သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၅၇)

0
2660
အမိုရွာတိုက်ပွဲအတွင်း သတင်းယူနိုင်ဖို့ လုံခြုံရေးလိုက်ပေးတဲ့ တပ်စုမှူူးရဲမင်းအောင်နှင့်အဖွဲ့ကို Asia Week သတင်းထောက်က ဓာတ်ပုံရိုက်နေစဉ်။

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၅၆)

အပိုင်း-၆- (မင်းသမီးခစန်းခွာစစ်နှင့် နောက်ဆက်တွဲပြသာနာများ)

အခန်း-၅၇

(၁) လမ်း-၃ သွယ် ခွာစစ်စီမံကိန်းနှင့် အရံစခန်းများ

နဝတ-ဖက်က ထိုးစစ်ဆင်လာပြီဆိုတာကို သတင်းအစအနရတာနဲ့ ဒီစခန်းကနေ ဘယ်လိုခွာစစ်ဆင်မလဲဆိုတာကို ကျနော်တို့ ABSDF ခေါင်းဆောင်တွေကြား အကြိတ်အနယ် ဆွေးနွေးကြသလို KNU နဲ့လည်း ဆွေးနွေးခဲ့ပါတယ်။

အဲဒီကာလ KNU မြိတ်-ထားဝယ်ခရိုင်ရဲ့ ဖွဲ့စည်းပုံကတော့ ခရိုင်ဥက္ကဌအဖြစ် ပဒိုကွယ်ထူးဝင်း (အခု ဗဟို ဒုဥက္ကဌ) ၊ ဒုဥက္ကဌအဖြစ် တပ်မဟာ-၄ မှူး ဗိုလ်မှူးချုပ် အော်လီဗာ၊ အတွင်းရေးမှူးက ပဒိုနီးနီ၊ တွဲဖက်အတွင်းရေးမှူးက ပဒိုကော်သောင်းဖြစ်ပါတယ်။

စစ်ဆင်ရေးကိစ္စအတွက် ကျနော်တို့နဲ့ အဓိက ဆွေးနွေးရသူတွေကတော့ တပ်မဟာမှူး ဗိုလ်မှူးချုပ် အော်လီဗာ၊ ဗျုဟာမှူး ဗိုလ်မှူးကြီး ဗယ်လယ်၊ ထောက်လှမ်းရေးမှူး ဗိုလ်မှူး နယ်ဒါး၊ KNLA ရင်း-၁၀၊ ၁၁ နဲ့ KNDO ရင်း-၇ က စစ်ဖက်ခေါင်းဆောင်တွေ ဖြစ်ပါတယ်။

နဝတရဲ့ ထိုးစစ် မတိုင်ခင်လေးမှာ KNU နဲ့ ABSDF ခေါင်းဆောင်တွေ ခရိုင်ရုံးမှာ အကြိတ်အနယ် ဆွေးနွေးခဲ့တယ်လို့ သိရပေမယ့် ကျနော် ထိုင်းထဲခရီးလွန်နေလို့ အဲဒီအစည်းဝေးဆီ မတက်လိုက်ရပါ။

စခန်းရောက်မှ တဆင့်ပြန်ကြားရတဲ့ သတင်းတွေအရဆိုရင် နဝတ-က မင်းသမီးဒေသဆီ ဒီနှစ်နွေရာသီ (ပွင့်လင်းရာသီ) မှာ သေချာပေါက် ထိုးစစ်ဆင်လာနိုင်တာကြောင့် ခုခံစစ်အတွက် စနစ်တကျ ပြင်ထားဖို့လိုကြောင်း ABSDF တာဝန်ရှိသူတွေဖက်က တင်ပြခဲ့တယ်လို့ဆိုပါတယ်။

