အမှောင်ထဲမှ မင်းသားများ ၁၉၉၀

0
4670

Princes in The Darkness 1990s

အခန်း(၃)

“ဒါနဲ့ပဲ အီဆာကြီး ကို မင်းက သတ်ခဲ့တာပေါ့”

စိုးမြတ်၏ စကားအဆုံးတွင် ဗေဒါက နောက်ထပ်စီးကရက်တစ်လိပ်ကို မီးညှိလိုက်သည်။

ထို့နောက် လေထုထဲသို့ ဖွာထုတ်လိုက်၏။

“ဟုတ်တယ်…သူ့ကို သတ်ပြီးတာနဲ့ ကျွန်တော် ရပ်ကွက်လူကြီးတွေကိုခေါ်ပြီး ကျောက်တံတားစခန်းမှူး ဉီးစောဟန်နီဆီမှာ သွားအဖမ်းခံခဲ့တယ်”

“ရပ်ကွက်ကလည်း မင်းဘက်ရှိနေတာပဲ..ဒီကာလကြီး မင်းပြေးရင်လွတ်ရဲ့သားနဲ့..ဘာလို့မပြေးတာလဲ”

“ပြေးတော့ရော..ဘာထူးမှာလဲဗျာ…တသက်လုံး ဝရမ်းပြေးဘဝနဲ့ မလွတ်မလပ်နေနေရမှာ”

“မင်း..ကျောင်းရောတက်သေးလား”

“ကျွန်တော် ဒုတိယနှစ်တက်မယ့်နှစ်မှာပဲ အရေးအခင်းဖြစ်တာလေဗျာ..ဒါနဲ့ တစ်နှစ်အောက်သွားတဲ့သဘောပဲ”

စိုးမြတ်က ခွက်ထဲမှ လက်ဖက်ရည်လက်ကျန်ကို မော့ချလိုက်၏။

“ကိုအီဆာ လိုလူတွေ၊ ငါတို့လိုလူတွေက တနေ့နေ့ တချိန်ချိန် သူများသတ်လို့ပဲ သေကြမယ်ဆိုတာ ငါတွေးထားပြီးသားပါ..ဒါပေမယ့်..ကိုအီဆာကို သတ်တဲ့သူဟာ မင်းလို အရာရှိသားသမီး၊ ပညာတတ်ကလေးလို့တော့ ငါမတွေးထားမိဘူး..အင်း..အီဆာကြီးတန်ပါတယ်..ဟား..ဟား”

စိုးမြတ်က အော်ရယ်လိုက်သဖြင့် နဘေးနားရှိ သူ့တပည့်များကပါ ဘာမှန်းသေချာမသိပဲ လိုက်ရယ်လိုက်ကြသည်။

ဗေဒါကတော့ သူတို့ကိုကြည့်ပြီး…သူ့သူငယ်ချင်းများနှင့် ကြည့်နေကျ သမ္မတရုပ်ရှင်ရုံကိုပင် သတိရမိသွား၏။

“ကဲ..ဗေဒါ…မင်းကို ငါ့ညီလေးအဖြစ် သတ်မှတ်လိုက်ပြီ…ဒီအင်းစိန်ထဲမှာ မင်း ဘယ်နေရာလိုချင်လဲ..ဘာလုပ်ချင်လဲသာပြော..ဖြစ်စေရမယ်..ငါ့ညီ”

ဗေဒါက ခေါင်းခါလိုက်သည်။

“ကျွန်တော် ဘာမှမလုပ်ချင်ပါဘူး..ပြစ်ဒဏ်စေ့တဲ့အထိ ကျွန်တော့်ဘာသာ အေးအေးဆေးဆေးပဲ နေချင်တယ်”

စိုးမြတ်က ခေါင်းညိတ်လိုက်သည်။

“အေးလေ..မင်းသဘောပါပဲ”

“တစ်ခုတော့ရှိတယ်..အကို..ဒီထဲမှာ အားကစားတွေဘာတွေလေ့ကျင့်လို့ရလား”

“ရတာပေါ့ကွာ..ဘာလုပ်ချင်တာလဲ..မင်းက”

“ကျွန်တော်က ကျောင်းတုန်းက ဘောက်ဆင်ထိုးတယ်..သဲအိတ်လေးဘာလေး ထိုးလို့ရရင် လေ့ကျင့်ချင်တယ်”

“ဖြစ်စေရမှာပေါ့ကွာ”

………………………

နဂိုကပင် တိတ်ဆိတ်အေးဆေးစွာနေတတ်သော ဗေဒါ မှာ စိုးမြတ်ကြီး၏ အရှိန်အဝါဖြင့် ထောင်တွင်း ပြဿနာတစ်စုံတစ်ရာမရှိပဲ နေထိုင်နိုင်ခဲ့သည်။

