကြောင့် ပုံမှန်ခရီးဝေး အလုပ်ဆင်းသူတွေ နေအိမ်တွေက ထွက်ခွာလာသူတွေဟာ အဝေးပြေးလမ်းမတွေပေါ် ပိတ်မိနေကြပြီး ကယ်ဆယ်လို့ မရဘဲ ဖြစ်နေခဲ့ကြတာပါ။

အသက် ၂၂ နှစ် အရွယ် ဘတ်ဖဲလိုး မြို့သူ အန်ဒယ် တေလာ ကတော့ အလုပ်ကနေ အိမ်ကို ပြန်လာတဲ့အချိန် ဆီးနှင်းတွေကြောင့် ကားထဲပိတ်မိကာ သေဆုံးခဲ့ပြီး ကယ်ဆယ်ရေးသမားတွေပါ လမ်းမှာပိတ်မိကုန်ကြတယ်လို့ သိရပါတယ်။

Ref: BBC

………………………………..

ထိုင်ဝမ်မှာ စစ်မှုထမ်းကာလကို တစ်နှစ်အထိ တိုးမြှင့်

ထိုင်ဝမ်က တရုတ်နိုင်ငံရဲ့ ခြိမ်းခြောက်မှု အန္တရာယ် တိုးလာနေတာကို အကြောင်းပြပြီး မဖြစ်မနေ စစ်မှုထမ်းရမယ့် ကာလကို လေးလကနေ တစ်နှစ်အထိ တိုးမြင့်လိုက်တယ်လို့ ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

တိုးမြှင့်လိုက်တဲ့ စစ်မှုထမ်းကာလဟာ ၂၀၀၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ နောက်ပိုင်း မွေးဖွားတဲ့ အမျိုးသားတွေကနေစပြီး အကျုံးဝင်မှာဖြစ်ပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှာ စတင်အသက်ဝင်မယ်လို့ ထိုင်ဝမ်သမ္မတက ဆိုပါတယ်။

စစ်ပွဲတွေကို ကာကွယ်ဖို့ သေသေချာချာပြင်ဆင်ရမှာဖြစ်သလို စစ်ပွဲတွေကို ရပ်တန့်နိုင်ဖို့အတွက် တိုက်ခိုက်နိုင်ဖို့လည်း လိုအပ်တယ်လို့ သမ္မတက ဆိုပါတယ်။

စစ်မှုထမ်းသူတွေဟာ သေနတ်ပစ်လေ့ကျင့်မှုတွေ အမေရိကန်တပ်ဖွဲ့တွေ အသုံးပြုတဲ့ တိုက်ခိုက်ရေး ညွှန်ကြားချက်တွေ အပါအဝင် ပိုမိုပြင်းထန်တဲ့ လေ့ကျင့်မှုတွေကို ခံယူရမယ်လို့ ဆိုပါတယ်။

စတင်ဂါ လေယာဉ်ပစ်ဒုံးကျည်တွေနဲ့ တင့်ကားဖျက်ဒုံးကျည်တွေ အပါအဝင် ပိုမိုအားကောင်းတဲ့ လက်နက်တွေ အသုံးပြုနည်းကိုပါ သင်ကြားရမယ်လို့ သမ္မတက ဆိုထားပါတယ်။

Ref: CNA

………………………………..

ဂျပန်မှာ ဆီးနှင်းတွေ ထူထပ်စွာကျရောက်မှုကြောင့် အနည်းဆုံး ၁၇ ဦးသေဆုံး

ဂျပန်နိုင်ငံရဲ့ နေရာအနှံ့အပြားမှာ ဆီးနှင်းတွေ ထူထပ်စွာ ကျရောက်ခဲ့လို့ အနည်းဆုံး လူ ၁၇ ဦးခန့်သေဆုံးခဲ့ပြီး လူ ၉၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ အာဏာပိုင်တွေက ကြေညာခဲ့ပါတယ်။

ရာနဲ့ချီတဲ့ နေအိမ်တွေလည်း လျှပ်စစ်မီး ပြတ်တောက်ခဲ့တယ်လို့ ဂျပန်နိုင်ငံ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး တာဝန်ရှိသူတွေက ဒီဇင်ဘာ ၂၆ မှာ ပြောကြားခဲ့တာပါ။

