စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးကို ပစ်သတ်ခဲ့ကြောင်း လောင်းလုံးပြည်သူ့ကာကွယ်ရေးအဖွဲ့ထုတ်ပြန်

0
3508

လောင်းလုံး ရှင်မော်သွားလမ်းပိုင်းတစ်နေရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးကို လောင်းလုံးမြိုနယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပစ်သတ်ခဲ့ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်ကြပ်ကြီး ပြုံးချိုဆိုသူအား ဒီဇင်ဘာလ ၂၈ ရက် မွန်းလွဲ ၂ နာရီကျော်တွင် ပစ်သတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“လမ်းမှာဖမ်းလာပြီးမှ ရွာနားကတောင်ကုန်းပေါ်မှာ ပစ်သတ်လိုက်တာဖြစ်မယ်။ သေနတ်ပစ်သံ သုံးချက်လောက် ကြားလိုက်တယ်။ ဖြစ်ဖြစ်ချင်းတော့ သွားမကြည့်ရဲဘူး။ ညနေလောက် သွားကြည့်တော့ ‌ခေါင်းပွင့်ပြီး သေနေတာ တွေ့တာပဲ” ဟု အလောင်းကိုတွေ့ခဲ့သူတစ်ဦးက ပြောသည်။

သို့သော် သေဆုံးသူမှာ စစ်ကောင်စီတပ်သားတစ်ဦးဟု မသိဘဲ ကျောက်နီမော်ရွာသားတစ်ဦးဟုသာ ကြားသိရကြောင်း ၎င်းက ဆိုသည်။

ပစ်သတ်ခံရသည့် ညနေပိုင်းတွင် အရေးပေါ်ကားတစ်စီးဖြင့် အလောင်းကို သယ်ဆောင်သွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။

လောင်းလုံးပြည်သူ့ကာကွယ်ရေးအဖွဲ့ကမူ ပစ်သတ်ခံရသူထံမှ သိမ်းဆည်းရမိသည့် စစ်ကောင်စီဝတ်စုံ၊ မှတ်ပုံတင်၊ စစ်ဘက်ဆိုင်ရာ စာရွက်စာတမ်း၊ ကိုယ်ပိုင်အမှတ် စသည့် ဓာတ်ပုံမှတ်တမ်းများနှင့်တကွ ထုတ်ပြန်သည်။

ထုတ်ပြန်ထားသည့် ဓာတ်ပုံမှတ်တမ်းတစ်ခုထဲတွင် ပစ်သတ်ခံရသူ တပ်ကြပ်ကြီးသည် ကျောက်နီမော်ကျေးရွာရှိ စစ်ကောင်စီတပ် ဆက်သွယ်ရေးတာဝါတိုင်တစ်ခုကို လာရောက်စစ်ဆေးထားသည်ကိုတွေ့ရသည်။

လောင်းလုံးမြို့နယ် မောင်းမကန်ကျေးရွာတွင် ပစ်သတ်ခံရသူ မိသားစုဝင်သုံးဦးကိုလည်း ထိုနေ့တွင်ပင် ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

မောင်းမကန်ကျေးရွာ ၁၂ ရပ်ကွက် အန်တောပြင်ရပ်ကွက်နေ ဦးစိုးသိန်း၊ သမီးဖြစ်သူ မအေးလဲ့ထွေး၊ သမက်ဖြစ်သူ ဦးနိုင်ဦးတို့ ပစ်ခတ်ခံရပြီး ဦးစိုးသိန်းမှာ သေဆုံးသွားခဲ့သည်။

သမက်ဖြစ်သူ ဦးနိုင်ဦးမှာ စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်ပြီး ဦးစိုးသိန်းနှင့်အတူ လက်နက်ကိုင်ဆောင်ပြီး ပျူစောထီး သင်တန်း‌ပေးနေသူဖြစ်ကာ သမီးဖြစ်သူမှာ ငွေကြေးဖြင့် ပျူစောထီးအဖွဲ့ဝင်များ စုဆောင်းပေးသူဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။