ပြင်ပမှ မိဘများနှင့်အမများကလည်း ထောင်ဝင်စာများ အလျှံအပယ်ပို့ပေး၏။

သို့သော် စိုးမြတ် က သူ့ထံတွင် လိုသမျှအကုန်ရနိုင်ကြောင်းနှင့် တကူးတကပို့ပေးရန်မလိုကြောင်းပြောသဖြင့် ထောင်ဝင်စာရသမျှကို ထောင်ဝင်စာမရှိသည့် အကျဉ်းသားများဆီ ဗေဒါက ပြန်လည်မျှဝေပေးခဲ့သည်။

ထောင်တွင်းပြဿနာများတွင်လည်း ပါဝင်ခြင်းမရှိပဲ..လက်ဝှေ့ထိုးလေ့ကျင့်ခြင်း၊ ခန္ဓာကိုယ်ကြံ့ခိုင်စေရန် လေ့ကျင့်ခန်းများလုပ်ခြင်းဖြင့် ဗေဒါ၏ ထောင်သက် နှစ် နှစ်တာ ကုန်ဆုံးသွားခဲ့၏။

ကျန်ရှိသည့်ငါးနှစ်တာသက်တမ်းကိုဖြတ်သန်းပြီးလျှင် မိဘအိမ်သို့ ပြန်မည်။

မိခင်ဖြစ်သူမှ ဗေဒါထောင်ကျပြီး ခြောက်လအကြာတွင်ပင် သူ့စိတ်ဖြင့် ဆုံးပါးသွားခဲ့ပြီးဖြစ်၏။

အမများကလည်း အိမ်ထောင်အသီးသီးဖြင့် ခွဲနေကြပြီး ပင်စင်စားဖခင်ကြီးတစ်ယောက်သာ သူတို့နေထိုင်သည့် တိုက်ခန်းတွင် ကျန်ရစ်သည်။

အမများက သူတို့နှင့်အတူနေရန်လိုက်ခေါ်သော်လည်း ဖခင်ဖြစ်သူမှာ ဗေဒါပြန်လွတ်လာချိန်အထိ ထိုတိုက်ခန်းလေးတွင်ပင် စောင့်နေမည်ဟုဆိုကာ တကိုယ်တည်းနေထိုင်နေခြင်းဖြစ်၏။

တခါတရံ အမများနှင့်အတူ ဗေဒါအား ထောင်ဝင်စာလာတွေ့တတ်သေးသည်။

ထို့ကြောင့် ဗေဒါ ထောင်မှလွတ်လျှင် ရရာအလုပ်တစ်ခုဝင်လုပ်၊ စာပေးစာယူတတ်ရင်း ဖခင်ကြီးကို လုပ်ကျွေးပြုစုမည်ဟု သူ ဆုံးဖြတ်ချက်ချထားခဲ့၏။

သို့သော်။

၁၉၉၁ ဇွန်လ ၁၃ ရက်။

လွန်ခဲ့သော နှစ်ရက်က အင်းစိန်ထောင်တွင်းရှိ နာမည်ကျော်စာရေးဆရာနိုင်ငံရေးသမား ဗိုလ်မှူးဟောင်း မောင်သော်က ကွယ်လွန်သွားခဲ့သည့်သတင်းကြောင့် ထောင်တွင်း တပ်လှန့်ထားသည့်အခြေအနေ။

ထောင်ပိုင်ကြီးရုံးခန်းမှ ဆင့်ခေါ်မှုကြောင့် ဗေဒါ ထွက်လာခဲ့သည်။

ထောင်ပိုင်ကြီးရုံးခန်းရှေ့တွင် ဗေဒါ ရပ်စောင့်နေရ၏။

ခဏအကြာတွင် ထောင်မှူးဉီးဇော်မြင့် ထွက်လာပြီး အထဲဝင်ခဲ့ရန် ခေါ်သည်။

ထောင်ပိုင်ကြီးဉီးဇော်အုန်း လည်း အထဲတွင်ရှိနေ၏။

“ကဲ..ထိုင်ပါဉီး..ငါ့တူ”

တခုခုတော့ ထူးခြားနေပြီဟု ဗေဒါ သိလိုက်သည်။

သူတို့ညွှန်ပြပေးသော ခုံတွင် ဝင်ထိုင်လိုက်၏။

“ထောင်တွင်းမှာ မင်းနေထိုင်တဲ့ပုံစံကို ငါတို့လည်း သတိထားမိပါတယ်..မင်းအဖေ ရဲ့ ဂုဏ်သိက္ခာကိုလည်း မင်းကောင်းကောင်းထိန်းသိမ်းခဲ့တာပါပဲ..ငါ့တူ.. အခုကာလက ထောင်ဝင်စာတွေ ပိတ်ထားတဲ့ကာလဆိုတော့..မင်းသိသင့်တယ်ထင်တဲ့ ကိစ္စကို ငါတို့က ခေါ်ပြောရတာပဲ”

ဗေဒါက ထောင်ပိုင်ကြီးနှင့် ထောင်မှူးကို နားမလည်သလိုကြည့်လိုက်သည်။

“မင်းအဖေ ညွှန်မှူးကြီး ဉီးရွှေမောင် မနေ့ကပဲ ဆုံးသွားပြီ…ရုတ်တရတ် ဉီးနှောက်သွေးကြောပြတ်သွားတာ”