ဒါပေမဲ့ KNU ဖက်က သိပ်စိတ်ဝင်စားမှု မပြတဲ့အတွက် နောက်ထပ် ဆွေးနွေးပွဲတွေ မလုပ်ဖြစ်တော့ပဲ ကိုယ်အစီစဉ်နဲ့ကိုယ် ခုခံစစ်ဆင်ဖို့နဲ့ ခွာစစ်ဆင်ဖို့ ပြင်ဆင်ခဲ့ရတယ်လို့ ABSDF တာဝန်ရှိသူတွေက ကျနော့်ကို ပြောပါတယ်။ စခန်းမှာကျင်းပတဲ့ ခွာစစ်ကိစ္စ ဆွေးနွေးပွဲကိုတော့ ကျနော်လည်း တက်ခွင့်ရပြီး အကြမ်းအားဖြင့် လမ်းကြောင်း သုံးသွယ်နဲ့ ခွာစစ်ဆင်မယ်လို့ ဆုံးဖြတ်ခဲ့တယ်လို့ အမှတ်ရနေပါတယ်။

ဒီအစီစဉ်အရ တောင်ပိုင်း ဗလဖ-ခေါင်းဆောင် ကိုဌေးအောင်နဲ့အဖွဲ့က မင်းသမီးစခန်းမှာ နောက်ဆုံးအချိန်အထိ ချန်နေမှာဖြစ်ပြီး မဆုတ်မဖြစ် အခြေနေကိုရောက်လာမှ မင်းသမီးစခန်းကနေ အောက်ဖက်ကို တဖြည်းဖြည်း ဆုတ်လာဖို့ ဖြစ်ပါတယ်။

နောက်စစ်ကြောင်းတခုကိုတော့ တပ်ရင်းမှူး ကိုချစ်ကိုကိုနဲ့ တပ်ခွဲမှူး ကိုလှဦးတို့က ဦးဆောင်ပြီး ပြည်ခြား-ပုလောဒေသရှိ ရှေ့တန်းတပ်တွေကို ကွပ်ကဲဖို့နဲ့ ပင်လယ်ပြင်ထဲရှိ တပ်တွေနဲ့ ဆက်စပ်ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။

တတိယ စစ်ကြောင်းကိုတော့ ထောက်လှမ်းရေးမှူး ကိုဇော်သန်းက ဦးဆောင်ပြီး မင်းသမီးစခန်းကျသွားရင် နောက်ထပ် ယာယီစခန်းတခု အမြန်ဆုံး အခြေစိုက်နိုင်ရေးအတွက် မင်းသမီးစခန်း အောက်ဖက်ဆီဆင်းပြီး တနသာင်္ရီမြစ်နဲ့ ထိုင်းနယ်စပ်ကြားက သင့်တော်တဲ့နေရာတခုကို ရှာဖွေထားဖို့ ဖြစ်ပါတယ်။

———-

သတင်းယူဖို့ လုံခြံရေးယူပေးသောရဲဘော်များ၊ နိုင်ငံခြားသတင်းထောက် ၂ ဦးနဲ့အတူတွေ့ရတဲ့ ကိုအောင်မျိုးမင်း။

(၂) သူရစစ်မောင်နှင့် ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ်ရဲ့ အရမ်းကားဆုံးအချိန်

အဲဒီလမ်းကြောင်း ၃-သွယ်အပြင် တော်လှန်ရေးကာလ အချိန်ကြာလာတာနဲ့အမျှ အင်အားအများဆုံးဖြစ်လာတဲ့ စစ်ကြောင်းလို့ နောက်ပြောင်ပြောဆိုလေ့ရှိတဲ့ အိမ်ထာင်သည်လိုင်းက ကလေး ခလောက်တွေ၊ အမျိုးသမီးတွေ၊ မသန်စွမ်းတွေအတွက်လည်း နေရာရွှေ့ပြောင်းဖို့ ပြင်ဆင်ရပါတယ်။

ဒီလူတွေကိုတော့ KNU မိသားစုတွေ၊ ထီးထားက ရွာသူရွာသားတွေနဲ့အတူ ထိုင်းနိုင်ငံမှာ ဖွင့်လှစ်ဖွယ်ရှိတဲ့ ဒုက္ခသည်စခန်းထဲ ထည့်လိုက်ဖို့ အကြမ်းဖျင်း စိတ်ကူးထားကြပါတယ်။

