တနင်္သာရီဂျာနယ် ပင်တိုင်ဆောင်းပါးရှင် အောင်လွင်(ကံပေါက်သား) ထောင်ဒဏ် ငါးနှစ်ချခံရ

0
4034

တနင်္သာရီတိုင်းအခြေစိုက် ထုတ်ဝေခဲ့သည့် တနင်္သာရီဂျာနယ်၏ ပင်တိုင်ဆောင်းပါးရှင်တစ်ဦးဖြစ်သည့် အောင်လွင် (ကံပေါက်သား) ကို ဒီဇင်ဘာလ ၂၉ ရက် တွင် ထောင်ဒဏ် ၅ နှစ်ချခံလိုက်သည်။

ဆောင်းပါးရှင် အောင်လွင်(ကံပေါက်သား) အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဉပဒေပုဒ်မ- ၅၂ (က) ဖြင့် တရားစွဲဆိုပြီး ထားဝယ်မြို့နယ် တရားရုံးတွင် ထိုသို့ အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

“ကျန်းမာရေးကောင်းတယ်လို့ ပြောတယ်။ ကျန်တာတော့ ဘာမှ ထူးထူးထွေထွေ မပြောဘူး”ဟု မြို့နယ် တရားရုံးတွင် သွားရောက်တွေ့ဆုံခဲ့သူ တစ်ဦးက ဆိုသည်။

ဦးအောင်လွင်အား ယခုနှစ် ဧပြီလ ၈ ရက်နေ့က ထားဝယ်မြို့အဝင် ကမြောကင်းတံတားဂိတ်တွင် ၎င်းစီးနင်းလာသည့် ယာဉ်မောင်းနှင့်အတူ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ယနေ့ တရားရုံးမှ အမိန့်ချမှတ်ချိန်တွင်မူ ဦးအောင်လွင်နှင့်အတူ အဖမ်းခံရသည့် ယာဉ်မောင်းဖြစ်သူမှာ အမှုမှ လွတ်လာခဲ့ကြောင်း ၎င်းက ဆိုသည်။

ဦးအောင်လွင်နှင့် အတူ အမှုတွဲတွင် ပါဝင်သူ CDM ကျောင်းဆရာ ဦးဝေရာစိုးကို လည်း ထောင်ဒဏ် ငါးနှစ် လည်းကောင်း၊ အခြားနှစ်ဦးကိုမူ ငွေကြေး ပုဒ်မဖြင့် ထောင်ဒဏ် ၂ နှစ်စီ အသီးသီး ချမှတ်ခဲ့သည်။

အသက် ၃၅ နှစ်အရွယ်ရှိ ဦးအောင်လွင်သည် အောင်လွင်(ကံပေါက်သား) ကလောင်အမည်ဖြင့် တနင်္သာရီဂျာနယ်တွင် ဆောင်းပါးများရေးသားလေ့ရှိသူဖြစ်သည်။ Dawei Watch ၏ ၂၀၂၀ ရွေးကောက်ပွဲ အကြိုရုပ်သံ အစီအစဉ်တွင်လည်း အစီအစဉ် တက်ဆက်သူအဖြစ် လုပ်ကိုင်ခဲ့ဖူးသည်။ တနင်္သာရီဂျာနယ်ကိုလည်း ပြီးခဲ့သည့်နှစ် မတ်လကတည်းက ရပ်နားထားခဲ့သည်။

စစ်တပ်က အာဏာသိမ်းပြီးချိန်မှ လက်ရှိအချိန်ထိ သတင်းဌာန ၁၃ ခုကို လိုင်စင်ပိတ်သိမ်းထားပြီး မီဒီယာသမား ၁၄၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး လက်ရှိတွင် ၅၀ ဦးနီးပါး အဖမ်းခံထားရဆဲဖြစ်ကြောင်း မှတ်တမ်းများအရ သိရသည်။