ဗေဒါက ရုတ်တရတ် စကားပင် မပြောနိုင်။

အမေ့ က သူ့စိတ်ဖြင့် သေသွားခဲ့ရသလို အဖေသည်လည်း သူ့ကြောင့် အရှက်များစွာရခဲ့သည်။ သားဖြစ်သူ လူသတ်သမား အတွက် သူ့ဂုဏ်သိက္ခာကို များစွာပေးဆပ်ပြီး ပင်စင်ယူခဲ့ရ၏။

အခုတော့..အဖေ မျက်နှာကိုပင် သူမြင်ခွင့်မရ။ အဖေ့ကို တောင်းပန်ခွင့်ပင်မရတော့။

“မနက်ဖြန် ကြံတောသုဿန်မှာ အသုဘချလိမ့်မယ်…အခြေအနေအရ မင်းကို လိုက်ပို့ခွင့်မပြုနိုင်တာတော့ ငါတို့ကို နားလည်ပေးပါ..ကဲ..မင်းပြန်လို့ရပြီ..ဗေဒါ”

………………………

ဗေဒါမရှိခင် အမများက သူတို့နေထိုင်ခဲ့သည့် တိုက်ခန်းနှင့် မိဘများပိုင်သော လှည်းကူးမှ ခြံနှစ်ခြံကို ရောင်းကာ အမွေခွဲလိုက်ကြ၏။

ဗေဒါအတွက် အမွေတစ်ပုံကို ဘဏ်တွေ အပ်နှံပေးထားကြသည်။

ဘယ်သောင်ဘယ်ကမ်းဆိုက်ရမှန်းမသိသည့် ဗေဒါပင်ဘဝ အခုမှ တကယ်ရောက်ရပြီ။

၁၉၉၂ ခုနှစ်။

အနေအထိုင်အေးဆေးမှုနှင့် ထောင်တွင်းပြစ်မှုများမရှိခြင်းကြောင့် ဗေဒါလျော့ရက်များအပြည့်ဖြင့် လွတ်ရက်နီးကပ်လာပြီဖြစ်သည်။

ထိုနေ့က စိုးမြတ်က ဗေဒါအား ဂုဏ်ပြုနှုတ်ဆက်သောအားဖြင့် တရုတ်ဝီစကီတစ်လုံးကို ယူလာပေး၏။

အမြည်းက ဘဲကင်တစ်ခြမ်းနှင့် စိုးမြတ်အတွက်မပါမဖြစ် ဝက်ဆီဖတ်ကြော်။

ထောင်တွင်းနေလာသည့်ကာလတစ်လျှောက် စိုးမြတ်က ဗေဒါအား သင်ပြပေးသည်များစွာရှိသကဲ့သို့..ဗေဒါထံမှလည်း စိုးမြတ်က သင်ယူခဲ့သည်များရှိကြသည်။

ဗေဒါထံမှ ရန်ကုန်လူမိုက်လောကအကြောင်းစုံကို ဗေဒါ မှတ်သားခဲ့ရသလို..ရန်ကုန်မြို့ရှိ အရာရှိအရာခံလောက၊ အရာရှိသားသမီးရေပေါ်ဆီများ နှင့်ပတ်သက်ပြီး ဗေဒါထံမှ စိုးမြတ်သိခဲ့ရ၏။

“ခလောက်”

ခွက်ချင်းတိုက်လိုက်ပြီး..ခွက်ထဲမှ ဝီစကီကို ပြိုင်တူမော့လိုက်ကြသည်။

“ရေခဲမပါတော့ နည်းနည်းတော့ အာပူတယ်ကွ..ဗေဒါ”

“ဟား..ရပါတယ်ဗျာ..ဒီလောက်သောက်ရတာကိုက ဟုတ်နေပြီ..ကိုစိုးမြတ်”

“ကဲ..အပြင်ရောက်ရင် မင်းဘာလုပ်မယ်..စိတ်ကူးလဲ..ငါ့ကောင်”

“ဘာလုပ်ရမှန်းမသိသေးပါဘူးဗျာ..ဘဏ်မှာ အပ်ထားတဲ့ အမွေတစ်ပုံထုတ်ပြီး အလုပ်တစ်ခုခု လုပ်ရမှာပေါ့..အရင်ဆုံးနေစရာ တိုက်ခန်းတစ်ခုခု အရင်ဝယ်ရမယ်”

“အမွေက ဘယ်လောက်ရမှာမို့လဲ”

“ဆယ့်ငါးသိန်း သိန်းနှစ်ဆယ်လောက်ရှိမယ်ထင်တယ်”

“မနည်းဘူးပဲ”

“အဲ့ဒီငွေတွေနဲ့ မင်းအပြင်ရောက်ရင် ဘာလုပ်မယ်စိတ်ကူးထားလဲ”