အဲဒီကာလ နဝတရဲ့ စစ်အင်္ဂါစဉ်ကို ပြောရမယ်ဆိုရင်တော့ အရင် စစ်တိုင်းဌာနချုပ် ၁၀-ခု ရှိနေရာကနေ ကမ်းရိုးတန်း တိုင်းစစ်ဌာနချုပ်နဲ့ တြိဂံတိုင်း စစ်ဌာနချုပ်အသစ်တွေကို ဖွင့်လှစ်ကာစဖြစ်ပါတယ်။

ဗိုလ်မှူးချုပ် သီဟသူရ သူရစစ်မောင်က ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ်ရဲ့ တိုင်းမှူးဖြစ်ပြီး စစ်သွေးကြွနေချိန်၊ နဝတ-အဖွဲ့ထဲမှာ သြဇာကြီးနေချိန်ဖြစ်ပါတယ်။ တပ်ရင်း ၁၀-ရင်းကျော်ပါတဲ့ ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ်အသစ်နဲ့အတူ နောက်ထပ် ၁၀-ရင်းစီပါတဲ့ စကခ-ခေါ် စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်အသစ်တွေကို တနသာင်္ရီတိုင်းအတွင်း စုဖွဲ့နေပြီး တပ်ရင်းပေါင်း ၄၀- နီးပါးအထိ စစ်အင်အားတိုးချဲ့ နေချိန်လည်းဖြစ်ပါတယ်။

ကမ်းရိုးတန်းတိုင်းတပ်တွေ မင်းသမီးစခန်းဆီ ထိုးစစ်စတင်ချိန်ကတော့ ရှေ့မှာတင်ပြခဲ့တဲ့အတိုင်း နီဒိုနီထော အခမ်းအနားကျင်းပနေချိန် ဖေဖေါ်ဝါရီလဆန်းဖြစ်ပြီး မေတ္တာ၊ အိုင်ဝိုင်း၊ ဆင်ဖြူတိုင် (အရင်က ရဲဘော် သုံးကျိပ် စစ်ချီလမ်းကြောင်းဖြစ်ပြီး အခု ကန်ချနပူရီ-ထားဝယ် ကားလမ်းပေါ်က ရွာတွေဖြစ်ပါတယ်) ကနေ တနင်္သာရီမြစ်အတိုင်း ချီတက်လာတာ ဖြစ်ပါတယ်။

ဒီထိုးစစ်ကို အဓိက ခုခံသူကတော့ တပ်မဟာ ၄-က တပ်တွေ မဟုတ်ပဲ ဗဟိုကနေ ရောက်လာတဲ့ ဗိုလ်မှူးကြီး ရောဘတ်ဇံ (ဥက္ကဌကြီး မန်းဘဇံရဲ့ သားကြီး) ရဲ့ တပ်ဖြစ်ပါတယ်။ အဲဒီတပ်ရဲ့ ဆက်သွယ်ရေးအရာရှိက ရှေ့ပိုင်းမှာ ကျနော်တင်ပြခဲ့ဖူးတဲ့ ကျောင်းသားတွေနဲ့ ဆက်ဆံရေးအကောင်းဆုံး ကရင်ဗိုလ် အဆိုတော် စောလယ်ဝါး (အခု ကနေဒါ) ဖြစ်ပါတယ်။

သူတို့တပ်တွေနဲ့အတူ ကျနော်တို့ ABSDF တပ်တွေလည်း ပူးတွဲဝင်တိုက်ဖို့ ဖိတ်ခေါ်တဲ့အတွက် တပ်ရင်းမှူး ကိုဆလိုင်းယောအောင်နဲ့ တပ်ခွဲမှူး ကိုစိုးမင်းအောင်တို့ ဦးစီးတဲ့ တပ်ခွဲတခွဲ ဆင်ဖြူတိုင်ခံစစ်စခန်းဆီ ကျနောတို့ ပို့လိုက်ပါတယ်။ ဆင်ဖြူတိုင်အတွက် စစ်ကူပို့တဲ့အချိန်ဟာ ၁၉၉၇ ဖေဖော်ဝါရီလ ၁၅-ရက်နေ့ဖြစ်တယ်လို့ မှတ်တမ်းထဲမှာ တွေ့ရပါတယ်။