ပြီးခဲ့တဲ့ သီတင်းပတ်တည်းက ဂျပန်နိုင်ငံ မြောက်ပိုင်းဒေသတွေမှာ ဆီးနှင်းထူထပ်စွာ ကျဆင်းနေခဲ့ပြီး အဝေးပြေးလမ်းတွေမှာ ကားအစီးရေ ရာနဲ့ချီ သောင်တင်နေခဲ့လို့ ပို့ဆောင်ရေးဝန်ဆောင်မှုတွေပါ နှောင့်နှေးစေခဲ့တယ်လို့ ဆိုပါတယ်။

နှင်းဒဏ်ခံနေရတဲ့ ဒေသခံတွေကို ဆီးနှင်းတွေ ဖယ်ရှားဖို့ လုပ်ဆောင်ရာမှာ သတိထားကြဖို့နဲ့ တစ်ယောက်တည်း အလုပ်မလုပ်ဖို့ သက်ဆိုင်ရာ စည်ပင်သာယာရေးရုံးတွေကနေ တိုက်တွန်းထားပါတယ်။

Ref: Yahoo

………………………………..

ယူကရိန်းရဲ့ ငြိမ်းချမ်းရေးအစီအစဉ် ရုရှားပယ်ချ

ယူကရိန်းသမ္မတ ဇလန်စကီးရဲ့ အချက် ၁၀ ချက်ပါ ငြိမ်းချမ်းရေးအစီအစဉ်ကို ရုရှားအစိုးရက ဒီဇင်ဘာ ၂၈ ရက်မှာ ပယ်ချလိုက်ပါတယ်။

အဲဒီအစီအစဉ်ဟာ ယူကရိန်းနိုင်ငံကနေ ရုရှားတပ်တွေ ပြန်လည်ဆုတ်ခွာရေး မျှော်မှန်းထားပြီး ရုရှားက သိမ်းယူထားကာ သူ့ပိုင်နက်လို့ ကြေညာထားတဲ့ နယ်မြေ ၄ ခုနဲ့ ၂၀၁၄ ခုနှစ်က သိမ်းယူထားတဲ့ ခရိုင်းမီးယားဒေသတွေကို စွန့်လွှတ်လိုက်ဖို့ ဖြစ်ပါတယ်။

ယူကရိန်းနဲ့ အနောက်နိုင်ငံတွေက ရှုတ်ချနေတဲ့ကြားက ပြုလုပ်တဲ့လူထုဆန္ဒခံယူပွဲအပြီးမှာ ရုရှားက ယူကရိန်းပိုင် ဒွန်နက်စ်ခ်၊ လူဟန့်စ်ခ်၊ ခါဆန်နဲ့ ဇာပိုရစ်ဇီယာ ဒေသတွေကို စက်တင်ဘာလမှာ သူ့ပိုင်နက်တစ်စိတ်တစ်ပိုင်းအဖြစ် ကြေညာခဲ့တာပါ။

ယူကရိန်းအရေး အဆုံးသတ်ဖို့ဆိုလျှင် ရုရှားနိုင်ငံနဲ့ ပူးပေါင်းထားပြီးသားဖြစ်တဲ့ ယူကရိန်းဒေသ ၄ ခုရဲ့ လက်ရှိအခြေအနေမှန်ကို ထည့်သွင်းစဉ်းစားရမယ်လို့လည်း ကရင်မလင်နန်းတော်ကနေ ပြောကြားထားပါတယ်။

Ref: REUTERS

………………………………..