“တခုခုတော့ ရင်းနှီးလုပ်ကိုင်ရမှာပေါ့..ကိုစိုးမြတ်ရာ..အရေးကြီးတာက နေစရာတစ်ခု အရင်ဖန်တီးရမှာပဲ..ခင်ဗျားရော..ဘယ်တော့လွတ်မလဲ”

“ငါက လိုပါသေးတယ်ကွာ..ဘာပဲဖြစ်ဖြစ် အပြင်ရောက်ရင် မင်းအလုပ်အကိုင် အဆင်မပြေတာပဲဖြစ်ဖြစ်…တခုခုအခက်အခဲတွေ့ရင်ပဲဖြစ်ဖြစ်..ဆက်သွယ်ရမယ့်..လိပ်စာတစ်ခုနဲ့ စကားဝှက်တစ်ခု ငါပေးလိုက်မယ်..မင်းအလွတ်ကျက်သွား”

စိုးမြတ်က ဗေဒါအား လိပ်စာတစ်ခုနှင့် စကားဝှက်တစ်ခုကို အလွတ်ရစေရန် နှုတ်တိုက်ကျက်ခိုင်းလိုက်၏။

ထောင်တွင်းနေထိုင်စဉ်ကာလတစ်လျှောက် စိုးမြတ်ထံမှ လူမိုက်လောက၏ အထာနှင့် လုပ်ကွက်များကို ဗေဒါက နားထောင်သင်ယူခဲ့ဖူးသည်။

စိုးမြတ်ကလည်း ဗေဒါထံမှ အစိုးရအရာရှိများလောက၊ လုပ်ကိုင်ဝင်ထွက်ပုံများ နှင့် လူကြီးသားသမီးအချို့၏ အကြောင်းများကို ပြန်လည်နားထောင်သင်ယူခဲ့သည်။

ဗေဒါသည် အနေအေးသူတစ်ယောက်ဖြစ်သည့်အတွက် စိုးမြတ်ကလည်း သူ့အတွက် အန္တရာယ်ဖြစ်မလာနိုင်သည့် လူရင်းအဖြစ်သာ သဘောထားခဲ့၏။

“ကိုစိုးမြတ်…အပြင်ရောက်တဲ့အခါ…ကျွန်တော့်ကို အချိန်မရွေးဆက်သွယ်ပါဗျာ..ကျွန်တော်တတ်နိုင်တာ ကူညီပေးပါ့မယ်”

………………………

ဘဝသည် ရုပ်ရှင်ဇာတ်ကားများမဟုတ်။

ထောင်မှလွတ်လာသော ဗေဒါကို ဝမ်းသာအားရကြိုဆိုမည့်သူ မည်သူမျှမရှိပါ။

ဗေဒါက လေးနှစ်ကြာသူနေထိုင်ခဲ့သည့် ထောင်အုတ်ရိုးကြီးကို သမင်လည်ပြန်တချက်ကြည့်ကာ ကျောခိုင်းခဲ့တော့၏။

အင်းစိန်ဈေးအတွင်းဝင်ကာ ခေါက်ဆွဲသုတ်တစ်ပွဲဝယ်စားပြီးနောက် အပြင်လောက၏ အခြေအနေကို စနည်းနာကြည့်သည်။

အပြင်လောကက သူထောင်ထဲသို့ ဝင်ခါစနှင့်မတူ ပြောင်းလဲနေခဲ့ပြီဖြစ်၏။

၁၉၈၈ အရေးအခင်းမဖြစ်မီကာလများကဆိုလျှင် အရာရာကို တန်းစီစနစ်ဖြင့်သာ ဝယ်ယူရသည်။

အဝတ်အထည်၊ လူသုံးကုန်ပစ္စည်း၊ ဇိမ်ခံပစ္စည်းအားလုံးသည် ရှားပါးကုန်များ။

ယခုတော့ ထိုသို့မဟုတ်။ ယခင်က မှောင်ခိုဟု သတ်မှတ်ထားသော ပစ္စည်းများကိုပင် အင်းစိန်ဈေးအတွင်း ဖောကျင်းသောကျင်းတွေ့နေရသည်။

၁၉၈၈ လူထုအုံကြွမှုကြီး၏ နောက်ဆုံးကာလများတွင် ဉီးနေဝင်း၏ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် တစ်ပါတီ အစိုးရပြုတ်ကျပြီး စစ်တပ်က အာဏာသိမ်းယူလိုက်၏။

အာဏာသိမ်းစစ်အစိုးရအတွက် နိုင်ငံခြားအရန်ငွေပမာဏမှာ ခြေစောင့်လက်စောင့်ပင်မကျန်ခဲ့။

ပြည်ပမှ စက်သုံးဆီ၊ လူသုံးကုန်ပစ္စည်းများ၊ စက်ပစ္စည်းများ၊လက်နက်ခဲယမ်းများဝယ်ယူရန် စစ်အစိုးရသည် နိုင်ငံခြားငွေ လိုအပ်နေခဲ့သည်။

နိုင်ငံခြားအကြွေးဒေါ်လာသန်း ၆၀၀၀ အပေါ် ဝန်ဆောင်ခပင်လျှင် တစ်နှစ်ကို ဒေါ်လာသန်း (၂၀၀)လိုအပ်နေ၏။

