ရနောင်းတွင် ဘုရားဖူးပြန်လာသော မြန်မာလုပ်သားကား တိမ်းမှောက်၊ ၃၈ ဦးဒဏ်ရာရ

0
3780
Ref: Siamrath, MSN

ထိုင်းနိုင်ငံ ရနောင်းခရိုင်တွင် မြန်မာအလုပ်သမားများပါသော ဘုရားဖူးပြန် မီနီဘတ်စ်ကားတစ်စီးသည် ဒီဇင်ဘာလ ၂၈ ရက် ညပိုင်းတွင် တိမ်းမှောက်ခဲ့သဖြင့် မြန်မာအလုပ်သမား ၃၈ ဦးဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ရနောင်းခရိုင် ဘန့်နော်ဒေသရှိ ရနောင်းမြို့သို့ မရောက်မီ ဖက်ကဆန်လမ်းမပေါ်တွင် မနေ့ ည ၇ နာရီအချိန်ခန့်က တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။

မြန်မာအလုပ်သမားများသည် ပီမိုင်နှစ်သစ်ကူးအားလပ်ရက်တွင် ချုံဖွန်ခရိုင်ရှိ နာမည်ကြီး ဘုန်းကြီးကျောင်းအဟောင်းသို့ ကားစီးလုံးငှား၍ ဘုရားဖူးသွားခဲ့ပြီး ရနောင်းသို့ ပြန်လာစဉ်တွင် ကားမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရေးသားထားသည်။

မီနီဘတ်စ်ကားသည် ခရီးရှည်သွားလာခဲ့ကာ ခရီးသည် ပိုမိုတင်ဆောင်ခဲ့သဖြင့် ဘီးပေါက်ခဲ့ခြင်းဖြစ်နိုင်ပြီး အရှိန်မထိန်းနိုင်တော့ဘဲ လမ်းလယ်မြောင်းထဲထိုးကျ တိမ်းမှောက်သွားခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ကားတိမ်းမှောက်သည့်နေရာသို့ ရဲတပ်ဖွဲ့များနှင့်အတူ ရနောင်းဆေးရုံအရေးပေါ်အဖွဲ့နှင့် ကယ်ဆယ်ရေးအဖွဲ့အစည်းများက အရေးပေါ်ကား ၁၀ စီးဖြင့် ရောက်ရှိလာခဲ့သည်။

ကားသမားနှင့်အတူ ကလေးငယ်များအပါအဝင် မြန်မာအလုပ်သမား ၃၈ ဦးတို့ လမ်းလယ်မြောင်းထဲ ဒဏ်ရာရရှိကာ အကူအညီတောင်းခံနေကြပြီး ရွာသားများနှင့် ကယ်ဆယ်ရေးအဖွဲ့များမှ လမ်းမပေါ်သို့ သယ်ယူခဲ့ရကြောင်း ရေးသားထားသည်။

ဒဏ်ရာရရှိသူများတွင် အပြင်းအထန်ဒဏ်ရာရရှိသူ ၁ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၁၂ ဦးနှင့် အနည်းငယ်ဒဏ်ရာရှိသူ ၂၅ ဦး ရှိခဲ့ပြီး သေဆုံးသူမရှိခဲ့ပေ။

ဒဏ်ရာရရှိသူများကို ရှေးဦးသူနာပြုစုနည်းဖြင့် ကနဦးအရေးပေါ်ကုသပေးခဲ့ပြီး ပြင်းထန်ရရှိသော မြန်မာအလုပ်သမားများသည် ရနောင်းဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိကြောင်းသိရသည်။