———-

တောင်ပိုင်းစစ်ဒေသတာဝန်ခံ ကိုဌေးအောင်နှင့် စစ်ဒေသအဖွဲ့ဝင်များကို ဆွေးနွေးပွဲတခုမှာ တွေ့ရစဉ်။

(၃) စစ်မြေပြင်မှာ သတင်းယူခြင်း

စစ်ပူလို့ ဒီလိုရှုပ်ရှက်ခတ်နေတဲ့ကြားထဲ ဗွီဒီယိုကင်မရာတလုံးကိုင်ပြီး ကျနော်တို့စခန်းဆီ ရောက်လာသူက ကိုအောင်မျိုးမင်း ( နောက်ပိုင်း လူ့အခွင့်ရေးပညာပေးဌာန-မြန်မာနိုင်ငံ [HREIB] ညွှန်မှူး၊ အခု NUG လုူ့အခွင့်အရေးဝန်ကြီး) ဖြစ်ပါတယ်။ အဲဒီအချိန်ကတော့ သူဟာ ကျနော်တို့ အမှတ်-၁ တပ်ရင်းရဲ့ တပ်ဖွဲ့ဝင်တဦးဖြစ်တဲ့အပြင် DVB သတင်းထောက်အဖြစ်လည်း စတင်တာဝန်ထမ်းနေပြီလို့ ထင်ပါတယ်။

ဘန်ကောက်အခြေစိုက် NGO တွေ၊ မီဒီယာတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပြီး မင်းသမီးစစ်မြေပြင်ဆီ နိုင်ငံခြားသတင်းထောက်တွေကို ထိုင်းအာဏာပိုင်တွေက ဝင်ခွင့်မပေးတဲ့အတွက် အဲဒီလူတွေကိုယ်စား သူဝင်လာတာဖြစ်တယ်။

ရှေ့တန်းက ဓာတ်ပုံ၊ ဗွီဒီယိုတွေ လိုချင်တယ်၊ ဒါဟာ ABSDF တခုလုံးအတွက်ဖြစ်တယ်၊ ဒီပုံတွေကို သူယူသွားပြီးပြနိုင်မှ မင်းသမီးဒေသက စစ်ပွဲအခြေနေကို တမ္ဘာလုံးက သိနိုင်မယ်ဆိုပြီး ကိုအောင်မျိုးမင်းက ရှင်းပြပါတယ်။

သူရဲ့ရှင်းပြချက်ကို စစ်ဒေသကော်မတီဝင်အားလုံးက လက်ခံတဲ့အတွက် သူကိုရှေ့တန်းရှိ ကိုဆလိုင်းယောအောင်တို့ တပ်တွေရှိရာ ဆင်ဖြူတိုင်အထိ လိုက်ပို့ပေးရေးတာဝန်ဟာ ပြန်ကြားရေးတာဝန်ခံ ကျနော်အပေါ် ကျလာပါတယ်။

စစ်မြင်ပြင်ဆီ သတင်းသွားယူမှာဆိုတော့ ဒုက္ခသည်စခန်းဆီ သွားသလိုမျိုး ဒီတိုင်းထသွားလို့ မဖြစ်။ ဒီတော့ ကိုရဲမင်းအောင် (အခု ဖင်လန်နိုင်ငံ) ဦးစီးတဲ့ တပ်စိပ်တစိပ်ကိုခေါ်ပြီး လှေတဆင့်၊ ကားတဆင့်နဲ့ ဆင်ဖြူတိုင်ရှိ ကျနော်တို့တပ်တွေဆီသွားပြီး သတင်းယူဖို့ ပြင်ရပါတယ်။