တချိန်က စစ်အေးတိုက်ပွဲကာလ အနောက်အုပ်စုနှင့် ပလဲနံပသင့်ခဲ့သဖြင့် ဉီးနေဝင်းအစိုးရကို ထောက်ပံ့နေသည့်အထောက်အပံ့များကလည်း ရပ်ဆိုင်းသွားခဲ့ပြီ။

စစ်တပ်သည် သူ၏အရေးပေါ်လိုငွေအတွက် အကြပ်အတည်းတွေ့လျက်ရှိသည်။

ထိုအခြေအနေတွင် ထိုင်းကာကွယ်ရေးဉီးစီးချုပ် ဗိုလ်ချုပ်ကြီးချာဗော်လစ်ယောင်ချာယု ပါဝင်လာ၏။

၁၉၈၈ ဒီဇင်ဘာလတွင် ထိုင်းဗိုလ်ချုပ်ကြီးသည် ရန်ကုန်သို့ လေယာဉ်ဖြင့် ရောက်ရှိလာကြပြီး ထိုင်းနှင့် မြန်မာကြား ကုန်သွယ်ရေးစာချုပ်တစ်ခုကို ချုပ်ဆိုခဲ့ကြသည်။

ထိုစာချုပ်သည် ဒေါ်လာ သန်း ၁၀၀ တန်ဖိုးရှိပြီး မြန်မာပြည်မှ သစ်များကို ထိုင်းစစ်တပ်နှင့်ပတ်သက်နေသည့် ကုမ္ပဏီများက ဈေးနှုန်းချိုချိုဖြင့် ဝယ်ယူမည်ဖြစ်ပြီး..ထိုင်းဘက်မှ လူသုံးကုန်၊အဝတ်အထည်များကို တရားဝင်လမ်းကြောင်းဖြင့် ပြန်လည်တင်ပို့မည်ဖြစ်သည်။

နိုင်ငံတကာရေနံကုမ္ပဏီများကလည်း အလုအယက်တိုးဝှေ့ဝင်လာကြ၏။

သို့သော်.စစ်တပ်မှ ဗိုလ်ချုပ်ကြီးများက သူတို့နှင့် လက်ဝေခံစီးပွားရေးသမားများ၏ အစုရှယ်ယာများဖြင့်သာ နိုင်ငံခြားရေနံကုမ္ပဏီများအား ရင်းနှီးမြုပ်နှံ့ခွင့်ပြုခဲ့သည်။

နောက်ဆုံးတွင် ဒုတိယကမ္ဘာစစ်အတွင်းက ဒေါက်တာဘမော်အစိုးရအား ဂျပန်အစိုးရက လက်ဆောင်ပေးထားခဲ့သည့် မြန်မာသံရုံးပိုင်ပန်းခြံမြေနေရာအား ဒေါ်လာ သန်း(၂၀၀)ဖြင့် ရောင်းချလိုက်သည်။

အာဏာသိမ်းစစ်တပ်သည် တဖက်တွင် နိုင်ငံခြားငွေရရှိရေးကို အသဲအမဲဆောင်ရွက်နေသလို ပြည်တွင်းတွင်လည်း တော်လှန်ရေးသမားများ၊ နိုင်ငံရေးသမားများကို အသည်းအသန်ဖမ်းဆီး၊ သတ်ဖြတ်နေ၏။

တဖက်တွင်လည်း ပြည်သူလူထုကြား လွတ်လပ်စွာရောင်းဝယ်ခွင့်ကို ခွင့်ပြုပေးပြီး.ပွဲလန်းသဘင်များ ကျင်းပကာ အာရုံပြောင်းစေခဲ့သည်။

မွန်းကြပ်လှစွာသော မဆလလူနေမှုစနစ်မှ လေဝင်ပေါက်လေးအနည်းငယ်သာဟ ပေးလိုက်သည့် စစ်အာဏာရှင်၏ ဈေးကွက်စီးပွားရေးစနစ်အကူးအပြောင်းတွင် လူထုမှာ လျင်မြန်စွာ အသားကျသွား၏။

တော်လှန်ရေးအင်အားစုများမှာ လက်နက်ကိုင်များအခြေစိုက်ရာနယ်စပ်သို့လွင့်ထွက်သွားခဲ့ပြီး မြေအောက်လှုပ်ရှားမှုများမှာလည်း တဖြည်းဖြည်းအားနည်းသွားသည်။

စစ်တပ်က ကျင်းပပေးသည့် ပွဲလန်းသဘက်များ၊ ပျော်ပွဲများတွင်လည်း လူအများပျော်ဝင်သွားရင်း ပေါ်ပေါက်လာသည့် စီးပွားရေးစနစ်ထဲတွင် အလုအယက်ဝင်ရောက်ရုန်းကန်ကြပြန်၏။