မြောက်ကိုရီးယားဒရုန်း ၅စင်း တောင်ကိုရီးယားဝေဟင်ပိုင်နက်ထဲ ဝင်ရောက်ခဲ့

မြောက်ကိုရီးယားနိုင်ငံရဲ့ မောင်းသူမဲ့ ဒရုန်းလေယာဉ် ၅စင်းထက်မနည်း တောင်ကိုရီးယား ဝေဟင်ပိုင်နက်ထဲသို့ ကျူးကျော်ဝင်ရောက်ခဲ့တယ်လို့ တောင်ကိုရီးယားတပ်မတော်ကနေ ကြေညာခဲ့ပါတယ်။

ဒရုန်းတွေက အရွယ်အစား ၂ မီတာထက် မပိုတဲ့ ဒရုန်းငယ်တွေဖြစ်ပြီး တစ်စင်းက ဆိုးလ်မြို့ မြောက်ပိုင်းရပ်ကွက်ဖက်သို့သွားကာ အခြား ၄စင်းကတော့ Ganghwa ကျွန်းပေါ်ကနေ ဖြတ်သန်းသွားတယ်လို့ ဆိုထားပါတယ်။

ဒါဟာ ဝေဟင်ပိုင်နက်ချိုးဖောက်မှုတစ်ခုဖြစ်ပြီး ရှင်းလင်းတဲ့ ရန်စမှုတစ်ခု ဖြစ်ကြောင်း တောင်ကိုရီးယားတပ်မတော် ပူးတွဲစစ်ဦးစီးချုပ်ကပြောကြားခဲ့ပါတယ်။

ထိုဖြစ်ရပ်ကြောင့် လေကြောင်းကာကွယ်ရေးအားနည်းတာနဲ့ ပတ်သက်ပြီး တောင်ကိုရီးယားမှာ ဝေဖန်မှုတွေ မြင့်တက်လာခဲ့သလို ဒရုန်းတွေကို ပစ်မချနိုင်ခဲ့လို့ သမ္မတကနေ တောင်ကိုးရီးယားစစ်တပ်ကို ဝေဖန်ခဲ့ပြီး စစ်တပ်ကတော့ ပြန်လည်တောင်းပန်ထားပါတယ်။

Ref: BBC

………………………………..

စပိန်မှာ ဘတ်စ်ကားတစ်စီး မြစ်ထဲ ထိုးကျလို့ လူ ၇ ဦး သေဆုံး

စပိန်နိုင်ငံ အနောက်မြောက်ပိုင်း ဂလီ့စီရာဒေသမှာ တံတားပေါ်က ဘတ်စ်ကားတစ်စီး မြစ်ထဲ ထိုးကျသွားခဲ့လို့ လူ ၇ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၂၆ ရက်မှာ ပြောကြားခဲ့ပါတယ်။

မတော်မဆမှုက ပေါ်တူဂီနယ်စပ်အနီး ဗီဂို မြို့အနီးမှာ ဒီဇင်ဘာ ၂၄ ရက်နေ့ညက ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ဘတ်စ်ကားက အကျဉ်းထောင်မှာရှိတဲ့ သူတွေထံ သွားရောက်လည်ပတ်မယ့် သူတွေကို တင်ဆောင်လာခဲ့တာလို့သိရပါတယ်။

မတော်တဆမှု ဖြစ်ပွားရတဲ့ အကြောင်းရင်းကို မသိရသေးပေမဲ့ ရာသီဥတု ဆိုးရွားမှုက အကြောင်းအရင်းတစ်ခု ဖြစ်နိုင်တယ်လို့ အာဏာပိုင်တွေက ပြောကြားထားပါတယ်။

Ref: CNA

………………………………..

ဖိလစ်ပိုင်ရေကြီးမှုကြောင့် လူ လေးသောင်းကျော် နေအိမ်စွန့်ခွာခဲ့ရ

ဖိလစ်ပိုင်နိုင်ငံမှာ ခရစ္စမတ်နေ့ရေကြီးမှုကြောင့် လူပေါင်း ၄၅၀၀၀ ကျော်ကို သူတို့ရဲ့ နေအိမ်တွေကနေ ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ အရပ်ဘက်ကာကွယ်ရေးအရာရှိတွေက ပြောကြားခဲ့ပါတယ်။

မိုးသည်းထန်စွာရွာသွန်းခဲ့လို့ သေဆုံးသူအရေအတွက်က ၁၃ ဦးအထိ မြင့်တက်လာခဲ့ပြီး ၂၃ ဦး ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။