အဲဒီအချိန်မှာ ဆင်ဖြူတိုင်နဲ့ လယ်အော်ဖက်အထိ နဝတတပ်တွေက ရောက်နေပြီး ကျနော်တို့တပ်တွေနဲ့ ရင်ဆိုင်တိုက်ပွဲတွေဖြစ် နေပါပြီ။ KNU ဆီ ကားအကူညီတောင်းတော့ ကျနော်တို့အဖွဲ့ကို ဆင်ဖြူတိုင်ဆီ စစ်ကူသွားမယ့်အဖွဲ့ထင်ပြီး 4-Wheel ကားတစီး ချက်ချင်းလွှတ်ကာ အမိုကျေးရွာအထိ လိုက်ပို့ပေးပါတယ်။

အမိုရောက်တော့ ရွာထဲမှာလူတွေ သိပ်မရှိတော့။ အကုန်လုံးနီးပါး ထိုင်းနယ်စပ်ဘက်က ဘောတီကျေးရွာနဲ့ ကျနော်တို့ စခန်းအနီးက ထီးထာရွာတွေဘက် ပြေးသွားပြီလို့ သိရပါတယ်။

ရွာလယ်ရှိ KNLA တပ်ရင်း-၁၀ တပ်ထောက်ဗိုလ်ကြီးရဲ့ အိမ်မှာ ခဏတည်းပြီးတဲ့နောက် စက်လှေတစီးနဲ့ တပ်ရင်း-၁၀ ဌာနချုပ်ရှိရာ အမိုဟောင်းရွာဆီ ကျနော်တို့ တပ်စိပ်ရောက်လာပါတယ်။ စစ်ပူကာလဆိုတော့ သေနတ်တွေကိုင်ပြီး ယူနီဖောင်းအပြည့်အစုံနဲ့ ရောက်လာတဲ့ ကျနော်တို့အဖွဲ့ကို စစ်ကူလာတဲ့အဖွဲ့ချည်း အားလုံးက ထင်နေလို့ မနည်းရှင်းပြနေရပါတယ်။

ABSDF ၂၀၃ တပ်ရင်းက တပ်မှူးဟောင်းတဦး KNU ဆီ ပြောင်းပြီး တပ်ရင်း-၁၀ ဌာနချုပ်မှာ ရိက္ခာမှူးဖြစ်နေတဲ့အတွက် ဒီတိုက်ပွဲ မတိုင်မီကတည်းက တပ်ရင်း-၁၀ စခန်းဆီ ကျနော် နှစ်ခေါက်လောက် လာရောက်လည်ပတ်ဖူးပါတယ်။

တနင်္သာရီမြစ်ကမ်းတလျှောက်မှာ အိမ်ထောင်သည်လိုင်း ထားရှိပြီး အပေါ်ခမ်းလှမ်းလှမ်းမှာတော့ စစ်ရေးပြကွင်းနဲ့ တပ်ရင်းရုံးကို စနစ်တကျထားရှိတာ တွေ့ရပါတယ်။ ကျနော်နဲ့သိတဲ့ KNU တပ်မှူးငယ်တချို့၊ ရဲဘော်တချို့က ကျနော်တို့အဖွဲ့ကို တပ်ရင်းရုံးဆီ လိုက်ပို့ပေးတဲ့အတွက် အဲဒီမှာ တပ်ရင်း-၁၀ မှူး ဗိုလ်မှူးကြီးကက်နက်နဲ့ စကားပြောခွင့်ရပါတယ်။

ပထမ-ပိုင်းမှာတော့ ဒီလောက်စစ်ပူနေတဲ့ကြားထဲ စစ်ကူလာတာ မဟုတ်ပဲ သတင်းလာမေးတဲ့အဖွဲ့ ဖြစ်နေတာကို သူလည်း သိပ်သဘောကျပုံမရပါ။ ဒါပေမယ့် ထားဝယ်စကားနဲ့ နှုတ်ဆက်လိုက်တော့ သူ ပြုံးပြုံးရွှင်ရွှင်ဖြစ်လာပြီး ကျနော့်ကို DVB သတင်းထောက်မှန်း မှတ်မိသွားပါတယ်။ KNU တပ်မှူးတွေထဲမှာ ထားဝယ်သား အတော်များများရှိပေမယ့် ကရင်စကားနဲ့ ဗမာစကားကိုသာ အသုံးများလို့ ထားဝယ်သားမှန်း အချင်းချင်း သိပ်မသိကြပါ။

