ပုလော၊တပိုတွင် စစ်ယာဥ်တန်း မိုင်းဆွဲခံရ

0
2978

မြိတ်ခရိုင်၊ပုလောမြို့နယ်၊ တပိုကျေးရွာအနီးတွင် စစ်ယာဥ်တန်းမိုင်းဆွဲခံရပြီး ထိခိုက်မှုရှိနိုင်ကြောင်း ဒေသခံများနှင့် တောကြီးမြွေဟောက်အဖွဲ့ ထံမှသိရသည်။

မြိတ်မှပုလောဘက်သို့တက်လာသည့် စစ်ကောင်စီယာဥ်တန်းအား တပိုရွာအနီးတွင် ယနေ့ နေ့လယ် ၃ နာရီ ၄၅ မိနစ်ဝန်းကျင်က တောကြီးမြွှေဟောက်အဖွဲ့မှ ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း တောကြီးမြွေဟောက်အဖွဲ့ King Cobra ကထုတ်ပြန်သည်။

“မိုင်းဆွဲခံရပြီး အထိအခိုက်ရှိတယ်လို့ပဲသိရတယ်။ ကျွန်တော်တို့လည်း သွားမကြည့်ရဲကြဘူ။ အသံကတော့ ဆက်တိုက်ကြားရတယ်။ အကျယ်ကြီးပဲ”ဟု ဒေသခံအမျိုးသား ကပြောသည်။

စစ်ကောင်စီတပ်မှ ဖြတ်သွားစဥ် လယ်ကွင်းထဲအလုပ်လုပ်နေသည့် ဒေသခံအမျိုးသား ၃ ဦးလည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ၎င်းတို့ကပြောသည်။

“(ဖမ်းဆီးခံရသူများမှာ) မီးလောင်ချောင်းကလို့ ကြားရတယ်။ ဘယ်သူတွေဆိုတော့ အတိအကျမသိသေးဘူး”ဟု ဒေသခံ နောက်တစ်ဦး ကပြောသည်။

စစ်ကောင်စီတပ်သားများသည် ယနေ့နံနက်က မီးလောင်ချောင်းရွာမှစတင်ကာ ကားဖြင့်တစ်ချို့တစ်ဝက်သွားကြသလို ခြေလျှင်ဖြင့်လည်း လမ်းတစ်ေလျှာက် စစ်ကြောင်းထိုးလာကြောင်း ဒေသခံများ ကဆိုသည်။