သေဆုံးသူတွေထဲမှာ အသက် ၁ နှစ်အရွယ်ကနေ အသက် ၆၄ နှစ်အရွယ် သက်ကြီးပိုင်းအမျိုးသားအထိ ပါဝင်နေခဲ့တာပါ။

ပျောက်ဆုံးနေသူအများစုကတော့ ရာသီဥတုဆိုးဝါးချိန်တွင် ငါးဖမ်းထွက်ခဲ့တဲ့ ငါးဖမ်းသမားတွေ ပါဝင်နေကြပါတယ်။

ကယ်ဆယ်ရေးအဖွဲ့ရဲ့ ပြောကြားချက်အရ လှိုင်းကြီးလေထန်မှုကြောင့် ငါးဖမ်းလှေတစ်စင်းလည်း နစ်မြုပ်ခဲ့သလို နှစ်ဦးသေဆုံးခဲ့ပြီး ခြောက်ဦးကို ပြန်လည်ကယ်ဆယ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

Ref: Aljezeera

………………………………..

တောင်ကိုးရီးယားအမြန်လမ်း မီးလောင်လို့ လူအနည်းဆုံး ၅ ဦးသေဆုံး

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်အနီး အမြန်လမ်းမှာ မီးလောင်မှုတခု ဖြစ်ပွားခဲ့လို့ အနည်းဆုံး လူ ၅ ဦး သေဆုံးကာ ၃၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က ပြောပါတယ်။

အလုံပိတ်အမြန်လမ်းမှာ ဒီဇင်ဘာလ ၂၉ ရက်နေ့ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၅၀ မိနစ်လောက်က ဘတ်စ်ကားနဲ့ ထရပ်ကား တိုက်မိပြီးနောက် မီးလောင်မှု စတင်ဖြစ်ပွားခဲ့တာဖြစ်နိုင်ကြောင်း သိရပါတယ်။

မီးလောင်မှု ဖြစ်ပွားရတဲ့ အကြောင်းရင်းကိုတော့ ဆက်လက်စုံစမ်းနေတုန်းဖြစ်ကြောင်း အာဏာပိုင်တွေက ဆိုထားပါတယ်။

မီးလောင်မှုကို မီးသတ်တပ်ဖွဲ့မှ ထိန်းချုပ်နိုင်ခဲ့ပြီး သေဆုံးသူထပ်မံရှိမရှိကို ဆက်လက်ရှာဖွေနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

Ref: CNA

………………………………..

တရုတ်မှာ ကားအစီးရေ ၂၀၀ ကျော် ယာဉ်ဆင့်တိုက်မှု ဖြစ်ပွား

တရုတ်နိုင်ငံ အလယ်ပိုင်း ကျန်းကျိုးမြို့မှာ ဒီဇင်ဘာ ၂၈ ရက်နေ့က ကားအစီးရေ ၂၀၀ ကျော် ဆင့်တိုက်မှု ဖြစ်ပွားခဲ့ပြီး လူတစ်ယောက် သေဆုံးခဲ့ပါတယ်။

နံနက်ခင်း မြူခိုး ထူနေချိန် မြစ်ဝါမြစ်ပေါ် ဖြတ်သန်းတည်ဆောက်ထားတဲ့ တံတားပေါ်မှာ ကားအစီးရေ ၂၀၀ ကျော် ဆင့်တိုက်မိခဲ့တာပါ။

ယာဉ်မောင်းတွေနဲ့ ခရီးသည် တော်တော်များများ ကားထဲမှာ ပိတ်မိခဲ့လို့ အရေးပေါ် ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တွေ မီးသတ်သမားတွေကို စေလွှတ်ပေးခဲ့ရပါတယ်။

မျက်မြင်သက်သေတစ်ဦးရဲ့ ပြောကြားချက်အရ ကားအများကြီး ဆင့်တိုက်တဲ့ဖြစ်ရပ်မှာ ယာဉ်တန်းက မိုင်နဲ့ချီ ရှည်လျားနေပြီး တံတားပေါ်မှာ စိုထိုင်းနေလို့ လမ်းလည်း ချောနေခဲ့တယ်လို့ ဆိုပါတယ်။

Ref: CNN

………………………………..