နောက်တန်းစခန်းလုံခြုံရေး တပ်စုတခု မင်းသမီးခစန်းမှာ ဓာတ်ပုံအရိုက်ခံနေစဉ်။

ကျနော် မှတ်မိသလောက်ဆိုရင် ရင်း-၁၀ တပ်ရင်းမှူး ဗိုလ်မှူး ကက်နက်၊ စစ်ကြောင်းမှူး ဗိုလ်မှူးဒါးကျော် (အော်လီဗာနောက်ပိုင်း တပ်မဟာ-၄ မှူးဖြစ်ခဲ့သူ)၊ ဆေးတပ်ဆွယ်မှူး ဗိုလ်လက်ဝါးတို့ ၃-ဦးကလွဲရင် ကျန်တဲ့ ထားဝယ်-ကရင် တပ်မှူးတွေ၊ ပဒိုတွေ ထားဝယ်စကားပြောတာ သိပ်ကြားရလေ့မရှိပါဘူး။

ထားဝယ်စကားနဲ့ အဲဒီလိုပြောလို့ အဆင်ပြေတဲ့အခါမှာတော့ စစ်ပွဲအခြေနေကို ပြင်ပ မီဒီယာက သိခွင့်ရဖို့ အရေးကြီးတဲ့အကြောင်း၊ နိုင်ငံခြားသတင်းထောက်တွေ ဝင်ခွင့်ကို ထိုင်းနယ်စပ်ရှိ တပ်မ-၉ က ပိတ်ထားတဲ့အတွက် သူတို့ကိုယ်စား ကိုအောင်မျိုးမင်း ဝင်လာတာဖြစ်ကြောင်း၊ ဗွီဒီယိုမှတ်တမ်း ရိုက်ချင်ကြောင်း အသေအချာ တင်ပြတော့ ဗိုလ်ကက်နက်က ကျနော်တို့အဆိုကို လက်ခံလိုက်ပါတယ်။

မီးစိမ်းပြတာနဲ့ ကိုအောင်မျိုးမင်းက ကင်မရာထုတ်ပြီး ဗိုလ်ကက်နက်ကို ချက်ချင်း ဗျူးတော့တာပါပဲ။ ကျနော်လည်း ဘေးကနေ ဝင်ထောက်ပေးပါတယ်။ အဲဒီလိုထောက်ပြီး မေးတဲ့မေးခွန်းတွေထဲ ဒီထိုးစစ်ဟာ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်း၊ ကန်ချနပူရီ-ထားဝယ် ကားလမ်းစီမံကိန်းတွေနဲ့ ဆက်စပ်နေသလားဆိုတဲ့ အချက်ပါဝင်တာကို ကျနော်အမှတ်ရနေပါတယ်။ 

ဒီလိုမေးရတဲ့နောက်ခံအကြောင်းရင်းကတော့ ဒီထိုးစစ်မဆင်ခင် ဒီဇင်ဘာဝန်းကျင်တုန်းက အမိုကို ကျနော်တခေါက်ရောက်ခဲ့ပါတယ်။ အဲဒီကတည်းက အမိုနဲ့ ဘောတီသွားတဲ့ သစ်မှောင်ခိုမြေနီလမ်းကြမ်းပေါ်မှာ လမ်းပြင်၊ လမ်းသစ်ဖောက်တဲ့သင်္ကေတ အလံတိုင်လေးတွေ စိုက်ထားတာတွေ့ရပါတယ်။

အဲဒီအချိန်က KNU တာဝန်ရှိသူတွေကိုမေးမြန်းပေမယ့် သိပ်အရေးမပါသလိုလိုနဲ့ တိကျတဲ့ အဖြေမရခဲ့ပါဘူး။ အဲဒီကာလ ထွက်ပေါ်ခဲ့တဲ့အတည်မပြုနိုင်တဲ့သတင်းတွေအရဆိုရင် ကန်ချနဘူရီ-ထားဝယ် ကားလမ်းကို တပ်မဟာ-၄ ဌာနချုပ် ထီးခီးနဲ့ ထီးထာဖက်ကို မဖောက်ပဲ ထားဝယ်-အိုင်ဝိုင်း-ဆင်ဖြူတိုင်-အမိုကနေ ဘောတီ လမ်းအတိုင်းဖောက်မယ်လို့ ဆိုပါတယ်။

