ရေးမြို့နယ် ခမရ ၅၉၁ တပ်ရင်းမှကားကို ရေးဘီလူးအဖွဲ့ တိုက်ခိုက်

0
3206

မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီ ခမရ ၅၉၁ တပ်ရင်းမှ ကျောင်းပို့ပြီး ပြန်လာသည့် စစ်ကားတစ်စီး ဒီဇင်ဘာ ၂၇ ရက်နေ့ နံနက်ပိုင်းအချိန်ခန့်က တိုက်ခိုက်ခံရကြောင်း သိရသည်။

ရေးမြို့နယ် ကျောင်းရွာကျေးရွာထဲ ဝင်လာသည့် ခမရ ၅၉၁ တပ်ရင်းမှ စစ်ကားကို နံနက် ၈ နာရီအချိန်ခန့်က ဝိုင်းဝန်းတိုက်ခိုက်ခဲ့ပြီး ကားပေါ်ပါ စစ်သား ၂ ဦး သေဆုံးသွားသည်ဟုလည်း ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထားသည်။

တိုက်ခိုက်ခံရသည့် စစ်ကား မောင်းပြေးသွားသည့်အတွက် လက်နက်များ မရလိုက်ဟုလည်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ထုတ်ပြန်ပြောဆိုထားသည်။

“ကျောင်းရွာထဲ ဝင်လာတဲ့ ၅၉၁ စစ်ကားကို ရေးဘီလူးအဖွဲ့က ဝိုင်းပစ်ခဲ့တာဖြစ်ပါတယ်၊ တပ်သား ၂ ဦး ကားပေါ်မှာ ကျပါတယ်၊ ကားမရပ်လို့ လက်နက်တွေကိုလုဖို့ အချိန်မရလိုက်ဘူး၊ ကားမောင်းပြေးသွားတယ်” ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ထုတ်ပြန်ပြောဆိုထားသည်။

ဆက်လက်ပြီးလည်း မွန်ပြည်နယ်အတွင်း၌ တိုက်ခိုက်မှုများ ထပ်မံလုပ်ဆောင်သွားမည်ဟုလည်း ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထားသည်။

ရေးဘီလူးအဖွဲ့သည် ပြီးခဲ့သည့် ဒီဇင်ဘာ ၂၀ ရက်နေ့က ရေးမြို့ရှိ စစ်ကောင်စီ တပ်ရင်း ၅၈၆ ကိုလည်းကောင်း၊ ဒီဇင်ဘာလ ၁၆ ရက်နေ့က ရေးမြို့နယ်အခြေစိုက် အမြောက်တပ်ကိုလည်းကောင်း ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီက ရေးဘီလူးအဖွဲ့ကို ဖမ်းဝရမ်းထုတ်ထားပြီး သတင်းပေးသူကို ဆုကြေးငွေပေးမည်ဟု သတင်းထုတ်ပြန်ထားသည်။