ဗေဒါက မြို့ထဲတွင်ရှိသော သူ၏ အမအကြီးဆုံးအိမ်သို့ ရောက်သောအခါ ယောက်ဖဖြစ်သူက ထိုအခြေအနေများကို သူ့အား ရှင်းပြသည်။

ထို့နောက် အမကြီးက ဗေဒါ၏ သဘောထားကို မေးမြန်း၏။

ဗေဒါက ဘဏ်မှ အမွေဝေစုကို ထုတ်ကာ တယောက်တည်းသီးသန့်နေထိုင်စားသောက်လိုသည်ဟု ပြန်ဖြေလိုက်သည်။

အမကြီးအိမ်တွင် တပတ်ခန့်နေပြီးသည့်နောက် ကျောက်မြောင်းဘက်တွင် တိုက်ခန်းတစ်ခန်းကို ဗေဒါ ဝယ်ယူလိုက်၏။

ဂျပန်တပတ်ရစ်နစ်ဆန်းကားလေး တစ်စီးကိုလည်း ဝယ်ယူလိုက်သည်။

ကျောက်မြောင်းတွင် ဗေဒါမပျော်။

ထို့ကြောင့် မိုးလင်းသည်နှင့် မြို့ထဲသို့ သူသွားသည်။

သူထောင်မကျခင်က သူငယ်ချင်းအများစုမှာ နိုင်ငံခြားသို့ ထွက်ခွာကုန်ကြသဖြင့် လူမစုံတော့။

ပန်းဆိုးတန်းရှိ “သုံးရာသီ”လက်ဖက်ရည်ဆိုင်တွင် ထိုင်နေမြဲဖြစ်သည့် ဒါရိုက်တာပိုင်သ၊ တေးရေးဆူး တို့အဖွဲ့နှင့် သူအဖွဲ့ကျတော့သည်။

ဗီဒီယိုခေတ်ဉီးကာလဖြစ်သဖြင့် ဗီဒီယိုကားများ ထုတ်လုပ်သည့် ပရိုဂျူဆာလုပ်ရန် ဒါရိုက်တာပိုင်သ က သူ့ကို အကြံပေး၏။

လက်ထဲတွင် အမွေရထားသော ငွေထုပ်ကြီးကို ထိုင်စားနေသည်ထက် အလုပ်တစ်ခု ဗေဒါလုပ်ကြည့်ချင်သည်။

ဒီတော့ ပရိုဂျူဆာမလုပ်ခင် (၃၅)လမ်း ဗီဒီယိုလောကသို့ ဒါရိုက်တာပိုင်သမှတဆင့် သူ စတင်ဝင်ထွက်ခဲ့၏။

အရက်ဝိုင်းများ၊ လက်ဖက်ရည်ဝိုင်းများတွင်လည်း မင်းသား၊ မင်းသမီး၊ ဒါရိုက်တာ၊ဇာတ်ပို့များအကြား ပရိုဂျူဆာအလောင်းအလျာ ဗေဒါကို လူသိများလာကြသည်။

အမွေတွေရထားသော သူဌေးသားလေးအဖြစ် သူကို ပစားပေးကြ၏။

ထိုအခြေအနေကပင်…သိင်္ဂီလင်း နှင့် သူ့ကို ဆုံတွေ့စေခဲ့ခြင်း။

………………………

“အပေါ်အိမ်ကလူကြီး…. ဖဲတွေ စွတ်ပစ်မနေနဲ့..ရှင်က တုတ်ထိမ်းနော်..တဝိုင်းလုံး လျော်နေရမယ်မှတ်”

သိင်္ဂီလင်း ကို သူစတွေ့သည့်က ပိုကာဝိုင်းတွင်ဖြစ်သည်။

ထိုစဉ်က ဘားလမ်းထိပ်ရှိ် ဗိုလ်ချုပ်သားတစ်ဉီးဖွင့်ထားသော “မဟာအနုပညာသုခုမလုပ်ငန်းစု” အခန်း အပေါ်ထပ်တွင်  ရုပ်ရှင်ဗီဒီယိုအသိုင်းအဝိုင်း၏ ပိုကာဝိုင်းက အမြဲလိုလိုပင်။

စစ်ထောက်လှမ်းရေးအများစုအခြေချရာနေရာဖြစ်သဖြင့် တော်ရုံ ရဲက ဝင်မပတ်သတ်ရဲသည့်နေရာ။

နှစ်လှည့်ဆက်တိုက်ဒေါင်းပြီးနောက် သူ့ကို ခပ်ကျောကျော လေးပြောလိုက်သည့် ကောင်မလေးကို ဗေဒါ သတိထားမိသွား၏။

ဆံပင်ကောက်ကောက်၊ ပါးစုံမို့မို့လေးများ။ စီးကရက်ကို မထိတထိခဲထားသည့် အောက်နှုတ်ခမ်းဖူးဖူးအိအိတွဲတွဲလေး။