ဒီအတွက် တပ်မဟာ-၄ က ခုခံစစ်အတွက် အသေချာပြင်မထားတာလို့လည်း သတင်းတွေက ဆိုပါတယ်။ ဒါကြောင့် ဒီမေးခွန်းကို အင်တာဗျုးထဲ ထည့်မေးရခြင်းဖြစ်ပါတယ်။

တပ်ရင်းမှူးနဲ့ အင်တာဗျုးပြီးတော့ ရင်းအရာခံဗိုလ်နဲ့ နောက်တန်းရှိ ရဲဘော် ၁၀-ဦးကျော်ကို တပ်ရင်းဘောလုံးကွင်းအတွင်း သေနတ်ကိုင် လမ်းလျှောက်ခိုင်းပြီး ဆက်ရိုက်ပါတယ်။ ဒီလိုရိုက်လို့ကောင်းတုန်း ဒီတပ်ရင်းရုံးရဲ့ အရှေ့ဖက် ၃-ကီလိုမီတာခန့် အကွာလောက်က လက်နက်ကြီးအသံတွေ ကြားလိုက်ရပါတယ်။

သိပ်မကြာပါဘူး။ လူနာလှေတစီး ရင်း-၁၀ ဂိတ်ဆီ ဆိုက်လာပါတယ်။ ဒီလူနာကို ဗီဒီယို ရိုက်ဖို့ပြင်တော့ KNU ဘက်က သိပ်ကြိုက်ပုံမပြ။ အသေအချာ စဉ်းစားမယ်ဆိုရင်တော့ တိုက်ပွဲတခုမှာ ကိုယ့်ဘက်က ဒဏ်ရာရတဲ့ ရဲဘော်ပုံကို ဘယ်တပ်မှူးက မီဒီယာကို ပြချင်ပါ့မလဲ။

ဒါပေမယ့် နိုင်ငံခြားသတင်းထောက်တွေနဲ့ အလုပ်အတူတူလုပ်နေတာကြာပြီဖြစ်တဲ့ ကိုအောင်မျိုးမင်းကတော့ ဒီလိုအချိန်ကုန်ခံ စဉ်းစားနေပုံမရပါဘူူး။ သူ့အလုပ်သူလုပ်တဲ့သဘောနဲ့ ဒဏ်ရာရ စစ်သည်ပုံကို ရအောင်ရိုက်ယူသွားပါတယ်။

အဲဒီအချိန်မှာ ရှေ့က တိုက်ပွဲကလည်းပြင်းလာ၊ ဒဏ်ရာရသူကလည်း များလာတဲ့အပြင် ရင်း ၁၀-ဌာနချုပ်ကိုတောင် စွန့်ခွာရမယ့် အခြေနေမျိုးအထိ ဖြစ်လာနိုင်တဲ့အတွက် တပ်ရင်းမှူးနဲ့အဖွဲ့ အတော်အလုပ်ရှုပ်ကုန်ပြီး ကျနော်တို့တပ်စိပ်ကို ဘယ်သူကမှ ဂရုမစိုက်နိုင်တော့ပါ။

ကျနော်တို့စီးလာတဲ့ လှေကိုလည်း လူနာအရေးပေါ်ပို့ဖို့ ဆွဲသွားတဲ့အတွက် ကျနော်တို့မှာ ပြန်စရာလှေမရှိတော့။ အချိန်ကလည်း ညနေ ၅-နာရီလောက်ရှိနေပြီ။ ကျနော်တို့ မူလလာစဉ်က စိတ်ကူးခဲ့တဲ့ ABSDF တပ်တွေရှိရာ ဆင်ဖြူတိုင်၊ လယ်အော်ဘက်အထိသွားပြီး သတင်းယူဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ပါ။

………………………………………

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၅၈) >>>>>

ထက်အောင်ကျော်