စကားပြောလျှင် မျက်လုံးဝိုင်းလေးဝင့်ကာ သွက်လက်ချက်ချာသည့် ကောင်မလေး။

ဆယ်ကျော်သက်အရွယ်တွင် ထောင်ကျပြီး မည်သည့်မိန်းမနှင့်မျှ အနီးကပ်မပတ်သက်ဖူးသည့် ဗေဒါမှာ သူ့အောက်အိမ်တွင်ရှိနေသော သိင်္ဂီလင်းအတွက် ဂျိုကာတွေပင် ပစ်ထုတ်ပေးချင်လာ၏။

“တဝိုင်းလုံးလျော်ရလည်း..ဒီလူက ဘာမှုမှာလည်း..မင်းသမီးရ…သူက မွဲချင်လို့ကို  ၃၅ လမ်းထဲ ပရိုဂျူဆာလုပ်မယ်ဆိုပြီး ငွေထုပ်ပိုက်လာတာပါဆိုနေမှပဲ…ဟားဟား”

ဝိုင်းထဲတွင်ရှိနေသော ရှုတင်မန်နေဂျာကိုအေးထွန်း က ဝင်ဖောက်သည်။

“သိပ..သိပ..၃၅ လမ်းရဲ့ နောက်ဆုံးပေါ်သူဌေးလေးကို.ခစ်.ခစ်”

ထိုည ဝိုင်းသိမ်းချိန်က ၁၁ နာရီပင် ကျော်သွားခဲ့သည်။

“ကိုအေးထွန်း…ကျွန်မကို ထိပ်မှာ စိတ်ချရတဲ့ လေးဘီးကား လိုက်ငှားပေးပါဉီး”

သိင်္ဂီလင်း စကားကြောင့် ဗေဒါအံဩသွားရ၏။

ထိုအချိန်က သိင်္ဂီလင်းသည် နိုင်ငံကျော်မင်းသားကြီး ဉီးကျော်ဟိန်း နှင့် ရုပ်ရှင်ကားကြီးတကားရိုက်ပြီး နာမည်တက်ခါစ..မင်းသမီးဖြစ်နေချိန်။

နာမည်ကျော်မင်းသမီးတွင် ကိုယ်ပိုင်ကားပင် မရှိသဖြင့် အံဩရခြင်း။

“ကိုအေးထွန်း..ဒီတယောက်က ဘယ်ပြန်ရမှာလဲ”

ဗေဒါက ကိုအေးထွန်းကိုမေးလိုက်၏။

“ကမ္ဘာအေး”

သိင်္ဂီလင်းက ဝင်ဖြေလိုက်ခြင်းပင်။

“ကျွန်တော်နဲ့နီးတာပဲ..ကျွန်တော့်ကားနဲ့ လိုက်ခဲ့ပါလား”

“ယူက လေးဘီးသမားတွေထက်တော့ စိတ်ချရမှာပါနော်”

သိင်္ဂီလင်း စကာကြောင့် ဗေဒါ ရုတ်တရက်ကြောင်သွားသည်။

“ခစ်..ခစ်..စတာပါ…ယူ နဲ့ လမ်းကြုံတယ်ဆိုတော့လည်း လိုက်မယ်လေ”

“လိုက်သွား မယ်မင်းကြီးမရေ..ဒီမှာ ငါလည်း နင်တို့ စားထားသောက်ထားတာတွေ၊ ဖဲထုတ်တွေသိမ်းပြီး လှည်းကျင်းရဉီးမယ်..မနက်ကျ အခန်းပိုင်ရှင်မင်းသားက လာရင် ကောခံနေရမယ်”

ဗေဒါက သိင်္ဂီလင်းနှင့်အတူ ဘားလမ်းထိပ်တွင်ရပ်ထားသော သူ၏ ကားပေါ်သို့ တက်လိုက်သည်။

ကားကို မောင်းထွက်လိုက်သည်မှာ အတော်ကြာသော်လည်း သူတို့ချင်း စကားမဆိုမိကြ။

သိင်္ဂီလင်းက ဆလင်းဘက်ထဲမှ စီးကရက်ဘူးကိုထုတ်ကာ တစ်လိပ်ကို မီးညိှ့လိုက်၏။

“ဪ..ယူလည်း သောက်တတ်တယ်မဟုတ်လား”

“ဗျာ”

“စီးကရက်သောက်တတ်တယ်မဟုတ်လားလို့..မေးတာ”

“ဟုတ်”

သိင်္ဂီလင်း က ဗေဒါအနားသို့ တိုးကပ်လာ၏။

ထို့နောက် စီးကရက်တစ်လိပ်ကို ဗေဒါ၏ နှုတ်ခမ်းတွင် တေ့ပေးကာ မီးညိှ့ပေးလိုက်သည်။

ချိုမြမွှေးရှသော သင်းပျံ့ပျံ့ကိုယ်ရနံ့တစ်ခုကို ခံစားလိုက်ရသဖြင့် ဗေဒါ့..နှလုံးခုန်သံများ မြန်သွားရ၏။

စီးကရက်မီးညိှပေးပြီးသည်နှင့် သိင်္ဂီလင်းက ကားပြတင်းမှတဆင့် အပြင်ကို ပြန်ငေးလျက်။

ကမ္ဘာအေးဘုရားလမ်းသည် ရှင်းလင်းတိတ်ဆိတ်။ ဆောင်းဝင်စမို့ ကားပြတင်းမှ  တဆင့် တိုးဝင်လာသည့် လေကလည်း အေးစိမ့်စိမ့်။

“ယူက စိုးလွင်လွင် ကြိုက်တာလား”

“ဗျာ”

“ဪ…ဒီမှာ ကားဒတ်ချ်ဘုတ်ပေါ် စိုးလွင်လွင် သီချင်းခွေတွေ့လို့..ယူလည်း စိုးလွင်လွင် သီချင်း ကြိုက်လားလို့ မေးတာ”

“ဟုတ်”

သိင်္ဂီလင်းက ဘာမှဆက်မပြော။ ဗေဒါလည်း ဘာဆက်ပြောရမယ်မှန်းမသိ။

“အရိပ်မြင့် ညတစ္ဆေတွေလား…မပီဝိုးတဝါးနဲ့ပါ..စိတ္တဇည..ညပေါင်းများစွာ…မျက်ရည်စက်တွေ ချွေသွား..ငိုညည်းတဲ့တေးသံ… အဝေးက ကြားနေရသလား…ခိုးယူသွားတဲ့ စိတ်ထား… ပြန်ပြီး ပေးလိုက်ပါ..အတ္တရဲ့ မာနမျက်နှာ”

ဖွင့်ထားသော ကားမှန်ပြတင်းမှ လေးတိုးသံနှင့်အတူ သိင်္ဂီလင်း၏ သီချင်းသံသဲ့သဲ့။

“ဘယ်လိုလဲ..တို့ဆိုတာ ကောင်းရဲ့လား”

“ဗျာ”

“တို့..ခုန စိုးလွင်လွင် သီချင်းဆိုလိုက်တာလေ..ကောင်းရဲ့လားလို့”

“ဟုတ်”

ဗေဒါ၏ အဖြေအဆုံး သိင်္ဂီလင်းက တခစ်ခစ်ရယ်လိုက်ပြန်သည်။

“ယူ့ကို ယူအမေ့က မွေးကတည်းက..ဗျာ နဲ့ ဟုတ်…နှစ်ခွန်းတည်း သင်ထားတာလား..ခစ်..ခစ်”

သိင်္ဂီလင်းစကားကြောင့် ဗေဒါပါ သဘောတကျဖြင့် တဟားဟားအော်ရယ်လိုက်၏။

သူ ဟက်ဟက်ပက်ပက်မရယ်မောမိသည်မှာ ကြာခဲ့ပြီ။

ယခု..ထိုအမျိုးသမီးလေးနှင့်မှပဲ။

ဗေဒါစိတ်ထဲ သိင်္ဂီလင်းနှင့်အတူ ရှိနေရသည်ကို ပျော်နေမိသည်။

“ဆရာကြီး..ကမ္ဘာအေးဘုရားဝန်းရှေ့တည့်တည့်က ဟိုးလမ်းထိပ်ဆို ရပြီနော်…တို့အိမ်က လမ်းထိပ်နားတင်ပဲ”

“ဟုတ်”

“လာပြန်ပြီ..ဒီ..ဟုတ်”

“ဒါဖြင့် ကျွန်တော် ဘယ်လိုပြောရမလဲဗျာ”

“ကဲ..တို့က စတာပါ…ရပ်တော့နော်”

ဗေဒါက ကားကို ရပ်လိုက်၏။

“ကဲ..သွားပြီ..ကိုဗျာဟုတ်ကြီးရေ..စီးယူ”

သိင်္ဂီလင်းက ခပ်မြူးမြူးလေးပြောကာ ကားပေါ်မှ ဆင်းသွားသည်။

သူမလည်း  သူ့လိုပဲ ပျော်နေသည်လား။

အင်း..ပျော်မှာပေါ့…ဒီနေ့ဝိုင်းတွင် သူမက ရှစ်ထောင်ကျော် နိုင်သွားသည်ကိုး။

ဗေဒါက သူမထိုင်သွားခဲ့သည့်နေရာတွင် ကျန်ခဲ့သည့် မီးခြစ်လေးကို ကောက်သိမ်းထားလိုက်၏။

သူမ၏ အရိပ်၊ အရောင်၊ ရနံ့..ပုံရိပ်လေးများ။

ထို့နောက် ကားကို ချက်ချင်းမမောင်းသေးပဲ..သိင်္ဂီလင်းဝင်သွားသည့် အမှောင်ထုထဲသို့ တဖြတ်လှမ်းငေးလိုက်သည်။

နှုတ်မှလည်း သူမဆိုပြသွားခဲ့သည့် စိုးလွင်လွင်၏ မာနမျက်နှာသီချင်းအလိုက်ကို ခပ်တိုးတိုးညည်းလျက်။

ခက်ဇော်

*** အခန်း ၄ ကို သဘက်ခါ ညနေ ၆ နာရီမှာ တင်ဆက်သွားပါမယ် ***